ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အပိုင် ချင်းတိုင်းရင်းသား ကျေးရွာများအား ရက္ခိုင့်တပ်တော် ( AA ) က စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူနေသဖြင့် အခြေခံ စစ်သင်တန်း တက်ရောက်နေရကြောင်း ဒေသခံ ချင်းတိုင်းရင်းသားများက ပြောသည်။
စစ်သင်တန်းတက်ရောက်နေရသည့် ချင်းတိုင်းရင်းသား ကျေးရွာများမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အကြား မီးချောင်းထဲတွင် တည်ရှိသည့် ကြက်မအိုင်အုပ်စု၊ ပျဉ်ဝ အုပ်စု၊ ဝက်မ အုပ်စု၊ ဆားဝ အုပ်စု စသည့် ကျေးရွာအုပ်စု ၄ ခုမှ ဖြစ်ပြီး ဇန်နဝါရီလ တတိယအပတ်မှ စတင်ကာ ထိုသို့ စစ်သင်တန်း တက်ရောက်နေရခြင်း ဖြစ်ပြီး သင်တန်းကာလ မည်မျှကြာမြင့်မည်ကိုမူ မသိရှိရကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။
ကြက်မအိုင်ကျေးရွာသားတဦးက “ရပ်ရွာကာကွယ်ရေးအတွက်ဆိုပြီး တရွာကို ၅ ယောက်နှုန်းနဲ့ တက်ခိုင်းတာ။ ရွာမှာလည်း လူတွေက သိပ်မရှိကြဘူးဆိုတော့ တရွာကို ၃ ယောက်နှုန်းနဲ့ တက်မယ် ဆိုပြီး ညှိနှိုင်းကြတာပေါ့။ ရွာမှာလည်း အဲဒီသင်တန်းကို တက်ချင်တဲ့လူက မရှိဘူး ဆိုတော့ မဲစနစ်နဲ့ လုပ်ကြရတယ်။ မဲပေါက်တဲ့ လူက မဖြစ်မနေ သွားတက်ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်သင်တန်းတက်ရောက်ရန် ဆန္ဒမရှိသော်လည်း ၎င်းတို့ နေထိုင်သည့် ဒေသများအား AA က ထိန်းချုပ်ထားသည့်အတွက် ပြန်မပြောရဲသဖြင့် တက်ရောက်နေရခြင်းဖြစ်ပြီး သင်တန်းတက်ရောက်နေကြသည့် ချင်းရွာသားတချို့ မှာလည်း သင်တန်းမှ ထွက်ပြေးမှုများလည်း ရှိနေကြောင်းလည်း ၎င်းက ပြောသည်။
ပျဉ်ဝ ကျေးရွာသားတဦးက “ကျနော်တို့ရွာမှာတော့ ရွာသားတွေ အစည်းအဝေး ထိုင်ပြီးတော့ မဲနှိုက်တယ်။ သင်တန်းတက်ဖို့ မဲကျတဲ့ သူတွေကို ရွာက ကူညီ ပေးမယ်ဆိုပြီး အားလုံးက သဘောတူကြတယ်။ သူတို့သွားဖို့ လမ်းစရိတ်၊ ရွာမှာ ကျန်နေခဲ့တဲ့ သူတို့ မိသားစု စားဖို့ ဆန်၊ နောက်တခါ သူတို့ အတွက် တောင်ယာတွေကိုလည်း ရွာက ဝိုင်းပြီးတော့ ခုတ်ပေးရတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA က ပြည်သူ့စစ်ပုံစံမျိုးဖြင့် စစ်အခြေခံသင်တန်းကို မဖြစ်မနေ တက်ရောက်ရန် ဖိအားပေးသဖြင့် ချင်းလူငယ်များမှာ မိမိတို့ ကျေးရွာများတွင် မနေရဲကြတော့ဘဲ တိမ်းရှောင်နေရကြောင်းလည်း ချင်းပြည်နယ် အခြေစိုက် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြထားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “တနိုင်ငံလုံး တော်လှန်ရေး လုပ်နေတဲ့ ကာလမှာ ကျနော်တို့ က ပြည်သူ့ စစ်သင်တန်းပေးတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ နေရာတိုင်း၊ မြန်မာပြည်အနှံ့ ပေးနေကြတာပဲ၊ ပြည်သူတွေရဲ့ ကိုယ့်ကို ကို ကာကွယ်နိုင်တဲ့ စွမ်းရည်ကို မြင့်တင်ပေးနေတာ ဖြစ်ပါတယ်။ ဒါက ဒေသခံ ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မ မတက် မနေရ တက်ခိုင်းတာမျိုး လုံးဝ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများတွင် ရပ်ရွာကာကွယ်ရေး အတွက်ဟုဆိုကာ ထိုသို့ စစ်သင်တန်း တက်ရောက်ခိုင်းသည့်အပေါ် သင်တန်းတက်ရောက်ရန် ဆန္ဒမရှိသည့် ချင်းကျေးရွာသားများက ဆီမီးမြို့တွင် တပ်စွဲ နေထိုင်သည့် စစ်ကောင်စီဗျူဟာကုန်းသို့ အကြိမ်ကြိမ် သွားရောက် တိုင်ကြားသော်လည်း မည်သည့် တုန့်ပြန်မှုကိုမှ မရရှိခဲ့ကြောင်း ပလက်ဝမြို့နယ်အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့မှ ချင်းတိုင်းရင်းသားတဦးက ပြောသည်။
၎င်းက “ AA က သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရပ်ရွာကာကွယ်ရေးအတွက်ဆိုပြီး ပထမ ဆုံးတော့ သင်တန်းတပတ်လို့ ပြောတယ်။ အခု နောက်ပိုင်းမှာ ၃ လလို့လည်း ကြားတယ်။ ကျနော်တို့ ချင်းလူမျိုးတွေကို အခုလို သင်တန်းပေးတာက နိုင်ငံရေးအရ ဖြစ်စေ၊ အမျိုးသားရေးအရ ဖြစ်စေ ကျနော်တို့က သူတို့ဆီမှာ သင်တန်းတက်ဖို့ ဆန္ဒမရှိဘူး။ ဆမီးမှာ ရှိတဲ့ စစ်တပ်ဗျူဟာကို ဒါကို တားဆီးပေးပါ ဆိုပြီးတော့ ကျနော်တို့ အကြိမ်ကြိမ် တင်ပြတယ်။ အလားကားပဲ။ ဘာမှ လုပ်ပေးတာမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်သည် ကုလားတန်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး စစ်တွေမြို့မှ ရေမိုင် ၉၆မိုင် ကွာဝေးသည်။ ပလက်ဝတွင် ကျေးရွာပေါင်း ၃၈၈ ရွာရှိပြီး လူဦးရေ တစ်သိန်းခန့်ရှိကာ ချင်းလူမျိုးများ အများဆုံးနေထိုင်ကြပြီး ရခိုင်၊ ဗမာ၊ မွန်နှင့် ရှမ်းလူမျိုးများလည်း နေထိုင်ကြသည်။
You may also like these stories:
အာဏာသိမ်း ၂ နှစ်တာ ကာလ ရခိုင့်နိုင်ငံရေး
ပလက်ဝရှိ တဲမဝ တပ်စခန်းကို AA ဝင်တိုက်
ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့
AA က ပလက်ဝကို ရခိုင်နယ်မြေဟု ပြောဆိုနေမှု ချင်းတိုင်းရင်းသားများ ကန့်ကွက်