စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကပေးသော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို နေပြည်တော်တွင် လွန်ခဲ့သောလက လူကိုယ်တိုင် လာရောက်မယူသူများအား စစ်ကောင်စီခန့် ဝန်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများက လိုက်လံပေးပို့နေသည်။
ထိုဘွဲ့ရသူအများစုသည် စစ်ကောင်စီထောက်ခံသူများ ဖြစ်သော်လည်း အချို့သူများမှာ ကွယ်လွန်ပြီးမှ ရသူများဖြစ်သလို အချို့မှာ ထိုဘွဲ့များကို မလိုချင်သူများ ဖြစ်သည်။
ကွယ်လွန်ပြီးမှရပြီး မလိုချင်သူများအတွက် ပတ်သက် လက်ခံရသူများတွင် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သမ္မတဟောင်း ဦးထင်ကျော်လည်း ပါဝင်သည်။ ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်နှင့်မပတ်ဘဲ အရွေးချယ်ခံရသည့် ပထမဆုံးသမ္မတ ဖြစ်ခဲ့သည်။ ကျန်းမာရေးကြောင့်ဟုဆိုကာ ၂၀၁၈ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီအရာရှိများသည် နေပြည်တော်ရှိ သူ၏အိမ်သို့ တံခါးခေါက်ကာ ကွယ်လွန်သူများဖြစ်သော သူ၏ဖခင်နှင့် ယောက္ခမအတွက် ဘွဲ့တံဆိပ်များ သွားပို့သည်။ ဦးထင်ကျော်သည် ဖခင်နှင့် ယောက္ခမကိုယ်စား ဘွဲ့များကို လက်ခံရုံမှအပ အခြားရွေးစရာ မရှိတော့ပေ။
ဦးထင်ကျော်၏ဖခင် ဆရာကြီး မင်းသုဝဏ်သည် မြန်မာတွင် ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည် ကဗျာဆရာနှင့် စာရေးဆရာဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး NLD အဖွဲ့ဝင်ဖြစ်သော ဆရာကြီး မင်းသုဝဏ်သည် NLD က အနိုင်ရသော်လည်း ရလဒ်ကို စစ်တပ်ကလက်မခံသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည်။ သူ၏စာပေများကို စစ်တပ်က ပိတ်ပင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်သည်။
ဦးထင်ကျော်၏ ယောက္ခမ ဦးလွင်သည် ဘဏ္ဍာရေးဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် စစ်အာဏာရှင် နေဝင်းခေတ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအောက်မှ တော်လှန်ရေးကောင်စီအဖွဲ့ဝင် စသည်ဖြင့် အမျိုးမျိုးသော ရာထူးများကို ၁၉၈၀ ပြည့်နှစ်တွင် မနုတ်ထွက်မီအထိ ရခဲ့သည်။ သူသည်လည်း NLD အဖွဲ့ဝင်အဖြစ် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီး မြန်မာစစ်အုပ်စု၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ် ကြမ်းတမ်းသော ကာလအတွင်း ပါတီကို ဦးဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်းဆင်းသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် ဇော်ဟိန်းတို့က ထိုဘွဲ့များကို သွားရောက်ပေးအပ်သည်။ ဦးလွင်၏ သမီးဖြစ်သူ၊ ဦးထင်ကျော်၏ဇနီး NLD လွှတ်တော်အမတ်ဟောင်း ဒေါ်စုစုလွင်က ထိုဘွဲ့များကို လက်ခံခြင်းမရှိကြောင်း စစ်ကောင်စီမီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရအဖွဲ့ဝင် အများအပြားကို လုပ်ကြံဖန်တီးထားသည့် အမှုများဖြင့် ဖမ်းဆီးထောင်ချထားသော်လည်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာ အောင်သူနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဦးသန့်စင်မောင် အပါအဝင် NLD အစိုးရအဖွဲ့ဝင် ၂၄ ဦးကို သီရိပျံချီနှင့် ဝဏ္ဏကျော်ထင် ဘွဲ့များပေးအပ်သည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူးကို ဆက်လက် လက်ခံထားသည့် ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်မှအပ အခြားမည်သည့် NLD အစိုးရအဖွဲ့ဝင်မှ ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်းအောင်လှိုင်က ဘွဲ့များ ပေးအပ်သောအခါ တက်ရောက်ခြင်း မရှိပေ။
ငြင်းပယ်ခြင်း မခံရစေရန်အတွက် စစ်ကောင်စီအရာရှိများသည် ထိုဘွဲ့များကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဟောင်း ဦးအုန်းမောင်၊ စိုက်ပျိုးရေးဝန်ကြီးဟောင်း ဒေါက်တာ အောင်သူနှင့် ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ထံသို့ တအိမ်တက်ဆင်း လိုက်လံပေးပို့သည်။
စစ်ကောင်စီသည် ထင်ရှားသော ကဗျာဆရာကြီးနှင့် NLD ထောက်ခံသူ ကိုလေး (အင်းဝဂုဏ်ရည်) ကိုပင် ချမ်းသာမပေးပေ။ စစ်ကောင်စီခန့်မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမောင်ကိုသည် မန္တလေးဆေးရုံတွင် အသက်ကယ်စက် တပ်ဆင်ထားရသော ထိုကဗျာဆရာကြီးကို ဘွဲ့သွားပေးအပ်သည်။ ဆရာကြီးမှာ မည်သို့မျှ မတတ်နိုင်တော့ပေ။
ထိုသို့သောဘွဲ့များအား လက်ခံသူများအပေါ် လူထုက ဝေဖန်မည်ကို သိသောကြောင့် စစ်ကောင်စီသည် ဘွဲ့လက်မခံလိုသူများအား လိုက်လံဒုက္ခပေးနေကြောင်း ထင်ရှားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
၎င်းတို့ကို ဆန့်ကျင်သူ အချို့သည် ထိုသို့သောဘွဲ့များကို ရသောကြောင့် ဂုဏ်ယူပြီး လူထုထောက်ခံမှုဆုံးရှုံးကာ ၎င်းတို့ဘက် ပြောင်းလာရန်လည်း စစ်ကောင်စီက တချိန်တည်းတွင် မျှော်လင့်နေကြောင်း အထက်ပါ နိုင်ငံရေး လေ့လာသူက ပြောသည်။
အာဏာရှင်ဟောင်း ဦးနေဝင်း၊ ဝန်ကြီးချုပ်ဟောင်းများဖြစ်သော ဦးနု၊ ဦးဗဆွေနှင့် လက်ရှိ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ မူတူးဆေးဖောတို့၏ သမီးများကိုမူ ထိုမျှ ဖြားယောင်းသွေးဆောင်ရန် မလိုပေ။ ထိုအမျိုးသမီးများသည် ဖခင်များကိုယ်စား အခမ်းအနား တက်ရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ ဘွဲ့များကို လက်ခံရယူသည်။
You may also like these stories:
စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ
အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် ဆု ပြန်ပေး
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ