စစ်ကောင်စီက မြေပြင် ဝေဟင်မှ တိုက်နေသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ တော်လှန်ရေး အင်အားစုများက ဒေသတချို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခွန်ကောက်ခြင်း အပါအဝင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း များ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရသည်။
ထိုသို့ အခွန်ကောက်ခံရာတွင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကသာမက ဒေသကာကွယ်ရေး တပ်ဖွဲ့ (LDF)များကပါ အခွန်ကောက်သဖြင့် ပြည်သူများမှာ ၂ ထပ်ကွမ်း ပေးဆောင်ရပြီး ဝန်ပိသကဲ့သို့၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအကြားလည်း အခွန်ကောက်ခံမှု၊ အခွန်ခွဲဝေမှု ကိစ္စရပ်များတွင် အငြင်းပွားမှုနှင့် ရင်ဆိုင်နေရ သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းမှ ပကဖ အဖွဲ့ဝင်တဦးက “အချို့ လက်နက်ကိုင် အင်အားစုတွေက လမ်းမကြီးပေါ်တက်ပြီး ခရီးသွား ပြည်သူတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေဆီမှာ ငွေကြေးကောက်ခံတာ။ ကျနော်တို့ နယ်ထဲမှာ လေး၊ ငါး ခြောက်ဖွဲ့ လောက်က အဆင့်ဆင့် ကောက်ခံတာဆိုတော့ ခရီးသွားပြည်သူတွေအတွက်ရော၊ ဒေသခံတွေအတွက်ရော တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်တယ်” ဟု ဝန်ခံခဲ့သည်။
လုပ်ငန်းရှင်များ၏ အဆိုအရ တခါတရံ အခွန်အတုတ် ၂ ထပ်၊ ၃ ထပ် ပေးဆောင်ရသည့် ပြဿနာများကို ကြုံနေရပြီး ထိုသို့ဖြစ်ရခြင်းမှာ NUG လက်အောက်ခံ ပအဖ၊ ပကဖ(PDF) များ၏ ကောက်ခံမှုနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ (LDF)တို့၏ ကောက်ခံမှုဆိုသည့် မတူညီခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
ကုန်သွယ်ရေး လုပ်ငန်းရှင် တဦးက“ကျနော်တို့ ကုန်သွယ်ရေးပိုင်းမှာက၂ မျိုး ရှိတယ်။ တခုက ၁ နှစ်စာ အခွန်ဆောင် ရတယ်။ ကားအုံနာတွေပေါ့။ ဘီးလှိမ့်ခွန်ပေါ့။ နောက်တခုက အခေါက်တိုင်း ပေးရတယ်။ တဖွဲ့ကို ၂ သိန်း၊ ၃ သိန်း ပေးရတယ်။ တဖွဲ့ထဲကို နှစ်ခါကောက်တာတွေလည်း ရှိတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ အဖွဲ့တိုင်းတော့ မဟုတ် ဘူး။ လမ်းမှာ ကြုံတဲ့အခါ ပေးရတယ်” ဟု ဆိုသည်။
လုပ်ငန်းရှင်များမှာ တော်လှန်ရေးအဖွဲ့များကိုသာမက စစ်တပ်ဂိတ်များက တောင်းသည့် အခါတွင်လည်း ငြင်းဆန်၍ မရကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးကျော်ဇောက ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များက အခွန်ကောက်သည်မှာ ပြည်သူ့အပေါ် သက်ရောက်မှုရှိသည့် ကုန်သွယ်လုပ်ငန်းခွန်ကို လုံးဝကောက်ခံခြင်း မပြုဘဲ ကင်းလွတ်ခွင့် ပြုထား ကြောင်း လုပ်ငန်းရှင်များအပေါ်တွင်သာ စည်းကြပ်ကောက်ခံနေခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက “အခွန်ကောက်တယ်ဆိုတာ လူထုဆီက ကောက်တာ မဟုတ်ပါဘူး။ လူထုကို ပြန်ကူဖို့ ကောက်တာဖြစ်တယ်။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေကနေ အခွန်ကောက်ခံဖို့အတွက် ကျနော်တို့ ဆုံးဖြတ်ပြီးတော့ ကောက်ခံတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းရှိ လမ်းပိုင်းတချို့ တွင် အခွန်ကောက်ခံခြင်းရှိသလို၊ ယင်းနယ်များထဲမှ စီးပွားရေးလုပ်ငန်းရှင်များထံမှလည်း ကောက်ခံနေကြောင်း သိရ သည်။
ဦးကျော်ဇော်က “ကျနော်တို့တွေ ချလံနဲ့ စနစ်တကျ ကောက်ခံတာ ဖြစ်ပါတယ်။ အဲဒီလို စနစ်တကျ ကောက်ခံတာ မရှိ ရင်လည်း ကျနော်တို့အစိုးရအဖွဲ့ကို တိုင်ကြားနိုင်ပါတယ်။ ဒီအခွန်ဟာ တရားဝင်ကောက်ခံတာဖြစ်ပြီး တရားဝင် သုံးစွဲရ မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
NUG အနေဖြင့် အခွန်ဥပဒေပြဋ္ဌာန်းကောက်ခံသည့် ကာလမှာ မကြာမြင့်သေးသည့်အတွက် ၂ နှစ်တာကာလအတွင်း ကျပ်ငွေ ၃ ဘီလီယံခန့် ကောက်ခံနိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
ဒေသခံ ကာကွယ်ရေးအဖွဲ့(LDF)များကမူ NUG ၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် အပြိုင် အခွန် ကောက်ရခြင်းမှာ ၎င်းတို့ ရပ်တည်ရေး ငွေကြေးအထောက်အပံ့ လိုသဖြင့် ဒေသခံများထံမှ အလှူခံခြင်း၊ အခွန်ငွေ ကောက်ခြင်းကို လုပ်ခြင်း ဖြစ်ကြောင်း၊ NUG က ကောက်ခံနေသည့် ငွေကြေးများမှာလည်း ၎င်းတို့ထံသို့ မရောက် ကြောင်း ဆိုသည်။
စစ်ကိုင်း အခြေစိုက် ဒေသခံ ကာကွယ်ရေးအဖွဲ့တခုမှ ပြောရေးဆိုခွင့်ရှိသူက “NUG နဲ့ ပတ်သက်လို့ ဘာမှကို မပြော ချင်တော့ဘူး။ ကျနော်တို့ ပြောခဲ့တာက စကတည်းက ပြောခဲ့တာ။ NUG က ပေးတာဆိုလို့ အခုအချိန်ထိ ဘုရားစူး၊ ကျမ်းစူး ကျည်ဆန် တတောင့် ရောက်မလာဘူး” ဟု ပြောသည်။
တပ်ရင်းစုဖွဲ့မှုများကိုလည်း NUG ထံမှ အသိအမှတ်ပြုမှု မရသလို ထောက်ပံ့မှုလည်း မရှိခြင်း ဖြစ်ကြောင်း ဆိုသည်။

NUG ၏ တရားဝင် မူဝါဒများအရ စုစုပေါင်း အခွန်ကောက်ခံရငွေ၏ ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရ စီမံခန့်ခွဲမှု အောက်တွင်ထားရှိပြီး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)သို့ ၃၀ရာခိုင်နှုန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စီမံ ခန့်ခွဲမှုအောက်တွင် ၄၀ ရာခိုင်နှုန်း ထားရှိမည်ဖြစ်ကြောင်း သိရသည်.
ထိုမူဝါဒအရ NUG အနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် အဖွဲ့များကြားတွင်သာ ခွဲဝေသုံးစွဲနေခြင်းဖြစ်ပြီး၊ ၎င်းတို့ ၏ ဩဇာကို လက်မခံသည့် ဒေသခံကာကွယ်ရေးအဖွဲ့(LDF)များကိုမူ မျှဝေသုံးစွဲခြင်း မရှိကြောင်း တွေ့ရသည်။
ယင်းအပြင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)များက ဒေသခံကာကွယ်ရေး(LDF)များကို လမ်းများတွင် ဂိတ်ဖွင့် အလှူမခံရန်၊ အခွန်မကောက်ရန် တားမြစ်သဖြင့် ယင်းအဖွဲ့များကြား ပဋိပက္ခများ ဖြစ်ခဲ့သည် ကို တွေ့ရသည်။
၂၀၂၂ခု ဩဂုတ် ၃၁ရက်က ဝက်လက်မြို့နယ် အရှေ့ပိုင်းရှိ ဒေသကာကွယ်ရေး ဗိုလ်ကျားကြီးအဖွဲ့၏ ကင်းစခန်းတခုကို ရွှေဘိုခရိုင် PDF တပ်ရင်း ၂ ၏ လက်အောက်ခံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးခံခဲ့ ရမှုအတွက် စုံစမ်းအရေးယူပေးရန် တိုင်ကြားထားခြင်း ဖြစ်သည်။
ရွှေဘိုခရိုင် PDF ဘက်ကမူ ဝက်လက်မြို့နယ်တွင် ကုန်းကြောင်း၊ ရေကြောင်းမှ ဖြတ်သန်းသွားလာနေသည့် ခရီးသွား ယာဉ်များထံမှ အကြမ်းဖက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသဖြင့် ဗိုလ်ကျားကြီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
အလားတူ ဝင်ငွေရှာဖွေမှုကို အကြောင်းပြုကာ စစ်ကိုင်းတိုင်းအတွင်းရှိ တခြားသော LDF, PDF နှင့် ပအဖများကြား ပြဿနာများ၊ ပဋိပက္ခများ ရင်ဆိုင်နေရကြောင်း သိရသည်။
သို့သော် NUG လက်အောက်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပကဖ၊ ပအဖ အပါဝင် ဒေသခံကာကွယ်ရေးအဖွဲ့ အားလုံးသည် မြေပြင်တွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသော တပ်ဖွဲ့များချည်းသာ ဖြစ်ပြီး၊ နေ့စဉ် တိုက် ပွဲ ဆင်နေသည့် အဖွဲ့များ အားလုံး ရန်ပုံငွေလိုအပ်ချက် အမြဲတစေ ရှိနေပြီး တော်လှန်ရေး မပြီးဆုံးမချင်း လိုအပ်နေ သည်မှာလည်း အမှန်ပင်ဖြစ်သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက “ဘယ်သူ့အောက်မှာတို့၊ ဘယ်အဖွဲ့အစည်းအောက်မှာတို့က အဓိက မကျဘူး။ ဘယ်နေရာမှာ တိုက်ပွဲ ဖြစ်နေလဲ။ ဘယ်လောက် ခက်ခဲနေလဲ။ ဘာတွေ အရေးတကြီး လိုအပ်လည်းအပေါ် မူတည်ပြီး ခွဲဝေပေးဖို့ လိုတယ်” ဟု ဆိုသည်။
တော်လှန်ရေး အောင်မြင်ရန် အင်တိုက်အားတိုက် ထည့်ဝင်နေသော အခွန်ငွေများကို သူရသင့်သည်၊ ငါရသင့်သည်ဟု လက်ဝါးကြီးအုပ်ပိုင်ခွင့် မရှိဘဲ တော်လှန်ရေးအတွက် အသက်နှင့်ဘဝ ပေးဆပ်နေသော မည်သည့် အဖွဲ့အစည်းကို မဆို အမျှတဆုံး စနစ်ဖြင့် ခွဲဝေရန် လိုအပ်ကြောင်း၊ အခွန်ရရှိငွေနှင့် ခွဲဝေပေးသည့် လုပ်ထုံးလုပ်နည်းများကို ပွင့်ပွင့် လင်းလင်းချပြ ဆွေးနွေးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
ဆက်လက်၍ “ဘယ်သူက ဘယ်လောက်ရတယ်ဆိုတာ အရေးကို မကြီးဘူး။ ဘယ်သူက ဘယ်လောက် ပြဿနာတွေ ရင်ဆိုင်နေရလဲက အရေးကြီးဆုံးပဲ။ ညီတူညီမျှလည်း မလိုဘူး။ အခု လက်နက်ရိက္ခာ အကျပ်တည်းဆုံး ဘယ်သူ ရင် ဆိုင်နေရလဲပဲ။ သူတို့ဆီကို အရောက်ပို့နိုင်ဖို့ပဲ” ဟုလည်း သုံးသပ် ပြောဆိုသည်။
အဖွဲ့အစည်း အသီးသီးအနေဖြင့် ပြည်သူလူထု မနစ်နာအောင် အငြင်းပွားမှု၊ သဘောကွဲလွဲမှုများကို အဆုံးသတ်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရန် လိုကြောင်း၊ NUG အနေဖြင့် နှစ်ဖက်စလုံး၏ သဘောထားအမြင်၊ စိုးရိမ်မှုများ၊ ပြည်သူ လူထု၏ ခံစားချက်များကို ပိုမိုနားလည် သဘောပေါက်ရန် ကြိုးပမ်းအားထုတ်ပြီး နှစ်ဖက်စလုံး၏ အမြင်များကို လက်ခံကာ ပွင့်လင်းမြင်သာစွာ ဖြေရှင်းနိုင်ရန် လည်း လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။
ထို့အပြင် အခွန် ၂ ထပ်၊ ၃ ထပ်ကောက်ခံခြင်းမှာ ခြိမ်းခြောက် ငွေညှစ်ခံနေရခြင်းနှင့် အလားသဏ္ဍာန်တူသဖြင့် အရပ် သားများ၏ တော်လှန်ရေးအပေါ် ထောက်ခံမှုလည်း ကျဆင်းစေနိုင်သည်ကိုလည်း သတိပြုရန် လိုအပ်ကြောင်း၊ အကယ်၍ အဆိုပါ ကိစ္စအား မဖြေရှင်းနိုင်ပါက အခွန်ကောက်ခံမှုစနစ်နှင့် ပတ်သက်၍ ပကဖ၊ ပအဖ နှင့် LDF များကြား ပဋိပက္ခသည် တော်လှန်ရေးအတွင်း နောက်ထပ် အကွဲကွဲအပြဲများ ဖြစ်ပေါ်လာနိုင်ပြီး စစ်အာဏာရှင်တို့ အပေါ် စည်းလုံးညီညွတ်စွာ တိုက်ခိုက်နေမှုကို ထိခိုက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။
You may also like these stories:
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ
တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်ဖို့ လိုတယ်
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်