သတင်း

ကချင်ခရစ်ယာန်ခေါင်းဆောင်ကို စစ်ကောင်စီ ဖမ်းဆီးမှု အမေရိကန် ရှုတ်ချ

ထင်ရှားသော ကချင်ခရစ်ယာန်ခေါင်းဆောင် သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်အား အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနှင့် အခြားဥပဒေများဖြင့် စွဲချက်တင်ပြီး စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားခြင်းကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချခဲ့သည်။

ကချင်ပြည်နယ်မှ နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်အား ၎င်း၏တရားပွဲများတွင် တပ်မတော်ကို အသရေဖျက်မှုဖြင့် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည်။

သူ့ကို လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခြင်းမခံရမီ ဇန်နဝါရီလတွင် ကနဦး ဖမ်းဆီးခံရစဉ် မတရားအသင်းနှင့် တရားစွဲဆိုခံခဲ့ရသည်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဒေါက်တာဆမ်ဆွန်အား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင်တဦးနှင့် တွေ့ဆုံခဲ့သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှု နှိမ်နင်းရေး ဥပဒေဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။ အင်္ဂါနေ့က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် တရားရုံးထုတ်ကြောင်း သိရသည်။ တရားခွင်အကြောင်း အသေးစိတ် မသိရှိရသေးပေ။

ကြာသပတေးနေ့တွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဒေါက်တာဆမ်ဆွန်ကိုဖမ်းဆီးခြင်းအား ရှုတ်ချခဲ့ပြီး သူပြန်လည်လွတ်မြောက်ရေး စစ်ကောင်စီအပေါ် ဖိအားပေးရန် အမေရိကန်၏မဟာမိတ်များအား တောင်းဆိုခဲ့ကြောင်း သတင်းထောက်များကို ပြောဆိုသည်။

“သူ့ရဲ့ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက် ကျနော်တို့ အလွန်စိုးရိမ်မိပါတယ်၊ ပြီးတော့ စွဲချက်အားလုံးကို ရုတ်သိမ်းပြီး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုရာမှာ ကျနော်တို့နဲ့အတူ ပါဝင်ကြဖို့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဟာမိတ်တွေကို တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘာသာရေးလွတ်လပ်ခွင့်၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် တာဝန်ခံမှုတို့အတွက် နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်၏ “မယုံကြည်နိုင်လောက်သောအလုပ်” သည် ရှုတ်ချစရာမဟုတ်ဘဲ ထောက်ခံဂုဏ်ပြုပြီး ထပ်တူပြုအားပေးသင့်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ဒေသခံလူထုအကြား ဆက်သွယ်မှု အားကောင်းလာစေရေး ကူညီဆောင်ရွက်ပေးသည့် ကချင်ပြည်နယ် ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များပါဝင်သည့် Kachin National Consultative Assembly ဥက္ကဋ္ဌလည်း ဖြစ်သည်။ KIO ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO) သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ကာ စစ်အစိုးရကို တိုက်ပွဲဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များကို လေ့ကျင့်ပေးကာ လက်နက်တပ်ဆင်ပေးနေသည်။

ပြစ်မှုစီရင်ခြင်းခံရပါက တရားမဝင်အသင်းအက်ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည်။ အကြမ်းဖက်မှု စွဲချက်ဖြင့်လည်း ထောင်ဒဏ် ခုနစ်နှစ်လည်း ကျခံရမည်ဖြစ်သည်။

မိသားစုဝင်တွေက သူ့ကို တွေ့ခွင့်မပေးကြောင်း ပြောဆိုကြပြီး ကချင်ဘာသာရေးခေါင်းဆောင်သည် သွေးတိုးနှင့် လည်ချောင်းနာရောဂါအတွက် ဆေးသောက်နေသောကြောင့် ၎င်း၏ ကျန်းမာရေးအတွက်လည်း စိတ်ပူနေကြသည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများအပေါ် စစ်တပ်က ဖိနှိပ်မှုများအကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ပြောကြားခဲ့သော ဒေါက်တာ ဆမ်ဆွန်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရေးယူရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော် အမှုကို ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်အရ ပြန်ရုပ်သိမ်းခဲ့သည်။

You may also like these stories:

ဒေါက်တာ ခလမ်ဆမ်ဆွန် မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲခံရ

KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား ပုဒ်မထပ်တိုး

ဒေါက်တာ ခလမ်ဆမ်ဆွန် အား ဆက်သွယ်ခွင့်မရ၍ မိသားစုများ စိုးရိမ်နေ

စစ်ရှောင်တွေ နေရပ်ပြန်ရေးက ငြိမ်းချမ်းရေး အတွက် လှေကားထစ် တခုပါ

”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”

Loading