အရှေ့တောင်အာရှဒေသအတွင်း တရားမဝင် လူကုန်ကူးမှု၊ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများ၏ ဗဟိုချက်ဖြစ်လာနေသည့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ တရုတ်စီမံကိန်းတခုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ပါဝင်ပတ်သက်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
မြဝတီမြို့တောင်ဘက် KNU တပ်မဟာ(၆) နယ်မြေ၊ မယ်ထော်သလေးကျေးရွာအနီးရှိ မြို့သစ်အမည်ခံ တရုတ်စီမံကိန်းအား KK Park အဖြစ် လူသိများပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဟောင်ကောင်စသည့် နိုင်ငံသားများအား အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများတွင် အတင်းအကြပ်စေခိုင်းမှုနှင့် နှိပ်စက်မှုများ ကျူးလွန်လျှက်ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများက ထုတ်ဖော်ပြောထားကြသည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ကာကွယ်ရေးဌာန၏ ဌာနမှူး ပဒိုစောရော်ဂျာခင် ကိုယ်တိုင်တက်ရောက်ကာ လက်မှတ်ရေးထိုးအုတ်မြစ်ချခဲ့သည့် အဆိုပါ တရုတ်စီမံကိန်းသည် စစ်တပ်အာဏာသိမ်းထားသည့် နှစ်နှစ်အတွင်း တည်ဆောက်အကောင်အထည်ပေါ်လာခဲ့သည်။
ယင်းသို့ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်နေသည်ဟု ယုံကြည်ရသည့် စီမံကိန်းတွင် KNU ခေါင်းဆောင်ပိုင်းမှ ပါဝင်နေသည့်အပေါ် စုံစမ်းအရေးယူရန်နှင့် ကရင်တမျိုးသားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တော်လှန်ရေးအား ကမ္ဘာက အသိအမှတ်ပြုထောက်ခံမှု ရရှိရန် အားထုတ်ကြိုးပမ်းနေရသည့်အချိန်တွင် KNU အဖွဲ့အစည်းတခုလုံး၏ နာမည်နှင့်ဂုဏ်သိက္ခာအား ထိခိုက်ကျဆင်းစေကြောင်း ပြည်ပရောက် ကရင်အဖွဲ့အစည်း ၂၃ ဖွဲ့က ဝေဖန်ထားကြသည်။
၎င်းတို့က “ တရားမဝင် စီမံကိန်းကြီးများကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ ခွင့်ပြုချက်များမရရှိဘဲ ယခုအတိုင်းအတာအထိ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ” ဟု သုံးသပ်ထားကြသည်။
ယင်းအပြင် စီမံကိန်းများသည် နိုင်ငံတကာပြစ်မှုမြောက်သည့် အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှု၊ လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် မူးယစ်းဆေးဝါးလုပ်ငန်းများ ပါဝင်နေပြီး အရေးကြီးသောအချက်တခုမှာ ဒုစရိုက်လုပ်ငန်းတွင် ပါဝင်နေသည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များမှ ငွေကြေးခဝါချရန် ရင်းနှီးမြုပ်နှံနေခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောထားသည်။
ယင်းသို့ တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်စီမံကိန်းများအား အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တစုံတရာဖြေရှင်း ဆောင်ရွက်ခြင်းမရှိဘဲ လျစ်လျူရှုထားသည့်အခြေအနေတွင် KNU ခေါင်းဆောင်အချို့မှ စစ်ကောင်စီနှင့် ဆက်လက် လက်တွဲလုပ် ဆောင်မှုများရှိနေသည့်အတွက်လည်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ တဖွဲ့လုံးအနေဖြင့် မိမိသဘောဆန္ဒဖြင့် နုတ်ထွက်ပေးရန် အထိပင် ပြည်ပရောက်ကရင်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။
ယင်းသို့ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး KNU အနေဖြင့် တုန့်ပြန်ဖြေရှင်းသည့် ကြေညာချက်တစောင်အား ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး KNU အနေဖြင့် တရားမဝင် စီမံကိန်းများနှင့် မည်သို့မျှ ပါဝင်ပတ်သက်မှုမရှိဘဲ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှုများအပါအဝင် အခြားသော ရာဇဝတ်မှုများနှင့် မကင်းသည့် လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းအား လက်မခံကြောင်း ဆိုထားသည်။
“ ကရင့်မြေပေါ်တွင် ရောက်ရှိလာသည့် မည်သည့်လောင်းကစားလုပ်ငန်းများမဆိုသည် ထူးခြားဆိုးဝါးပြင်းထန်သော လူမှုဒုက္ခများကို ဆောင်ကြဉ်းပေးရန်သာရှိပြီး ဒေသတွင်းရာဇဝတ်မှုဖြစ်ပွားမှုနှုန်းကို တိုးတက်စေနိုင်ကြောင်းကို အခိုင်အမာယုံကြည်ပြီး ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားပါသည်” ဟု KNU က ဆိုထားသည်။
စီမံကိန်းအကောင်အထည်ဖော်ရေးတွင် KNU ကာကွယ်ရေးဌာနမှူး ပဒိုစောရော်ဂျာခင် ပါဝင်ပတ်သက်မှုမှာလည်း ဟွမ်ယားလုပ်ငန်းစု (Huanya International Holding Group) တွင်ပါဝင်သည့် Trans-Asia International Holding Group(Thailand) Co,Ltd နှင့် ဒေသခံ မုလအိအလင်းကုမ္ပဏီတို့အကြား လုပ်ငန်းစတင်နိုင်ရေး မြေငှားရမ်းစာချုပ်ရာတွင် ဒေသခံမြေပိုင်ရှင်များကိုယ်စားပြု ပါဝင်တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း KNU က တုန့်ပြန်ထားသည်။
စီမံကိန်းအကောင်အထည်ဖော်ရာတွင် မုလအိအလင်းကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းမှနှုတ်ထွက်ခဲ့ပြီး ၎င်း၏နေရာတွင် အခြား သောဒေသခံကုမ္ပဏီတခုဖြစ်သည့် Trust Star Co,Ltd က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစားထိုးဝင်ရောက်ကာ လုပ်ကိုင်လျက် ရှိနေကြောင်းလည်း KNU က ဆိုထားသည်။
သို့ရာတွင် KNU ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ အဆိုပါ စီမံကိန်းကို ဖျက်သိမ်းမည် သို့မဟုတ် ဆက်လက်ထားရှိမည်ကို ရှင်းလင်းစွာ ပြောဆိုခြင်း မရှိသလို ယင်းစီမံကိန်းအတွက် မြေငှားရမ်းမှုနှင့် အခွန်စည်းကြပ်မှု အသေးစိတ်များကို ထုတ်ပြန်ခြင်း မပြုပါ။
ထိုသို့ KNU မှ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုများရှိနေသည့် KK Park ဟုလူသိများသော ဟွမ်ယားမြို့သစ်စီမံကိန်းအပြင် ကရင်နယ်ခြားစောင့်တပ် (BGF) က ပါဝင်အကောင်အထည်ဖော်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် ဆိုင်ရှီကန်းစက်မှုဇုန်စီမံကိန်း (Saixigang Industrial Zone Project) စီမံကိန်းတခုကိုလည်း ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်ကမ်းဘေးတွင် အကောင်အထည်ဖော်နေသည်။
အဆိုပါ တရုတ်စီမံကိန်းများ၏ နောက်ကွယ်တွင် နိုင်ငံတကာတွင် ပြစ်မှုများကျူးလွန်ထားသည့် တရုတ်ရာဇဝတ်ဂိုဏ်များနှင့် ဆက်နွယ်နေကြောင်းလည်း ဝါရှင်တန်အခြေစိုက် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုက ဖော်ပြထားပြီး လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများနှင့် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျူးလွန်ကြသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေသည်အား ဒေသတွင်းအစိုးရများက အလွန်အမင်း စိုးရိမ်လျက်ရှိနေကြသည်။
You may also like these stories:
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
ရွှေကုက္ကိုလ်နှင့် ပတ်သက်သော လက်ဝှေ့ရုံပိုင်ရှင် တရုတ်တဦးကို ထိုင်းရဲဖမ်း
အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး
အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’
မြန်မာလူကုန်ကူးမှု ကုလသမဂ္ဂ ကြားဝင်ရန် မလေးရှား NGO များ တောင်းဆို