စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ မိရိုးဖလာရက်ကန်းလုပ်ငန်း လုပ်ကိုင်ရာ ရွာကြီးများသို့ စစ်ကောင်စီစစ်ကြောင်း ဝင် ရောက်ကာ ရက်ကန်းရုံကြီးများသာမက တနိုင်တပိုင် စက်ရက်ကန်း၊ လက်ရက်ကန်းရုံများနှင့် နေအိမ်များကိုပါ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရွှေဘိုမြို့နယ်ထဲရှိ ဆိပ်ခွန်၊ ထူးကြီး၊ ချီပါနှင့် ဒီပဲယင်းအစပ်ရှိ မူးမြစ်ကမ်းဘေးရွာများသည် လယ်ယာလုပ်ငန်းခွင်သိမ်း ပါက ရိုးရာ ရက်ကန်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ပြီး အိမ်တိုင်းမှာပင် ရက်ကန်းရုံများ ရှိသည့် အတွက် ယခုလို မီးရှို့ ဖျက်ဆီးခံရမှုကြောင့် ရက်ကန်းရုံပေါင်း ရာနှင့် ချီ၍ ပျက်စီးသွားကြောင်း ဒေသခံ စစ်ရှောင် ကူညီသူများထံက သိရသည်။
ရွှေဘိုမြို့နယ် ဒေသခံတဦးက “ဆိပ်ခွန်တို့ ထူးကြီးတို့က စက်ရက်ကန်းရော၊ လက်ရက်ကန်းရော အများကြီး ဟိုးရှေး ကတည်းက လုပ်ကိုင်နေတဲ့ရွာတွေ ဖြစ် တယ်။ မီးရှို့သွားတာ ပျက်စီးဆုံးရှုံးမှုတွေ တော်တော်များတယ်။ အခုလည်း ပတ်ပတ်လည် စစ်ကြောင်း ထိုးနေတာပဲ။ သူတို့ (စကစ)က စနစ်တွေကို ဖျက်ဆီးပစ်ချင်တဲ့သဘော ရှိတယ်။ ပြည်သူ တွေ ဘက်ပေါင်းစုံက ဒုက္ခများအောင် လုပ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေဘိုမြို့ဘက်မှ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ထူးကြီးရွာကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ပိုင်းက ရက်ကန်းရုံများနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ရက်ကန်းရုံများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်ပြီး စစ်ကိုင်း ဒေသခံ ရက်ကန်းရုံပိုင်ရှင်တဦးက “ကျမတို့ဆို ရက် ကန်းရွာနှစ်ရွာ သုံးရွာလောက်ကို ပေးထားတာ ရှိတယ်။ မီးလောင်လို့ ပါသွားတာ တော်တော်များ ရှိတယ်။ ကုန်ကြမ်း ယူပြီး ကုန်ချော ပြန်သွင်းနေတဲ့ လက်ခွဲယူတဲ့ တပည့်လေးတွေလည်း မီးထဲပါ သွားတာ ရှိတယ်။ အခုဆိုရင် ရက်ကန်း ပြန်လုပ်ဖို့ အရင်းမရှိတော့တဲ့သူတွေလည်း အများကြီး ရှိတယ်။ ဒီလို ရိုးရာအမွေအနှစ်ဖြစ်တဲ့ ရက်ကန်းရုံတွေ ဖျက်ဆီး ခံရတဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်။ အခုဆိုရင် အထည်တွေက တော်တော်ပါးသွားပြီ။ အလုပ်သမားတွေ ရှား သွားပြီ” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် တချို့ ရက်ကန်းလုပ်ကိုင်သည့်သူများကလည်း စစ်ဘေးရှောင်နေရာများမှာပင် ခိုလှုံပြီး လုပ်ကိုင်နေရ သည်များလည်း ရှိသလို အိမ်ငှား၍ မြို့ပေါ်တက် လုပ်နေရသည့်သူများလည်း ရှိကြောင်း၊ သို့သော် အများစုမှာ မီးရှို့ခံရမှု ကြောင့် ပျက်စီး ဆုံးရှုံးပြီး အရင်းအနှီးမရှိသူ များပြားကာ ကျွမ်းကျင်သည့် ရက်ကန်း လုပ်ကိုင်သူတချို့ကလည်း နိုင်ငံ ရပ်ခြားသို့ ထွက်ခွာသွားသဖြင့် ရိုးရာရက်ကန်းလုပ်ငန်းမှာ တိမ်ကောပျောက်ကွယ်မည်ကို စိုးရိမ်ရကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ပြန်မလုပ်ကိုင်နိုင်ရင် ကျမတို့ ရက်ကန်းလုပ်ငန်းက တိမ်ကော ပျောက်ကွယ်သွားနိုင်တာပဲလေ။ ပိုးထည်မှာဆိုလဲ ရှေးခေတ် ဒီဇိုင်းတွေထိ အများကြီးရှိတယ်။ ဒါတွေက ရွာတွေမှာ ခတ်ကြတာ။ ရွာတွေမှာ ချည်ထည် တင်မဟုတ်ဘဲ ပိုးပါ ခတ်တဲ့သူရှိတာ ဆိုတော့ ဆုံးရှုံးနစ်နာမှုတွေက အများကြီးရှိပါတယ်” ဟု ပြောသည်။
ရွှေဘိုနယ်သို့ စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်မှာ နမခတပ် (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) မှ ဖြစ် ပြီး အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ထူးကြီးရွာသည်လည်း အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ချီပါရွာ၊ ထူးကြီးရွာ၊ သံပုရာခြံ၊ တည်ပင်ရွာ၊ ဝါးရုံကန်ရွာ၊ သန်းတောရွာ အစရှိသည့် ရွာများမှာ စစ်ကောင်စီ၏ မကြာခဏ စစ်ကြောင်းထိုး တိုက်ခိုက်မှုခံရသည့် ရွာများ ဖြစ်ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “အခုလို လုပ်တာကတော့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီး တာပဲ။ အခု တရွာလုံးနီးပါး မီးရှို့ဖျက်ဆီးသွားတယ်။ အိမ်ခြေ ၅၀၀ ကျော်လောက် ရှိတယ်။ ဆိပ်ခွန်အုပ်စုထဲက ချီပါ ရွာပေါ့။ ရက်ကန်းစင်တွေရဲ့ ပျက်စီးမှုက အိမ်ခြေပျက်စီးတာနဲ့ အတူတူလောက်ပဲ အနည်းဆုံး ရာကျော်တယ်။ တချို့ အိမ်တွေဆို ရက်ကန်းက နှစ်လုံးလောက်ရှိတယ်။ အခု ဆိပ်ခွန်မှာလည်း ခွေးတွေ တပ်စွဲထားတယ်” ဟု ပြော သည်။
လက်ရှိတွင် ထူးကြီးရွာ၊ တည်ပင်ရွာ၊ ဝါးရုံကန်ရွာ၊ သန်းတောရွာ အစရှိသည့် ရွာများမှ ဒေသခံထောင်ချီလည်း ထွက်ပြေးနေရကြောင်း သိရသည်။
ယခုအချိန်တွင် ပိုးထည်၊ ချည်ထည် ရက်လုပ်ရသည့် အခါ အသုံးပြုသည့် ကုန်ကြမ်းများကို ထိုင်း၊ တရုတ် အစရှိတို့မှ တင်သွင်းရပြီး ကုန်ဈေးနှုန်းမှာလည်း ယခင်က ကုန်ကြမ်းပိုး ၁ ပိဿာ၂ သိန်း ၃ သောင်းကျပ်သာ ရှိသော်လည်း ယခု အချိန်တွင် ၃ သိန်း ၈ သောင်းအထိ မြင့်တက်နေသလို ယခင်က ချည်လွန်တလုံးလျှင် ၈၀၀၀ ကျပ်သာ အများဆုံး ရှိ သော်လည်း ယခု ကျပ် ၁ သောင်းကျော်ထိ ကုန်ကြမ်းများက ဈေးနှုန်း မြင့်နေသည်။
ကုန်ကြမ်းပြတ်၍ ဝယ်မရခြင်း၊ စစ်ဘေးကြောင့် ရက်ကန်းရုံများ မီးထဲပါခြင်း၊ လုပ်သားရှားပါးခြင်းတို့ကြောင့်လည်း စစ်ကိုင်းမြို့ပေါ်မှာပင် ရက်ကန်း ရုံက ယခုအချိန်တွင် လက်ချိုးရေ၍ရသည့် အခြေအနေထိ ဖြစ်လာကြောင်း သိရသည်။
လက်ရက်ကန်းရုံ တခုလျှင် ကျပ် ၁၀ သိန်း ဝန်းကျင်နှင့် စက်ရက်ကန်းရုံ တခုလျှင် ကျပ်သိန်းရာကျော်ထိ ရှိသော ကြောင့် ယခုလိုထွေထွေ ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ အလုပ်အကိုင်ရှားပါးသည့် အချိန်တွင် ရိုးရာ အမွေအနှစ် ရက်ကန်းစင်များကိုပါ ဖျက်ဆီးခြင်းက အမွေအနှစ်တခု တိမ်ကောပျောက်ပျက်သွားစေနိုင်ကြောင်း လုပ်ငန်းရှင်များနှင့် ဒေသခံများ ထံက သိရသည်။
ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသည် စက်ရက်ကန်း၊ လက်ရက်ကန်း လုပ်ငန်းများဖြင့် အလွန်ထင်ရှားသောကျေးရွာ တရွာဖြစ်ပြီး ရက်ကန်းလုပ်ငန်းကို ကျေးရွာ တရွာလျှင် ထုတ်ကုန်တမျိုးဖြင့် (One Village One Product) ယခင် NLD အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့သော ရွာလည်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ မီးရှို့ ဖျက်ဆီးခဲ့သော ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များသာမက ရွှေဘိုမြို့နယ်အတွင်းရှိ နှမစားရစ်၊ ဇီးဖြူကုန်း၊ ထူးကြီး၊ ဝါးရုံကန်ရွာ၊ တည်ပင်၊ ထန်းဇင် အစရှိသည့် ကျေးရွာများမှာလည်း ချည်ထည်၊ ပိုးထည်လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည့် ရွာများ ဖြစ် သည်။
စစ်တပ် အာဏာသိမ်းချိန်မှ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အလယ်ပိုင်းအထိ စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ် အဆောက်အအုံပေါင်း ၄ သောင်း ၃ ထောင်ကျော်ထက်မနည်း မီးရှို့ခံထားရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအင်စတီကျူ (ISP Myanmar) က ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ထားသည်။
You may also like these stories :
စစ်ကောင်စီ မီးရှို့တာ နေအိမ် ၅ သောင်းခွဲကျော် ရှိပြီ
ကောလင်းဒေသခံ ၁၈ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ