ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း
စစ်ကောင်စီအပါအဝင် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်မှုမရှိကြောင်း ရှင်းလင်းနိုင်မှသာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ လက်ရှိခေါင်းဆောင်များကို ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ပါဝင်ခွင့်ပြုသင့်ကြောင်း ကရင်အရပ် ဘက်အဖွဲ့ ၆၈ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက ပြောသည်။
ပုံမှန်အားဖြင့် ၄ နှစ်တကြိမ်ကျင်းပရသည့် ကွန်ဂရက်သည် KNU ဗဟို၏ ခေါင်းဆောင်များကို ပြန်လည် ရွေးကောက် တင်မြောက်မည့်ပွဲလည်း ဖြစ်သည်။ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ကိုဗစ်ကပ်ရောဂါနှင့် မြန်မာနိုင်ငံ အာဏာသိမ်းမှုဖြစ်ပြီးနောက် လုံခြုံရေးအခြေအနေကြောင့် ၂ နှစ်ကြာသည်အထိ ရွှေ့ဆိုင်းထားပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက်မှစကာ အွန်လိုင်းမှတဆင့် ကျင်းပနေခြင်းဖြစ်ပြီး ယင်းကွန်ဂရက်အစည်းအဝေးကို KNU တပ်မဟာ ၅ အခြေစိုက်ရာ မူတြော် (ဖာပွန်) ခရိုင်မှ ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိခေါင်းဆောင်များသာ KNU တွင် ဆက်လက် ဦးဆောင်နေမည်ဆိုပါက KNU ၏ နိုင်ငံရေးပုံရိပ် ဆက်လက်ကျဆင်းနိုင်မှု လူထုယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှု အားနည်းသွားနိုင်သည့် အခြေအနေရှိကြောင်း စောသူးကဘီးက ထောက်ပြသည်။
၎င်းက “နာမည်ထွက်နေတဲ့ခေါင်းဆောင်တွေ သူတို့နာမည်တွေကို အရင်ရှင်းဖို့လိုတယ်ပေါ့။ ရှင်းရှင်းလင်းလင်းမရှိဘဲ အရွေးခံမယ်။ ခေါင်းဆောင်ကြီးနေရာမှာ ယူမယ်ဆိုရင်တော့ KNU အဖွဲ့အစည်းမှာရှိနေတဲ့ အခြားခေါင်းဆောင် တွေရော၊ ပြည်သူလူထုကရော၊ တော်လှန်ရေးအတွက်ကတော့ အထင်မြင်လွဲခံရတာတွေ ဆက်ပြီးတော့မှ ရှိလာမယ်။ ခုဏပြောနေတဲ့ သံသယမျက်လုံးတွေနဲ့ ကြည့်ခံရမယ်။ နွေဦးတော်လှန်ရေးအတွက်လည်း စိန်ခေါ်မှုတွေ၊ ထိရောက်တဲ့ တော်လှန်မှုတွေ လုပ်နိုင်မယ်လို့ မမြင်ဘူး” ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်တွင် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီတရပ်လုံး နှုတ်ထွက်ပေးရန် ပြည်တွင်းပြည်ပ အခြေစိုက် ကရင်အရပ်ဘက်အဖွဲ့ ၆၈ ဖွဲ့က အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ကာ ကြေညာခဲ့ရာ ယင်းကြေညာချက် အပေါ် လူအများက အထူးစိတ်ဝင်စားခဲ့ကြသည်။
ယင်းကြေညာချက်တွင် KNU လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက စစ်ကောင်စီ ဥက္ကဌပေးသည့် ဘွဲ့ယူသည့် ကိစ္စအပါအဝင် KNU ကာကွယ်ရေးဌာနအကြီးအကဲ ပဒိုစောရော်ဂျာခင်က တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်သည့် ဟွမ်ယာတရုတ်မြို့သစ်စီမံကိန်း ခွင့်ပြုခဲ့မှုတို့ကို ရေးသား ထောက်ပြထားသည်။

ကရင်အရပ်ဘက်အဖွဲ့ ၆၈ ဖွဲ့၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ KNU ဗဟိုက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာချက် ၂ စောင်ထုတ်ပြန်ခဲ့ပြီး တစောင်မှာ တရုတ်မြို့သစ်စီမံကိန်းနှင့် KNU မပတ်သက်ကြောင်း ရှင်းလင်းသည့်စာ ဖြစ်သည်။ ဒုတိယတစောင်မှာ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး လက်မှတ်ထိုးထားပြီး ကရင်အရပ်ဘက် အဖွဲ့များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးလိုကြောင်း ဖော်ပြသည့်စာဖြစ်သည်။
ကရင်အရပ်ဘက်အဖွဲ့ ၆၈ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက KNU ဗဟို၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း KNU ခေါင်းဆောင်များအနေနှင့် ၎င်းတို့၏ နာမည်ပျက်အား မရှင်းလင်းနိုင်မချင်း ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပေးသင့်ကြောင်း ဆိုသည်။
ထို့ပြင် ကရင်အရပ်ဘက်အဖွဲ့များနှင့် KNU အကြားတွေ့ဆုံဆွေးနွေးဖြစ်ပါက KNU ခေါင်းဆောင်များအကြောင်း သတင်းမီဒီယာများတွင် နာမည်ထွက်နေသည့် ကိစ္စများအား ကော်မတီတရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးနိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “သူတို့တုံ့ပြန်မှုကို အခြေခံပြီးတော့မှ သူတို့ရေးထားတာကို လေ့လာကြည့်တော့ သူတို့က ရာဇဝတ်မှုတွေ၊ လောင်းကစားဝိုင်းတွေက KNU နယ်မြေထဲမှာ ရှိနေတယ်။ ဒါကို ပပျောက်အောင် လုပ်ရမယ် ဆိုတဲ့ ရေးသားမှုတွေက ပေါ်လွင်နေတယ်။ ကျနော်တို့ သူတို့နဲ့တွေ့ရင်တော့ အထူးသဖြင့် နာမည်ပျက်စေတဲ့ကိစ္စတွေမှာ KNU ကမပါဖို့၊ သူတို့ခေါင်းဆောင်တွေအနေနဲ့ ဒီဟာတွေနဲ့ ဆက်စပ်မှုမရှိဖို့ KNU က စုံစမ်းစစ်ဆေးရေးကော်မတီ သေချာဖွဲ့ပြီးတော့မှ ဒါကို သူတို့သေချာစုံစမ်းစစ်ဆေးဖို့ လိုတယ်ပေါ့။ တွေ့ဆုံဆွေးနွေးရေးမှာလည်း အဲဒီကိစ္စကို အဓိက ဆွေးနွေးဖြစ်မယ်လို့ လောလောဆယ် စဉ်းစားထားပါတယ်” ဟု မှတ်ချက်ပေးသည်။
KNU ဥက္ကဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးသည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ကိုယ်တိုင်သွားယူခြင်း မရှိသော်လည်း ၎င်း၏ သမီးဖြစ်သူ နော်ဆာအယ်စေးဖိုးက ယင်းဆုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းတွင် နေပြည်တော်၌ သွားယူခဲ့သည်။
နော်ဆာအယ်စေးဖိုးသည် မဲဆောက်မြို့ရှိ ကရင်စစ်ဘေးရှောင်များအား ပညာသင်ပေးနေသည့် ဆာသူးလေကျောင်း၏ ကျောင်းအုပ်ဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်သဖြင့် စစ်ကောင်စီထံ ဆုသွားယူခဲ့သည့်အပေါ် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် KNU အဆင့်မြင့်ခေါင်းဆောင်တဦးက စစ်ကောင်စီပေးသည့်ဆုကို KNU ဥက္ကဌက တိုက်ရိုက် လက်ခံခဲ့ခြင်း မဟုတ်သဖြင့် KNU ဥက္ကဌတွင် အမှားမရှိကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ အဖိုးမူတူးစေးဖိုးက KNU ရဲ့ လက်ရှိဥက္ကဌဆိုတာ မှန်တယ်။ ဒါက ငြင်းမရဘူး။ ဒါပေမယ့် အဖိုးမူတူးစေးဖိုးမှာ သူမွေးထားတဲ့ သားသမီး ၅ ယောက်ရှိတယ်။ ၅ ယောက်ဟာ တယောက်မှ KNU အမှုထမ်းမဟုတ်ဘူး။ ကလေးတွေဟာ ၁၈ နှစ်ကျော်ရင် သူတို့တွေ မိဘရဲ့ အရိပ်ကနေ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ပြောခွင့်မရှိဘူး။ KNU ရဲ့ ဆွေစဉ်မျိုးဆက်အားလုံးဟာ KNU ရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်လို့ သတ်မှတ်တာက မှားတယ်လို့ ကျနော်မြင်ပါတယ်။ တကယ်လို့ အဖိုးမူတူးကသော်လည်းကောင်း သွားယူပြီး လက်ခံတယ်ဆိုရင် ဒါက အဖွဲ့အစည်းမသိဘဲ သွားတဲ့အတွက် Foul ဖြစ်တာပေါ့” ဟု ဆိုသည်။

KK Park ဟု လူသိများသည့် ဟွမ်ယာ တရုတ်မြို့သစ်စီမံကိန်း ကိစ္စနှင့်ပတ်သက်၍မူ KNU အနေဖြင့် တရားမဝင် စီမံကိန်းများနှင့် မည်သို့မျှ ပါဝင်ပတ်သက်မှုမရှိဘဲ တရားမဝင်လောင်းကစားလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုများ အပါအဝင် အခြားသော ရာဇဝတ်မှုများနှင့် မကင်းသည့် လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း KNU ဗဟိုက တုံ့ပြန်သည်။
ကရင့်မြေပေါ်တွင် ရောက်ရှိလာသည့် မည်သည့်လောင်းကစားလုပ်ငန်းမဆို ထူးခြား ဆိုးဝါးပြင်းထန်သော လူမှုဒုက္ခများကို ဆောင်ကြဉ်းပေးရန်သာရှိပြီး ဒေသတွင်း ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းကို တိုးတက်စေနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ၊ ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားကြောင်း KNU က ကြေညာသည်။
စီမံကိန်းအကောင်အထည်ဖော်ရေးတွင် KNU ကာကွယ်ရေးဌာနအကြီးအကဲ ပဒိုစောရော်ဂျာခင် ပါဝင် ပတ်သက်မှုမှာလည်း ဟွမ်ယာလုပ်ငန်းစုတွင် ပါဝင်သည့် Trans-Asia International Holding Group(Thailand) Co,Ltd နှင့် ဒေသခံ မုလအိအလင်းကုမ္ပဏီတို့အကြား လုပ်ငန်းစတင်နိုင်ရေး မြေငှားရမ်းစာချုပ် ချုပ်ဆိုရာတွင် ဒေသခံမြေပိုင်ရှင်များကိုယ်စား ပါဝင် တက်ရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း KNUက တုန့်ပြန်ထားသည်။

မုလအိအလင်းသည် KNU ၏ ကုမ္ပဏီတခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကုမ္ပဏီမှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
စီမံကိန်းအကောင်အထည်ဖော်ရာတွင် မုလအိအလင်းကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းမှနှုတ်ထွက်ခဲ့ပြီး ၎င်း၏နေရာတွင် အခြားသောဒေသခံကုမ္ပဏီတခုဖြစ်သည့် Trust Star Co,Ltd က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစားထိုးဝင်ရောက်ကာ လုပ်ကိုင်လျက် ရှိနေကြောင်းလည်း KNU က ဆိုထားသည်။
တနည်းအားဖြင့် KNU နှင့် တရုတ်မြို့သစ်စီမံကိန်း မပတ်သက်ကြောင်း ရှင်းလင်းခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ တွင် စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် KNU တပ်မဟာ ၄ တို့ သည် ထီးခီးဒေသရှိ ဂရမ်းထီးခီးတောင်ကြားအပန်းဖြေစခန်းနှင့် ရှန်ဂရီလာပျော်ပွဲစားရုံကို အကျိုးတူ ပူးပေါင်း ပိုင်ဆိုင်ကြောင်း တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနက စုံစမ်းရေးသားထားသော်လည်း အဆိုပါကိစ္စကို ကရင်အရပ်ဘက်အဖွဲ့များနှင့် KNU ဗဟိုက ၎င်းတို့ကြေညာချက်တွင် ထည့်သွင်းရေးသားထားခြင်း မရှိပေ။
စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာဝန်ကြီမှာ စောမာတင်လူသာဆိုသူဖြစ်ပြီး လက်ရှိ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် တူတော်စပ်သူဟုလည်း Dawei Watch ၏ ရေးသားချက်အရ သိရသည်။

အမည်မဖော်လိုသည့် KNU အဆင့်မြင့်ခေါင်းဆောင်တဦးက “ ပဒိုစောရော်ဂျာခင် သွားတာက တိုက်ဆိုင်မှုတခုပေါ့။ သူက ရေစက်ချအခမ်းအနားတခုလုပ်မယ်။ ကုမ္ပဏီက အုတ်မြစ်ချမယ်ဆိုပြီးဖိတ်တာ။ သူကလည်း နမော်နမဲ့နဲ့ပဲ သွားလိုက်တာ ။ ဒါပေမယ့် ကျောနောက်က ဆိုင်းဘုတ်က KNU နဲ့ အကျိုးတူ လုပ်ငန်း ပုံစံမျိုး ရေးထားတယ်။ အခမ်းအနားမှာလည်း လူတွေက ဖုန်းနဲ့ ကင်မရာနဲ့ဆိုတော့ ဆိုင်းဘုတ်က ပါလာတာပေါ့။ ဒီကိစ္စကို သူ (ပဒိုစောရော်ဂျာခင်) က ခရိုင် ၇ ခုလုံးနဲ့ တပ်မဟာ ၇ ခုလုံးကို ရှင်းပြထားပြီး ဖြစ်ပါတယ်” ဟုဆိုသည်။
KNU ခေါင်းဆောင်များ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများနှင့် ပတ်သက်၍လည်း ၎င်းက “သူတို့က အဝေးကနေ KNU ထဲမှာ ပါဝင်ပတ်သက်ချင်တာပေါ့။ ဒါပေမယ့် သူတို့မှာ အဲဒီလို တောင်းဆိုပိုင်ခွင့် မရှိဘူးလေ။ သူတို့က လက်ရှိ KNU ခရိုင် ၇ ခု၊ တပ်မဟာ ၇ ခုထဲက တခုခုက ဖြစ်တယ်ဆိုရင် ဒီမေးခွန်းတွေကို ဗဟိုဌာနချုပ်ကို မေးနိုင်တယ်ပေါ့။ အဲဒီအခါမှာ ဗဟိုက ဖြေတာကို သူတို့နားထောင်ဖို့လိုတယ်။ အခုလမ်းပေါ်က လူတယောက်က နောက်လူတယောက်နဲ့ စကားပြောချင်တယ်ဆိုတာ ကိုယ့်အဆင့်နဲ့ တဖက်အဆင့်က လူကို ပြန်ကြည့်ရဦးမယ်လေ” ဟု ဆိုသည်။
KNU ဘက်က ကရင်အရပ်ဘက်အဖွဲ့များအား KNU ၏ အင်အားများအဖြစ် သဘောထားကာ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ လိုအပ်ပါက တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ကြေညာထားသော်လည်း လတ်တလောတွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်မှု ရှိမရှိဆိုသည်မှာ မသေချာသေးဘဲ ဖြစ်နေသည်။
You may also like these stories:
နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ