သတင်း

အွန်လိုင်းမှ ပတ်စ်ပို့လျှောက်ရာတွင် အခက်အခဲများစွာ ကြုံနေရ

အွန်လိုင်းစနစ်သစ် (Online Appointment System)ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ရန် ရက်ချိန်းယူခြင်းကို ဖေဖေါ်ဝါရီ ၂၄ရက်က ရန်ကုန်မြို့ရှိ ပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ခွင့်ပြုခဲ့သော်လည်း လျှောက်ထားသူများမှာ အခက် အခဲများ ကြုံနေရကြောင်း သိရသည်။

ထိုသို့ အွန်လိုင်းမှ လျှောက်ထားရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် အချိန် အတော်ကြာခြင်း၊ ဖောင်ဖြည့် ငွေပေးချေပြီးသော်လည်း ရရှိမည့် ရက်ချိန်းအတွက် နေ့ရက်အချိန်ကို လျှောက် ထားသူထံ အကြောင်းပြန်ကြားမှု လက်ခံမရရှိခြင်း၊ အုပ်စုလိုက်လျှောက်သူများ အကုန်မရဘဲကျန်ခဲ့ခြင်း စသည့် အဆင်မပြေမှုများ ရှိနေကြောင်း လျှောက်ထားသူများကဆိုသည်။

အွန်လိုင်းဖြင့် ပတ်စ်ပို့လျှောက်ထားသူ တဦးက “အဓိက Link ထဲ ဝင်ရတာ ခက်ခဲတာပေါ့။ Submit (အတည်ပြု) လုပ်ခါနီး ကျသွားတာမျိုး၊ ကျသွားပြီး ပြန်ဝင်မရတော့တာမျိုး၊ QR Code ရဖို့ ကြာနေတာမျိုးတွေ ဖြစ်တယ်။ ဒါမျိုးဆို တနေကုန် ထိုင်စောင့်နေရတာမျိုးပါ။ လုပ်ငန်းစဉ် တခုပြီးတိုင်း ဘာဆက်လုပ်ရမယ်ဆိုတာကို သေချာမပြောပြထား တာကလည်း အခက်အခဲတခုပါ” ဟု ပြောသည်။

Online Appointment System စနစ်အား ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် အကောင်အထည်ဖော်သော်လည်း ဖွင့်ပြီး တရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရက်ချိန်းအသစ်လျှောက်ထားမှုကို ပိတ်ထားခဲ့ပြီး ၂၆ ရက်တွင်မှ ပြန်ဖွင့်ခဲ့ သလို ငွေပေးချေစနစ်အား ပြန်လည်ပြင်ဆင်မှု လုပ်နေသည့် အတွက် ရက်ချိန်းအသစ်ရယူခြင်း ပြုလုပ်နိုင်မည် မဟုတ် သေးကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ လျှောက်ထားမှုအား မကြာခဏ ပြန်ပိတ်မှုများကြောင့် စိုးရိမ်စိတ်ဖြင့် အလုအယက် လျှောက်ထားနေရသည့် အပြင် အခက်အခဲများ ကျော်ဖြတ်ပြီး၍ ရက်ချိန်းရပြီးသူများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် ရန်ကုန် တိုင်း၊ ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး၌ လူဦးရေများလွန်းသဖြင့် ညဉ့်နက်ချိန်ထိ စောင့်ဆိုင်းမှုများ ပြုလုပ်နေရသည့်ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာထက် ပျံ့နှံ့ခဲ့သည်။

ပတ်စ်ပို့လျှောက်ထားသည့် ကိုယ်တွေ့ကြုံခဲ့သူတဦးက “ည ၁၀ နာရီလောက်ထိ ပတ်စ်ပို့ရုံးထဲမှာ ကလေးနဲ့ သားအမိ နှစ်ယောက် တန်းစီနေရသေးတယ်။ ကလေးက ၁ နှစ်ကျော်၊ ၂ နှစ်ပဲ ရှိသေးတယ်။ ကလေးပါရင် အရင်က အခွင့်ပေး တယ်။ အခုကတော့ ကလေးပါတာတောင် မိုးချုပ်တဲ့ထိစောင့်နေရတယ်။ နိုင်ငံခြားသွားဖို့ အစီအစဉ်တော့ မဟုတ်ဘူး။ ကြိုတင် ပြင်ဆင်ထားတာပေါ့။ ဟိုနေရာသွား၊ ဒီနေရာသွား အဆင်သင့်ရှိနေအောင် ပြင်ဆင်ထားတဲ့ သဘောပေါ့” ဟု ပြောသည်။

ထိုသို့ ပတ်စ်ပို့လျှောက်ထားမှု အခက်အခဲများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပတ်စ်ပို့လျှောက်ရာတွင် လက်ခံရရှိခဲ့သည့် တိုင်တန်းမှုများကို ဖြေရှင်းပြီးဖြစ်၍ တရက်လျှင် ၂၅၀၀ နှုန်းဖြင့် ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း မီဒီယာတချို့တွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၄ ရက်တွင် လျှောက်ထားသူ ၈,၀၄၉ ဦး၊ ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်ထိ ၄၄,၈၀၁ ဦး၊ စုစုပေါင်း ၅၂,၈၅၀ ဦး ရှိပြီး ရက်ချိန်းများကိုလည်း မတ် ၂၈ ရက် ထိ ခွင့်ပြုပေးပြီး ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၂၀၂၂ မတ်လ ၂၃ ရက်တွင် ပတ်စ်ပို့လျှောက်ထားမှုအား အွန်လိုင်းမှ QR Code ရယူသည့်စနစ်ကို စတင် အသုံးပြုခဲ့ခြင်းဖြစ်ကာ ထိုအချိန်ကလည်း QR Code ယူလိုသူများပြီး ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် မလွယ်ကူသဖြင့် ရယူလိုသည့် ရက်ချိန်းအလိုက် ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းထိ ပွဲစားများကို ပေးကာ ပြုလုပ်ခဲ့ရသည်။

ထို့နောက် ၂၀၂၂ ဒီဇင်ဘာလတွင် မြန်မာတနိုင်ငံလုံးရှိ ပတ်စ်ပို့ရုံးများ ပိတ်လိုက်ပြီး ရန်ကုန်မြို့ရှိ ပတ်စ်ပို့လျှောက်ထား ရန်အတွက် အသုံးပြုလျက်ရှိသော အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရသည့်စနစ်ကိုလည်း ရပ်ဆိုင်းခဲ့ရာ ပြည်ပထွက်ခွာ အလုပ်လုပ်မည့်သူများအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

ထိုရပ်ဆိုင်းကာလတွင် ဗုဒ္ဓဂါယာဘုရားဖူးများအတွက်သာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကြောင့် ပြည်ပထွက်မည့် သူများ၊ ပတ်စ်ပို့လုပ်ချင်သူများ အနေဖြင့် မဖြစ်မနေ ဗုဒ္ဓဂါယာခရီးစဉ် သွားရောက်ပြီးမှသာ တခြား မိမိတို့ သွားလို သည့်နိုင်ငံသို့ သွားရောက်နိုင်မည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့သေးသည်။

ယခု ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး စစ်ကောင်စီက အွန်လိုင်းစနစ်သစ်ဖြင့် (Online Appointment System) ပြန်လည် ဖွင့်လှစ်ပေးခဲ့သည့် ပတ်စ်ပို့လျှောက်ထားမှုတွင်လည်း အခက်အခဲများစွာ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်သလို ယခင် စနစ်ဖြင့် QR Code ရယူထားပြီး သူများမှာလည်း အကျုံးမဝင်တော့ဘဲ အသစ်ပြန်လည် လျှောက်ထားမှုများ ပြုလုပ်ရ ကြောင်း သိရသည်။

လက်ရှိ စနစ်သစ်သည် ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တခုတည်းအတွက်သာ ပြုလုပ်ပေးခြင်း ဖြစ်ပြီး နိုင်ငံကူးလက်မှတ် အမျိုးအစားအလိုက် ကျသင့်ငွေများကို ဘဏ်နှင့်ချိတ်ဆက်၍ တခါတည်း ပေးသွင်းရသည့် စနစ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းလာမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှု စသည်ဖြင့် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ ရန် ကြိုးပမ်းသူများ ပိုမိုများပြားလာခဲ့ပြီး တရားဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်းများဖြင့်ပါ နေ့စဉ် နီးပါး တိုင်းပြည်မှ ထွက်ခွာလျက် ရှိသည်။

ပြည်တွင်းရှိ အလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “မြန်မာပြည်ရဲ့ အခြေအနေမှာ လူငယ်အများစုကတော့ ထွက်မှာပဲ။ မဖြစ်မနေ ထွက်ကြမယ့်လူတွေ များတယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင်က ရှားတော့။ ဒီလိုများတဲ့ အခြေအနေမှာ တရားဝင်လမ်းကြောင်းကို ပိတ်ပင်ထားမယ်ဆိုရင်၊ ခက်ခဲအောင်လုပ်ထားမယ်ဆိုရင် တရားမဝင်လမ်း ကြောင်းက ပြေးကြမှာပဲ။ တရားဝင်လမ်းကြောင်းကို ပြေလည်အောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ” ဟု ပြောသည်။

အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်တဦးကလည်း “နှေးကွေးအောင်၊ ကျပ်တည်းအောင် လုပ်ထားတာတွေက တရားမဝင်လမ်းကြောင်းကို အားပေးသလို ဖြစ်သွားလိမ့်မယ်။ အောက်လမ်းတွေကို အားပေးတာရဲ့ နောက်ကွယ်မှာ လည်း သူတို့ အကျိုးစီးပွား ကြီးကြီးမားမားတွေ ရှိနေတယ်။ ထိုင်းဆိုရင်လည်း အောက်လမ်းကနေသွားရင် CI လုပ်ပေး တယ်။ CI ကလည်း စစ်တပ်နဲ့ ပတ်သက်တာတွေပဲ။ ဒါကြောင့် အောက်လမ်းကို အားပေးထားတယ်လို့ မြင်တယ်” ဟု မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော အထောက်အထားမဲ့ မြန်မာများအား နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးခွင့်လုပ်ငန်းကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေးမျိုးတော်စပ်သည့် ကုမ္ပဏီက ရရှိထားသည်။
ထိုလုပ်ငန်းအတွက် တင်ဒါ ရရှိသွားသော United K.M.K ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကျော်မှာ ဗိုလ် သင်တန်း အပတ်စဉ် ၇၁ (OTS-71 ) ဆင်း တပ်မတော်အရာရှိဟောင်းတဦး ဖြစ်သလို ၎င်း၏ ဇနီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေးမျိုတော်စပ်သူများ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ပတ်စ်ပို့တွေ ပိတ်တဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိနေလား

CDM နှင့် ပတ်စ်ပို့ ဖျက်သိမ်းခံရသူများကို ပစ်မှတ်ထားစောင့်ကြည့်ရန် စစ်ကောင်စီ ညွှန်ကြား

Mobile Team ဖြင့် ပတ်စပို့စ်သက်တမ်းတိုးမည့်အစီအစဉ် အဆင်မပြေနိုင် ဟုဆို

ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှု ထိုင်း ရောက် မြန်မာများ စိုးရိမ်နေ

Loading