သတင်း

AA နှင့် ဆက်နွယ်သည့် ဗဟိုကော်မတီဝင်များ နုတ်ထွက်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆုံးဖြတ်

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA / AA) နှင့် ပတ်သက်ဆက်နွယ်သော ဗဟိုကော်မတီဝင်များ ပါတီမှ တရားဝင်နုတ်ထွက် ပေးကြရန် ပါတီတွင်း အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြော သည်။

ယခု ရက်ပိုင်းအတွင်း အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ULA/ AA နှင့် ပတ်သက်ဆက်နွယ်သည့် ဗဟိုကော်မတီဝင်များ မိမိတို့ ယုံကြည်ရာလမ်း လျောက်လှမ်းနိုင်ကြရန်နှင့် ပါတီမှ တရားဝင် နုတ်ထွက်ကြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးမောင်က “ရခိုင်ဒေသမှာ စစ်ရေးပဋိပက္ခလည်း ရှိနေတယ်။ ငြိမ်းချမ်းရေးလည်း ရှိတယ်။ ပါတီတွေက ဒီကာလ နှစ်ဖက်ကြားမှာ နေကြရတာ။ ဒီအကျပ်တည်းကို ဘယ်လို ကျော်ဖြတ်ကြမလဲဆိုပြီး CEC အစည်းအဝေးမှာ အားလုံး တိုင်ပင်ကြတာ ရှိပါတယ်။ တချို့ကလည်း ULA/ AA နဲ့ အဆက်အသွယ် ရှိနိုင်တယ်။

အဲဒီမှာ လုပ်လိုတဲ့ ဆန္ဒရှိသူ လည်း ရှိမှာပေါ့။ အဲဒီအတွက် ကိုယ့်ဆန္ဒအတိုင်း ပြတ်ပြတ်သားသား လုပ်ကြပါဆိုပြီး ပါတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ ပါတီက ဆုံးဖြတ်ခဲ့ပြီးနောက် AFP ပါတီ ဗဟိုကော်မတီအဆင့် (CEC) ပုဂ္ဂိုလ်တချိုု့ အကြောင်းပြချက် တစုံတရာ ဖော်ပြခြင်း မရှိဘဲ ပါတီမှ တရားဝင် နုတ်ထွက်ခွင့် တင်ပြမှုများ ရှိကြောင်း သိရသည်။

“နုတ်ထွက်ဖို့ သဘောထားပေးတာက CEC တချို့ပါ။ အများကြီး မဟုတ်ပါဘူး။ နုတ်ထွက်တယ်ဆိုပြီးတော့ တရားဝင် တင်ပြလာတာ ရှိတယ်။ ဘာကြောင့် နုတ်ထွက်တယ်ဆိုတဲ့ အကြောင်းအရာတော့ မပါဘူး။ ကျနော်တို့လည်း နိုင်ငံရေး ပါတီတွေဆိုတာ ဥပဒေအရ သွားနေရတာ ဖြစ်တဲ့အတွက် ဒီလိုရှုပ်ထွေးတဲ့ကာလမှာ ကိုယ့်ဆန္ဒအတိုင်း ကိုယ်လုပ်ကြပါ ဆိုပြီး ခွင့်ပြုတာ ရှိပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်စွဲဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းချက် ပုဒ်မ ၄ (စ) တွင် ပါတီတည်ထောင်လိုသူများ အနေဖြင့် နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့ဝင်များ မဖြစ်ရဟု ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်း အဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့ အစည်းဝင် မဟုတ်ရဟုလည်း ဖော်ပြပါရှိသည်။

ထို့ကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းက ရခိုင့်ဦးဆောင်ပါတီ အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ လျောက်လွှာတင်ထား ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထိုသို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် မှတ်ပုံတင်ရာတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် သတ်မှတ်ချက်အတိုင်း မှတ်ပုံတင်ခြင်း မဟုတ်ဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကိုယ်စားပြု ဝင်ပြိုင်ရန် အတွက်သာ မှတ်ပုံတင်လျှောက်ခဲ့ခြင်း ဖြစ်ကြောင်း AFP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတခု ဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့်မူ လက်ရှိအချိန်ထိ ပါတီ မှတ်ပုံတင်မည့်ကိစ္စအား မဆုံးဖြတ်ရသေးကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် အစည်းအဝေးတရပ် ကျင်းပရေး စီစဉ်နေဆဲ ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဧရာဝတီကို ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကမူ စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲ သည် မည်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှ ဖြစ်လာမည် မဟုတ်သောကြောင့် ပါတီအား ပြန်လည် မှတ်ပုံတင်သွားမည် မဟုတ်ကြောင်း ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည့်အတွက် တိမ်းရှောင်နေရသလို တောင်ကုတ်မြို့နယ် ALD ပါတီ ခေါင်းဆောင် ဦးကျော်ကျော်လင်းနှင့် သံတွဲမြို့နယ် ALD ပါတီမှ ဦးညီလေးတို့မှာလည်း စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရ ကြောင်း ALD ပါတီထံမှ သိရသည်။

ထို့ပြင် ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီမှ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးနှင့် ကျောက်ဖြူမြိုနယ်မှ ပါတီဗဟိုကော်မတီဝင် ဦးကျော် လွင်တို့ နှစ်ဦးမှာလည်း ရက္ခိုင့်တပ်တော် (AA) ၏ ဖမ်းဆီးခြင်းခံထားရပြီး လက်ရှိ အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း AA ဝင်ရောက် ခြေကုပ်ယူပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ကာလအတွင်း စစ်တပ်၏ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော်လည်း ရခိုင် နိုင်ငံရေးပါတီများ အနေဖြင့် မည်သည့်ကိစ္စကိုမျှ ဝင်ရောက်ဖြေရှင်းမှု မလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို လူထုက စိတ်ဝင်စားမှု မရှိတော့သလို နိုင်ငံရေး သမားအချို့ကလည်း ပါတီနိုင်ငံရေး အခန်းကဏ္ဍကို ယုံကြည်မှု မရှိတော့သည့်အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA / AA) ထံ ဝင်ရောက် တာဝန်ထမ်းဆောင်မှုများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းပြီးနောက် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သည့် ပါတီအရေအတွက် ၁၃ ပါတီရှိပြီ ဖြစ်ပြီး ယင်း ၁၃ ပါတီအနက် ၅ ပါတီသာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမည့်ပါတီ အဖြစ် မှတ်ပုံတင်ထားကာ ကျန် ၈ ပါတီမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခု အတွင်း၌သာ စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်စွဲထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

You may also like these stories:

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်လူထု စိတ်မဝင်စား

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်ပါတီတွေ မှတ်ပုံတင်ကြပြီလဲ

အာဏာသိမ်း ၂ နှစ်တာ ကာလ ရခိုင့်နိုင်ငံရေး

Loading