ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု သင်ကြားနေသဖြင့် အရေးယူရန် စည်းမျဉ်း စည်းကမ်းထုတ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် တစောင် လူမှုကွန်ရက်တွင် ပျံနှံလာသည်။
ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီ၏ ညှိနှိုင်းအစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုယ်ပိုင်ကျောင်းများသည် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်အရ ဖွင့်လှစ်နေပြီး မည်သည့် ခွင့်ပြုချက်ဖြင့် ဖွင့်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ စည်းကမ်း သတ်မှတ်ချက်နှင့် ယဉ်ကျေးမှုကို အလေးထားလိုက်နာရန်လိုကြောင်း ပြောခဲ့ပြီးနောက် ဖေဖော်ဝါရီ တတိယပတ်တွင် တိုင်းနှင့် ပြည်နယ် ပညာရေးမှူးရုံးများက မြို့နယ်ပညာရေးမှူးရုံးများသို့ ထိုသို့ အရေးယူရန် စာပို့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တည်ထောင်သူအချို့က အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုသင်နေခြင်းနှင့် တခြား မလိုလားအပ်သော သင်ကြားမှုတို့ကို အရေးယူရန် ဆိုသည့် စစ်ကောင်စီ၏ ညွှန်ကြားချက်မှာ လက်တွေ့နှင့် မကိုက်ညီဟု ဆိုသည်။
ရန်ကုန်တိုင်းရှိ ပုဂ္ဂလိကကျောင်းတည်ထောင်သူ တဦးက မြန်မာနိုင်ငံတွင် နိုင်ငံတကာသင်ရိုးဖြင့်သင်သည့် အင်တာ နေရှင်နယ်ကျောင်းနှင့် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးအတိုင်းသင်သော ကိုယ်ပိုင်ကျောင်းများရှိကြောင်း၊ ယခု စစ်ကောင်စီ ၏ ကြေညာချက်အရ ဆိုလျှင် ကိုယ်ပိုင်ကျောင်းများကို ရည်ညွှန်းထားသဖြင့် လက်တွေ့အခြေအနေနှင့် မကိုက်ညီကြောင်း ဆိုသည်။
၎င်းက “အင်တာနေရှင်နယ် သင်ရိုးသင်တဲ့ ကျောင်းတွေမှာ Social Study ဆိုတာရှိတယ်။ အဲဒီမှာ သမိုင်း ပထဝီ ဘောဂဗေဒတွေ ပါတယ်။ သမိုင်းကတော့ အနောက်တိုင်း ပညာရေးသင်ရိုးတွေက Update ရေးဆွဲပြီး သင်ကြရတာ။ အဲဒီမှာ လက်ရှိ ဖြစ်နေတဲ့ ယူကရိန်း – ရုရှားစစ်ပွဲအကြောင်းတွေ ပါမယ်။ စာမေးပွဲခန်းမှာ ထည့်သွင်းမေးတာမျိုးတွေလည်း တွေ့ရတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တာတွေလည်း သင်တယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရဆိုရင် တကယ် သင်တဲ့ အင်တာနေရှင်နယ်ကျောင်းတွေက ဘောင်လွတ်နေတဲ့(အကျုံးမဝင်တဲ့) သဘောဖြစ်တာပေါ့။ ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတယ်” ဟု ဆိုသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးများဖြင့် သင်နေသော ကိုယ်ပိုင်ကျောင်းများအနေဖြင့် ဒီမိုကရေစီ ယဉ်ကျေးမှု နှင့် ပတ်သက်သည့် သင်ရိုးညွှန်တမ်းများ မပါသဖြင့် ထူးထူးခြားခြား ဖြုတ်စရာ မရှိကြောင်း သူက ဆက်ပြောသည်။
မူလတန်းအရွယ် သမီးငယ်ကို အင်တာနေရှင်နယ် ကျောင်းတွင် အပ်နှံထားသည့် ကျောင်းသားမိဘတဦးကလည်း စစ်ကောင်စီအနေဖြင့် ကိုယ်ပိုင်ကျောင်းများကိုသာမက နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်နေသည့် ကျောင်းများကို တင်းကျပ်လာမည်ကို စိုးရိမ်ကြောင်းဆိုသည်။
၎င်းက “မင်းအောင်လှိုင်မြေးတွေ တက်နေတာကလည်း အင်တာနေရှင်နယ်ကျောင်းပဲလေ။ သူတို့က နိုင်ရာ ကိုယ်ပိုင် ကျောင်းတွေကို အရင်လုပ်တာပေါ့။ သူ့စာအရတော့ ဘယ်လို ဒီမိုကရေစီဟာကို ရည်ရွယ်သလဲတော့ မသိဘူး။ နိုင်ငံခြား ကလာတဲ့ သင်ရိုးတွေက ဆရာပြောတာကို နားထောင်ရတာမျိုး မဟုတ်ဘူးလေ။ ကိုယ့်အတွေးအမြင်ကို လွတ်လွတ်လပ် လပ် ဆွေးနွေးရတာ။ ဒါကို ဒီမိုကရေစီလို့ သတ်မှတ်တာလား။ အဲဒီဟာကိုပဲ ပိတ်ပင်ချင်တာလားပေါ့။ စဉ်းစားစရာတွေရှိ လာတယ်” ဟု ဆိုသည်။
ယင်းစာနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဒေါက်တာအောင်ကျော်ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ၎င်းက စစ်ကောင်စီ သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ တဆင့်စာပို့ မေးမြန်းရန်သာ ပြောကြားသည်။
အခြေခံပညာရေးဝန်ထမ်းများ တိုက်ပွဲဦးဆောင်ကော်မတီ (BEGSC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ရဲလွင်ကမူ အာဏာ သိမ်း စစ်ကောင်စီသည် ပညာရေးကဏ္ဍကိုပါ ကန့်သတ်မှုများ လုပ်ဆောင်လာနေပြီး ၎င်း၏ အာဏာကို ခိုင်မာရန် ကြိုးပမ်း နေခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ပညာရေးမှာ သူတို့ရဲ့ အာဏာကို ပိုခိုင်မာအောင် လုပ်တော့မယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆိုရင် ကျောင်းသားတွေရဲ့ ပညာ လွတ်လပ်စွာသင်ကြားခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ ပရဟိတတွေ စာဖတ်ဝိုင်း တွေဖွဲ့တာကအစ ၊ ဒီမိုကရေစီနဲ့ပတ်သက်ပြီး လေ့လာခွင့်စတဲ့ ဟာတွေကို အကုန်လုံးကို ပိတ်ပင်လာနိုင်တယ်လို့ ထင် တယ်” ဟု မှတ်ချက်ပေးသည်။
စစ်ကောင်စီသည် ကိုယ်ပိုင်ကျောင်းများသာမက ပညာရေးနယ်ပယ်တခုလုံးရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်း သားများကိုပါ ယခင် စစ်အစိုးရခေတ်ကကဲ့သို့ပင် ကန့်သတ်၊ တင်းကျပ်မှုများ ဆက်လက် လုပ်ဆောင်လာနိုင်ကြောင်း သူက ဆိုသည်။
၎င်းက “ အခုလိုမျိုး ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ ကျောင်းတွေမှာ ဘာမလုပ်ရဘူး။ ညာမလုပ်ရဘူး တသွေမတိမ်း လိုက်နာရမယ် ဆိုတဲ့ပုံစံနဲ့ ဆရာ ဆရာမနဲ့ ကလေးတွေကို သွတ်သွင်းတာတွေ လုပ်လာမယ်ထင်တယ်။ ပညာရေးမှာ ခေါ်ရင်လာ ခိုင်းတာလုပ် ခံမပြောနဲ့ ဆိုတဲ့ ခ သုံးလုံး စနစ်ဖြစ်တဲ့အရင် စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို အကောင်အထည် ဖော်လာနိုင်တယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ပညာရေးမှာ တချိန်က အာရှတွင် နာမည်ကျော်ခဲ့ပြီး ပညာရေး အဆင့်အတန်း မြင့်မားခဲ့သော်လည်း ၁၉၆၂ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၄ခုနှစ်တွင် ကျောင်းများကို ပြည်သူပိုင်လုပ်ကာ ပညာရေးမူဝါဒ အသစ်ချမှတ်ပြီးနောက် ပညာရေးကို နိုင်ငံရေးအရ အသုံးချခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ပညာရေးမှာ သိသိသာသာ ထိုးကျခဲ့ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)တွင် ဦးဆောင်အဖွဲ့ဝင် ဖြစ်ခဲ့သူ ဒေါက်တာသိန်းလွင်က ဧရာဝတီနှင့် အင်တာဗျူးတခုတွင် ပြောကြားထားသည်။
၂၀၁၁ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြဌာန်းခဲ့သော ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ အခန်း(၃) ပုဒ်မ ၁၆ (ဆ)တွင် ကျောင်းသားများအား နိုင်ငံတော်၏ အကျိုးကို ထိခိုက်သော (သို့မဟုတ်) နိုင်ငံတော်၏မူဝါဒနှင့် ဆန့်ကျင်သော အကြောင်းအရာများ သင်ကြားမှု၊ လေ့ကျင့်ခန်းပေးမှု (သို့မဟုတ်) ယင်းသို့ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်မှုများကို မပြုလုပ်ရဟု ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အစိုးရကျောင်းမတက်ဘဲ အခြေခံပညာရေး ဆက်လက်သင်ကြား လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် Home Schooling ဟုခေါ်သည့် အွန်လိုင်းမှ သင်ကြားခြင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ပြောင်းရွှေ့ပညာသင်ကြားခြင်းများကို ပြုလုပ်လာကြသည်။
ကျောင်းသား၊ ကျောင်းသူ တက်ရောက်မှုများသဖြင့် ကိုယ်ပိုင်ကျောင်းအရေအတွက်သည် စစ်အာဏာသိမ်းပြီးနောက်တွင် ပိုမိုများပြားလာပြီး မြန်မာတနိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်း အရေအတွက် ၁၂၀၀ ကျော်ရှိကြောင်း ကိုယ်ပိုင်ကျောင်းတည်ထောင်သူများ ထံမှသိရသည်။
You may also like these stories:
အမာခံဒေသများတွင် NUG က ကျောင်းများဖွင့်လှစ်
အာဏာသိမ်းပြီး ကျောင်းမတက်ရသည့် ကလေး ၂ ဆ တိုး
မန္တလေးက ပုဂ္ဂလိကကျောင်းအချို့ ဖွင့်နိုင်ခြင်း မရှိ
ကျောင်းတွေ ဖွင့်လိုက်တယ် ဆိုပေမယ့်
ကျောင်းသားလူငယ်များ၏ အနာဂတ်ပညာရေး မျှော်လင့်ချက်မဲ့နေပြီလား