နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးသည့် အခကြေးငွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုးမြှင့်ကောက်ယူ လိုက်သဖြင့် အလုပ်သမားများအတွက် ပို၍ ခက်ခဲစေကြောင်း အလုပ်သမားရေး ဆောင်ရွက် သူများက ပြောသည်။
ယခင်က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှင် ဘတ် ၈၀၀ ကောက်ခံသော်လည်း မတ်လ ၁ ရက်မှ စ၍ တအုပ် ဘတ် ၁၂၅၀ ဖြင့် ကောက်ခံနေပြီး နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့်သူများအနေဖြင့် စာအုပ်အတွက် ၁၂၅၀ ဘတ်နှင့် ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်ကို သက်ဆိုင်ရာ ဘဏ်စာရင်း သို့ ပေးသွင်းရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
ဘတ် ၈၀၀ သတ်မှတ်စဉ်ကလည်း အလုပ်သမားများမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက အဆင်ပြေချောမွေ့စေရန် သံရုံးနှင့် ချိတ်ဆက်ထားသည့် ပွဲစားများနှင့် လုပ်ဆောင်ရသဖြင့် ကုန်ကျစရိတ်များပြားသလို ယခုလို ဈေးနှုန်းတိုးမြှင့် လိုက်သည့် အခါ ပိုမိုအခက်ကြုံရတော့မည်ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းရောက်အလုပ်သမားတဦးက “သူတို့လုပ်လိုက်တာက ကျနော်တို့ အလုပ်သမားတွေအတွက် ပိုပြီးနစ်နာ သွားတာပေါ့။ အခုလိုမျိုး တိုးမြှင့်ကောက်ခံတာက ကျနော်တို့အတွက် ပိုပြီးတော့ ခက်ခဲစေတာပေါ့။ ကျနော်တို့ အလုပ်သမားတွေက ဘယ်ဘက်က ထုထု ခံရတော့မှာပဲ။ သူ့နိုင်ငံမှာနေတော့လည်း သူ့ဥပဒေကို လိုက်ရတော့တာပေါ့။ အထောက်အထား မရှိပြန်ရင်လည်း ဖမ်းမှာ။ အထောက်အထား ပြည့်စုံတာတောင် တခုပြီးတခု အပြစ်ရှာပြီး ဖမ်းနေတဲ့ အချိန်ကာလကြီးမှာ အထောက်အထားမရှိရင် ပိုဆိုးမှာပေါ့” ဟု ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဘန်ကောက်မြန်မာသံရုံးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ ထုတ်ပြန်ထားသည့်အတိုင်းသာဖြစ်ပြီး ပြန်လည် ဖြေကြားရန် မရှိကြောင်း ပြောဆိုသည်။
လက်တွေ့ ပတ်စ်ပို့စာအုပ်ပြုလုပ်ရသည့် ပြင်ပဈေးနှုန်းများမှာ အနည်းဆုံး ဘတ် ၄၅၀၀ မှ အများဆုံး ဘတ် ၉၀၀၀ အထိ ပေးနေရသည့်အတွက် မြန်မာသံရုံးအနေဖြင့် အလုပ်သမားများထံမှ ငွေတောင်းရန်သာ အသိရှိနေကြောင်း အလုပ်သမား များနှင့် အလုပ်သမားရေးဆောင်ရွက်သူများက ဝေဖန်ကြသည်။
ထိုင်းရောက် အလုပ်သမားတဦးက “ခက်ခဲတာကတော့ နဂို ဘတ် ၈၀၀ ကတည်းက ဘတ် ၄၅၀၀ လောက် ပေးလုပ် နေရတာဆိုတော့ အခု ၁၂၅၀ ဖြစ်သွားတော့ ပိုပြီးတော့ အလုပ်သမားတွေအတွက် ဖိအား ပိုများသွားတာပေါ့။ လက်ရှိ အချိန်မှာလည်း စက်ရုံတော်တော်များများက အချိန်ပိုကြေးတွေ မရတော့တာ အများကြီးရှိတယ်။ ပွဲစားတွေနဲ့ လုပ်မယ် ဆိုရင် ကားခ၊ ဝန်ဆောင်ခပိုယူတာနဲ့ အနည်းဆုံး ၆၅၀၀ ကနေ ၈ထောင်လောက်ထိ ပေးရမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းလာမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှု စသည်ဖြင့် အဘက်ဘက်မှ ယိုယွင်း ပျက်စီးလာမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ အသီးသီး ထွက်ခွာကြရာ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)၏ မဟာချိုင် အလုပ်သမား တာဝန်ခံ ကိုဇော်က “ဘယ် အချိန်ပဲဖြစ်ဖြစ် သံရုံးဘက်က သူတို့ ယူချင်သလောက်ယူမှာပဲ။ အဂတိနဲ့ပတ်သက်ရင် တရားဝင် ခွင့်ပြုထားသလို ဖြစ် နေတာပေါ့ “ ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် (အလုပ်) (Passport for Job – PJ) စာအုပ် သက်တမ်းကုန်မည့် အလုပ်သမားများ အတွက် ဖေဖော်ဝါရီလမှ မေလအထိ ၃ လ ဆက်လက် နေထိုင် အလုပ်လုပ်ခွင့် ပြုခဲ့ပြီး မေလ ၁၃ ရက်နောက်ဆုံးထား ၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့ တိုးမြှင့်ပေးထားသည့် အချိန် ၃လအတွင်း သက်တမ်းတိုးရမည့် အလုပ်သမား အရေအတွက်မှာ ၂သန်းကျော်ရှိ နေခြင်းကြောင့်လည်း အချိန်မီ မပြီးနိုင်မည်ကို အလုပ်သမားများအနေဖြင့် စိုးရိမ်လျက်ရှိသည်။
ကိုဇော်က “ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်သမားထု ကိုယ်တိုင်ကလည်း ဒီစနစ်ကြီးကို လက်မခံချင်ပေမယ့် လည်း ဖြတ်သန်းနေရတဲ့အခါကျတော့ ကျနော်တို့လည်း တောင်မင်းမြောက် မကယ်နိုင်၊ မြောက်မင်းတောင်မကယ်နိုင်ဖြစ် နေရတယ်။ ဒီလိုအနေအထားမှာ အောင့်အီးပြီးတော့ သည်းခံပြီးတော့ လုပ်နေရမှာပါပဲ။ မလုပ်ဘဲနဲ့ နေလို့ကလည်း မရဘူးဆိုတော့။ သည်းခံပြီးလုပ်ကြပါလို့ပဲ အလုပ်သမားထုကို ပြောချင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါနှင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် တလလျှင် မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပသို့ ပုံစံမျိုးစံဖြင့် ထွက်ခွာနေကြကြောင်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ( IOM) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၅ သန်း ဝန်းကျင်အထိရှိပြီး စစ်တပ် အာဏာသိမ်းထားသည့် ၂နှစ်အတွင်း ထိုင်းနိုင်ငံတွင်းသို့ တရားဝင် သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၄သိန်းကျော်ခန့်ရှိနေပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
You may also like these stories:
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ
ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ
၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို