မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်ရေး မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် (EAOs) များနှင့် စစ်ကောင်စီ အကြား ငြိမ်းချမ်းရေးလုပ်ဆောင်ရန် တရုတ်အထူးကိုယ်စားလှယ်က တိုက်တွန်း ကြိုးပမ်းနေသည်။
တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းသည် ဖေဖော်ဝါရီလ တတိယပတ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် EAOs များနှင့် တဖွဲ့ချင်းစီ တွေ့ဆုံပြီးနောက် မတ်လ ၆ ရက်တွင် နေပြည်တော်သို့ သွားခဲ့သည်။
အထူးကိုယ်စားလှယ်သည် မနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် သီးသန့်တွေ့ဆုံဆွေးနွေးကာ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
စစ်ကောင်စီဥက္ကဌနှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရုတ်၏ အကူအညီပေးနေမှု ၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးရေး ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာသည့် အခြေအနေ၊ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍပေါင်းစုံ မြှင့်တင်ရန် ဆောင်ရွက်မှု အပါအဝင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်း သတင်းစာအရ သိရသည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေမှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတို့ ကိုဆွေးနွေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ၌ တရုတ်ဘက်က အပြုသဘောကူညီမည့် ကိစ္စများဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံတွင် တရုတ်စီးပွားရေး လုပ်ငန်းများ ပိုမို လည်ပတ်နိုင်ရန် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကို အာရုံစိုက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “ကြားထဲကနေ သူက ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတားလို ညှိနှိုင်းပေးနေတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် သူက နယ်စပ်တလျှောက်ကို တော်တော်အေးချမ်းစေချင်တာပေါ့။ တရုတ်က ကိုဗစ်အလွန်စီးပွားရေး တိုးတက်ဖို့အတွက်ဆိုရင် ဗမာပြည်တွင်းမှာလည်း အေးချမ်းဖို့ လိုတယ်ပေါ့။ ဗမာပြည် အေးချမ်းမှ ပိုးလမ်းမ စီမံကိန်းတွေလည်း ဆက်လုပ်နိုင်မှာပေါ့။ ဒီအတွက် သူကြိုးစားနေတာပါ” ဟု ပြောသည်။
တရုတ်နိုင်ငံသည် ASEAN နှင့် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) တွင် မြန်မာနိုင်ငံကို ပါဝင်လာစေလိုပြီး RCEP တွင် မြန်မာနိုင်ငံပါဝင်ရေး ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းရမည်ဟု ရှုမြင်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။
၎င်းက “မနေ့က တရုတ်ပြည်သူ့လွှတ်တော်မှာ တင်တဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ၂၀၂၃ အတွက် လုပ်ငန်းအစီရင်ခံစာမှာလည်း သူတို့နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းက ၅ ရာခိုင်နှုန်းဖြစ်ရမယ်လို့ ပြောတယ်။ သူက စီးပွားရေး ပိုလုပ်နိုင်ဖို့ အာရုံစိုက်နေတာပေါ့။ စီးပွားရေးလုပ်နိုင်ဖို့ဆိုရင် ဗမာပြည်နဲ့ တရုတ်ဆက်စပ်တဲ့ နယ်စပ်တလျှောက် ငြိမ်းချမ်းဖို့ လိုတာပေါ့။ အဲဒီအတွက် ကြိုးစားနေတာလို့ထင်တယ်” ဟု ဆိုသည်။
အမည်မဖော်လိုသော နိုင်ငံရေးလ့လာသူတဦးကမူ တရုတ်အထူးကိုယ်စားလှယ်သည် မြောက်ပိုင်း EAOs အဖွဲ့များအား စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လာနိုင်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် EAOs များနှင့် စစ်ကောင်စီအကြား လွန်းပျံခရီးသွားနေခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “ မြောက်ပိုင်းအဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဖို့ရယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးပွဲမှာ ငြိမ်သွားရင် စီးပွားရေးလုပ်ဖို့ရယ်။ ဒီအတွက် လွန်းပျံခရီးစဉ် တွေ့ကြတာပဲ။ ထပ်လည်း တွေ့ကြဦးမှာပဲ။ ဒီတခေါက်တွေ့တာမှာ မင်းအောင်လှိုင်နဲ့ ၂ ယောက်တွဲ ဓာတ်ပုံရိုက်တာတွေ ဘာတွေနဲ့ဆိုတော့ အရင်ကထက်ပိုပြီး (ဆက်ဆံရေး) အခြေအနေ ကောင်းလာတယ် ထင်တယ်” ဟု ဆိုသည်။
မြောက်ပိုင်း EAOs အဖွဲ့များ ရှိနေသည့် ဒေသများဖြစ်သော တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် တရုတ်၏ စီမံကိန်းများ ဖြစ်သော ကန်ပိုက်တီ-ထိန်ချုံး နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ချင်းရွှေဟော်-လင်ချန်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံတံတား တည်ဆောက်ရေး၊ ရွှေလီ-မန္တလေး မီးရထားလမ်း တည်ဆောက်ရေး၊ ဝ တလုံး ဥမင်လှိုင်ခေါင်း စီမံကိန်း၊ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း၊ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့ တည်ဆောက်ရန် ရှိနေကြောင်း သုတေသနအဖွဲ့တခုဖြစ်သည့် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု( ISP Myanmar) ၏ အချက်အလက်များအရ သိရသည်။
အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင် တာဝါကလည်း တရုတ်နိုင်ငံသည် လက်ရှိတွင် မြောက်ပိုင်းအခြေစိုက် EAOs များနှင့်သာမက စစ်ကောင်စီနှင့်ပါ ပိုမိုထိတွေ့ဆက်ဆံပြီး ၎င်း၏ ဩဇာကို ပိုမို တိုးချဲ့လာကြောင်း ဆိုသည်။
ဂျေဆင်တာဝါက တရုတ်ဗဟိုအစိုးရသည် ကိုးကန့်အဖွဲ့ဟု လူသိများသော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များဖြင့် တပ်မဟာ ၆၁၁ ဖွဲ့စည်းသည့်ကိစ္စကို တဖက်က ခွင့်ပြုခဲ့သလို တဖက်တွင်လည်း စစ်ကောင်စီအားနည်းလာသည်နှင့်အမျှ လိုအပ်သည့်အကူအညီများ ဆက်ပေးမည့် သဘောရှိကြောင်း ပြောသည်။
၎င်းက “တရုတ်က EAOs တွေကိုလည်း အားပေးမယ်။ စစ်ကောင်စီကိုလည်း တတ်နိုင်သလောက်တော့ ကာပေးမယ်။ စစ်တပ်ကို နာမည်ပျက်ခံပြီး ကာကွယ်ပေးမယ်ဆိုတဲ့ သဘောတော့ မရှိဘူး။ နှစ်ဖက်လုံးကို ဩဇာ ပိုမိုလွှမ်းမိုးအောင်လုပ်ပြီး သူ့အကျိုးစီးပွားဆက်လုပ်မှာ ဖြစ်တယ်။ လက်ရှိမှာ သူက မြန်မာနိုင်ငံဟာ ပုံမှန်အခြေအနေအတိုင်း စီးပွားရေးလုပ်ငန်းတွေ လုပ်လို့ရပြီဆိုတာမျိုး တရုတ်နိုင်ငံထဲမှာ ဝါဒဖြန့်ချိနေတာရှိတယ်” ဟုဆိုသည်။
ဆက်လက်၍ ၎င်းက တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး ပါဝင်သော အာဆီယံ မူ ၅ ချက်ကို ထောက်ခံထားသော်လည်း စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs များကိုသာ တွေ့ဆုံနေကြောင်း ၊ အာဏာသိမ်းမှု ဆန့်ကျင်သည့် ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိသေးကြောင်း ဆိုသည်။
ထိုသို့ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုမရှိပါက တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများသည် အောင်မြင်နိုင်ဖွယ်မရှိကြောင်း ၎င်းက သုံးသပ်သည်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းသည် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် EAOs များနှင့်တွေ့ဆုံပြီးနောက် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနှင့်တွေ့ဆုံခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။
၎င်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ကလည်း မြောက်ပိုင်း EAOs (၇) ဖွဲ့နှင့် ပထမဆုံးအကြိမ် မိတ်ဆက်သည့် သဘော တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်စေရန် တိုက်ပွဲ မဖြစ်ရေး ပြောခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် တွေ့ဆုံမှုတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ အချို့သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး အချို့အဖွဲ့များသည် စစ်ကောင်စီနှင့် ဆွေးနွေးမှုမရှိသည့်အပေါ် မြောက်ပိုင်းအဖွဲ့များအတွင်း ညီညွတ်မှုမရှိဖြစ်နေကြောင်း ပြောခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
You may also like these stories:
တရုတ်အထူးသံတမန်သစ် NUG နှင့် တွေ့ပါ
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၂