သတင်း

လာမည့်နှစ်မှ သန်းခေါင်စာရင်း ကောက်တော့မည်

သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည်ဟု စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ပြောလိုက်သောကြောင့် ၂၀၂၅ ခုနှစ်တွင်မှ အထွေထွေရွေးကောက်ပွဲကို စစ်ကောင်စီက စီစဉ်ဖွယ်ရှိသည်။

အချက်အလက်များအား စုပေါင်းပြီး အစီရင်ခံစာ ထုတ်ပြန်ရန် လအနည်းငယ်ကြာမည် ဖြစ်သောကြောင့် စစ်ကောင်စီက အဆိုပြုသည့် ရွေးကောက်ပွဲကို အစောဆုံး ၂၀၂၅ ခုနှစ်တွင်မှ ကျင်းပရန် မျှော်လင့်နိုင်သည်။ ထို့ကြောင့် ထိုအချိန်အထိ စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးနိုင်ဖွယ်ရှိသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သော စစ်အုပ်ချုပ်ရေး အဖွဲ့ အစည်းအဝေးတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဲဆန္ဒရှင်စာရင်း မှန်ကန်မှု ရှိစေရန်အတွက်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ တိကျသော မဲဆန္ဒရှင်စာရင်းများ ကောက်ယူရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး သန်းခေါင်စာရင်း မပြီးမချင်း ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း သူက ရှုမြင်သည်။

နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို လေ့လာရန် မဲဆန္ဒရှင်များ အချိန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအစည်းအဝေးတွင် ပြောသည်။ မြန်မာနိုင်ငံသည် မတည်မငြိမ်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမကျင်းပမီ အခြေအနေများစွာကို ဖြည့်ဆည်းရန် လိုအပ်ကြောင်းလည်း ဆိုသည်။

အစောပိုင်းက စစ်ကောင်စီသည် ယခုနှစ်နှောင်းပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း တနိုင်ငံလုံး ပဋိပက္ခ၏ “သာမန်မဟုတ်သော အခြေအနေ” ကို ကိုးကား၍ စစ်အုပ်ချုပ်ရေးကို နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့သည်။

စစ်ကောင်စီက ပြီးခဲ့သောလတွင် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီများ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယခုအချိန်အထိ ပါတီပေါင်း ၁၄ ပါတီ ပြန်လည် မှတ်ပုံတင်ထားသည်။

စစ်အစိုးရသည် မဲရုံပစ္စည်းများ ထောက်ပံ့ရန် တင်ဒါများ ဖိတ်ခေါ်ထားပြီး အီလက်ထရွန်းနစ် မဲပေးခြင်းကိုလည်း မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ခံ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမြင့်ကြိုင်က သူ့ဝန်ကြီးဌာနအနေဖြင့် သန်းခေါင်စာရင်းအတွက် မေးခွန်းများ ပြင်ဆင်နေကြောင်း ဆိုသည်။ သူသည် စစ်ကောင်စီ၏ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်တွင် ဥက္ကဋ္ဌလည်းဖြစ်သည်။

လူဦးရေအများစုက ရွေးကောက်ပွဲသည် လွတ်လပ်သည် သို့မဟုတ် တရားမျှတမည်ဟု မယုံကြည်ကြပေ။ အမေရိကန်၊ အီးယူနဲ့ မလေးရှားတို့က ရွေးကောက်ပွဲကို အတုအယောင်ဟု ခေါ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ယခုနှစ် ဇန်နဝါရီလအထိ ခုခံတိုက်ခိုက်မှုများကြောင့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် ရုံး ၁၃ ရုံး ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသော သတင်းစာများတွင် ဖော်ပြထားသည်။ ဇန်နဝါရီလအတွင်းက မဲဆန္ဒရှင်စာရင်းကောက်စဉ် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။

နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရ လက်ထက်တွင် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်ကို စစ်တပ်နောက်မြီးဆွဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ထိုအချိန်က လဝက ဝန်ကြီး ဦးခင်ရီက ဦးဆောင်ခဲ့သည်။

You may also like these stories:

ဦးအောင်မင်း၏ သား USDP မဲဆွယ်ပွဲတွင် တွေ့ရ

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ

Loading