သတင်း

ဟွာဝေး ဆိုလာစွမ်းအင်ထုတ်ကုန်များကို ခရိုနီဦးဝင်းအောင် ပြည်တွင်းဖြန့်ချိခွင့်ရ

ဒဂုံအုပ်စုနှင့် ယူနိုက်တက် အမရာဘဏ် (UAB) တို့၏ လုပ်ငန်းခွဲ ဂလိုဘယ်စတား ကုမ္ပဏီလီမိတက်သည် တရုတ် သတင်းနည်းပညာ လုပ်ငန်းကြီးဖြစ်သော ဟွာဝေးနှင့် ပူးပေါင်းပြီး မြန်မာတွင် FusionSolar ထုတ်ကုန်များကို ဖြန့်ချိမည်ဖြစ်သည်။

ခရိုနီ ဦးဝင်းအောင် ပိုင်ဆိုင်သည့် ဂလိုဘယ်စတားနှင့် ဟွာဝေးတို့က ၎င်းတို့ပူးပေါင်းဆောင်ရွက်မှုကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်တွင် ထုတ်ဖော်ပြောဆိုသည်။ ဂလိုဘယ်စတားသည် ဟွာဝေး၏ ဆိုလာ အင်ဗာတာများနှင့် ဘက်ထရီများကို ဖြန့်ချိမည်ဖြစ်သည်။

မြန်မာရှိ ဈေးကွက် သုံးခုတွင် ဟွာဝေး ဆိုလာအင်ဗာတာများနှင့် ဘက်ထရီများကို ဖြန့်ချိရန် စီစဉ်ထားကြောင်း၊ အိမ်သုံးအတွက် စတင်လုပ်ဆောင်ပြီးနောက် တိုးချဲ့ကာ စက်မှုလုပ်ငန်းများအထိ ရောင်းချပေးမည်ဖြစ်ပြီး နောက်ဆုံးတွင် စီမံကိန်းကြီးများတွင် အသုံးပြုနိုင်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဝင်းအောင်၏သား၊ ဂလိုဘယ်စတား၏ မန်နေဂျင်းဒါရိုက်တာ ဦးသူရိန်အောင်က ပြည်တွင်း သတင်းဌာနများသို့ ပြောသည်။

၁၉၉၀ ပြည့်နှစ်က တည်ထောင်ခဲ့သော ဦးဝင်းအောင်၏ ဒဂုံအုပ်စုသည် အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ရေနံနှင့် လျှပ်စစ်ဓာတ်အား အပါအဝင် လုပ်ငန်းကဏ္ဍ အများအပြားတွင် လုပ်ကိုင်နေသည်။ ထိုအုပ်စုတွင် အဖွဲ့ဝင်ကုမ္ပဏီ ၁၆ ခုကျော် ပါဝင်ပြီး ခန့်မှန်းခြေတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရှိကြောင်း ၎င်းတို့၏ ကြေညာချက်များအရ သိရသည်။

လက်ရှိအချိန်တွင် ဦးဝင်းအောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် မြန်မာ သီလဝါ SEZ ဟိုးလ်းဒင်း (MTSH) သည် ကြို့ကုန်းအိမ်ယာ ပြန်လည်တည်ဆောက်ခွင့်အား စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ နောက်ဆုံးခွင့်ပြုချက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိထားသည်။ သူသည် စစ်ကောင်စီထိန်းချုပ် ဆက်သွယ်ရေးလုပ်ငန်း Mytel ကို ၂၃ ရာခိုင်နှုန်းပိုင်သည့် Myanmar National Telecom Holdings Public Company Limited ၏ ဒါရိုက်တာလည်းဖြစ်သည်။

စစ်ကောင်စီနှင့် ပတ်သက်သည့် ခရိုနီများက ဈေးကွက်ကို ဝါးမြိုနေသောကြောင့် နည်းပညာသစ်များကို တီထွင်ထုတ်လုပ်ရန် ၎င်းတို့၏ အားထုတ်မှုများ အရာမရောက် ဖြစ်ရသဖြင့် စိတ်ပျက်ကြောင်း မြန်မာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် ခြေကုပ်ရရန်ကြိုးစားနေသည့် ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။

“ကျနော်တို့ နိုင်ငံရေရှည်တိုးတက်ဖို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍမှာ ကျနော်တို့လုပ်နေတာ နှစ်ပေါင်းများစွာကြာပြီ။ ဒါပေမယ့် အခုကျတော့ အဆက်အသွယ်မရှိတဲ့ ကျနော်တို့ လူငယ်လုပ်ငန်းရှင်တွေ နောက်မှာကျန်ခဲ့ပြီး သူတို့က ဈေးကွက်ဝေစု အများစုကို ယူလိုက်ပြီ” ဟု ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် ကုမ္ပဏီတခု တည်ထောင် လုပ်ကိုင်နေသည်မှာ ခုနစ်နှစ်ကြာပြီဖြစ်သည့် ကိုဖြိုး (လုံခြုံရေးအရ အမည်ပြောင်းထား) က ပြောသည်။

ယနေ့ခေတ်တွင် ငွေကြေးနောက်ခံနှင့်ခရိုနီများ သို့မဟုတ် စစ်ကောင်စီနှင့်အဆက်အသွယ် မရှိသော လုပ်ငန်းရှင်များသည် ဟွာဝေးနှင့် FusionSolar အတွက် မိတ်ဖက်ဖြစ်ရန် ဂလိုဘယ်စတားက ရသည့် အခွင့်အရေးမျိုး မရနိုင်ကြောင်းလည်း သူကပြောသည်။

ဟွာဝေး၏ FusionSolar စနစ်များ ဝယ်ယူတပ်ဆင်မည့် လုပ်ငန်းများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အုပ်စုခေတ်က အမည်ဆိုးကျော်ကြားသည့် ဝန်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင်သည့် UAB ဘဏ်မှ ငွေကြေး အကူအညီရမည် ဖြစ်သည်။

ဒုဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းသည် ယခင်စစ်အုပ်စု နဝတခေတ်အတွင်း ၁၉၉၃ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဖြစ်လာပြီးနောက် ၂၀၁၁ ခုနှစ်အထိ စက်မှု (၁) ဝန်ကြီး လုပ်ခဲ့သည်။ ထိုစဉ် စစ်အုပ်စုက ပြုလုပ်သည့် ဒီမိုကရေစီလုပ်ငန်းစဉ် စတင်သောအခါ ထိုနှစ်တွင်ပင် သူသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။ ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် သေဆုံးသည်။

သူ၏သားများအနက် တဦးသည် ပုဂ္ဂလိကဘဏ်ပိုင်ရှင် ဖြစ်လာပြီး သူ၏အကြီးဆုံးသား မိုးအောင်သည် မြန်မာရေတပ် လက်ရှိအကြီးအကဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် မိုးအောင်ကို ရေတပ်အကြီးအကဲနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ရာထူးတိုးပေးသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတွင် ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေး ထိခိုက်စေမှုများအတွက် ဗိုလ်ချုပ်ကြီး မိုးအောင်အပေါ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

“ဒီလို တရုတ်စီးပွားရေးလုပ်ငန်းက စစ်ကောင်စီနဲ့ဆက်စပ်တဲ့ ခရိုနီလုပ်ငန်းစုတွေနဲ့ ပူးပေါင်းတာ ဘာမှ မထူးဆန်းဘူး။ ဒါပေမယ့် မြန်မာက သွေးစွန်းနေတဲ့လူတွေနဲ့ ပူးပေါင်းတဲ့ ဟွာဝေးကို ကမ္ဘာတဝန်းက ပြည်သူတွေအနေနဲ့ ရှုတ်ချ သပိတ်မှောက်သင့်တယ်” ဟု ရန်ကုန်အခြေစိုက် အသက် ၄၂ နှစ်အရွယ် စီးပွားရေး သုံးသပ်သူတဦးက ပြောသည်။

You may also like these stories:

လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံစေရန် အခွန်ကင်းလွတ်ခွင့်ပေး၍ စစ်ကောင်စီ ဆွဲဆောင်

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

စစ်ခေါင်းဆောင်၏သား ဆိုလာစီမံကိန်းတည်ဆောက်ရန် ဖခင်ထံ ခွင့်ပြုချက်တောင်း

စစ်ကောင်စီ၏ ဆိုလာစီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ၂ ခုသာ ဝင်ပြိုင်

Loading