စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် တနိုင်ငံလုံးမှ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၀ ကျော် ကျူးလွန်ခဲ့ကြောင်း စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။
“စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျနော်တို့လေ့လာပြီး အနည်းဆုံး ၃၂ ခုကို အတည်ပြုနိုင်ခဲ့တယ်” ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
မတ်လ ၆ ရက်နေ့က ကျင်းပသည့် NUG သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ နောက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ယခုလအစောပိုင်းက စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
မတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီ ခြေမြန်တပ်မ ၉၉ သည် စစ်ကိုင်းမြို့နယ်၊ ရွှေလီကျေးရွာအုပ်စုမှ တာတိုင်ကျေးရွာကို စီးနင်းတိုက်ခိုက်သည်။ ၎င်းတို့သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကို ကနဦးတွင် သတ်ဖြတ်ပြီး ရွာသား ၁၆ ဦးကို လူသားတံတိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးသွားသည်။ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသောအခါ ရိုက်နှက်ခံထားရပြီး အပိုင်းပိုင်းပြတ်နေသော ဓားစာခံများ၏ အလောင်းများကို ရွာသားများ တွေ့ရသည်။ ထိုအလောင်းများတွင် အမျိုးသမီးအလောင်း သုံးလောင်းပါဝင်ပြီး အဝတ်အစားများ ကင်းမဲ့နေသောကြောင့် အဓမ္မပြုကျင့်ခဲ့ကြောင်း အထောက်အထားများက ပြသနေသည်။
အရပ်သား အနည်းဆုံး ငါးဦးကို သတ်ဖြတ်လျှင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု သတ်မှတ်ကြောင်း ဦးအောင်မျိုးမင်းက ရှင်းပြသည်။
“အရပ်သားတွေကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၄ ခုကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံး (လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး – UNOCHA) က မှတ်တမ်းတင်ထားပြီးသား ဖြစ်တယ်။ ကျနော်တို့စာရင်းမှာ ပိုမိုများပြားတယ်။ ခိုင်မာတဲ့ သဲလွန်စတွေနဲ့ အထောက်အထားတွေ ရှိပေမယ့် ကျနော်တို့ အတည်မပြုနိုင်သေးလို့ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိနိုင်သေးတယ်” ဟုလည်း ၎င်းကပြောသည်။
NUG က မှတ်တမ်းတင် အတည်ပြုထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃၂ ခုတွင် လွန်ခဲ့သောနှစ်က လက်ယက်ကုန်းကျေးရွာမှ စာသင်ကျောင်းနှင့် ကချင်ပြည်နယ်မှ ဂီတပွဲကို လေကြောင်းတိုက်ခိုက်မှုများနှင့် ကယားပြည်နယ်မှ စစ်ဘေးရှောင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပါဝင်သည်။
NUG က တာတိုင်ကျေးရွာမှ မကြာသေးမီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် မြန်မာစစ်တပ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရှုတ်ချသည်။
“တရားမျှတမှုရှာဖွေရေးအတွက် ကျနော်တို့တာဝန်ကို ကျနော်တို့ အလေးအနက်ထားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ ပစ်မှတ်ထားတိုက်ခိုက်မှု၊ အရပ်သားများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ပြည်သူ့အသက်မွေးဝမ်းကြောင်းနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စုဆောင်းနေတယ်” ဟု NUG က မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အစည်းအဝေးမှ နိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ထိုရာဇဝတ်မှုများကို အပြင်းအထန်ရှုတ်ချရန်နှင့် ထိုရာဇဝတ်မှုများကို ဟန့်တားရေးအတွက် အရေးယူမှုသို့ ဦးတည်သည့် ဆုံးဖြတ်ချက်ချရန်လည်း အရပ်သား NUG အစိုးရက တောင်းဆိုသည်။
နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီနှင့် အပေါင်းပါများကို လက်နက်ခဲယမ်း၊ စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး နည်းပညာ၊ လေယာဉ်ဆီနှင့် စစ်ပစ္စည်းထုတ်လုပ်ရန် စစ်ကောင်စီသုံးသည့် အခြားကိရိယာများ တင်သွင်းမှု ပိတ်ပင်သည့် အရေးယူမှုများ တိုးချဲ့ရန်လည်း NUG က နိုင်ငံများကို တောင်းဆိုသည်။
You may also like these stories:
စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့
၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း
၂၀၂၂ အတွင်း စစ်ကောင်စီက ကလေးငယ် ၁၅၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်