ကော့ဘဇားအနီး ဘာလုခါလီစခန်းမှ တဲအိမ်အလုံးပေါင်း ၂,၀၀၀ ခန့် လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၁၂,၀၀၀ ကျော်ကို အမိုးအကာမဲ့စေသည့် မတ်လ ၅ ရက်နေ့ မီးအကြီးအကျယ် လောင်ကျွမ်းမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စုံစမ်းစစ်ဆေးနေသည်။
အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းရေးအဖွဲ့ (RSO) တို့အကြား တင်းမာမှုမြင့်မားနေပြီးနောက် ယခုမီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။
မီးလောင်မှုသည် စခန်းမှ ထိုအဓိကအုပ်စု နှစ်ခုအကြား အာဏာအားပြိုင်မှုနှင့် ပတ်သက်နိုင်ကြောင်း ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် ဘင်္ဂလားဒေ့ရှ် အရာရှိများက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတဦးက “အဲဒီစခန်းကို မူလက ARSA က ထိန်းချုပ်ထားပေမယ့် RSO က တဖြည်းဖြည်း သိမ်းမိလာတယ်။ ARSA ဟာ စခန်းကို မထိန်းချုပ်နိုင်တော့လို့ အခုလို လုပ်တာဖြစ်နိုင်တယ်လို့ ကျနော်တို့ သံသယရှိတယ်” ဟု ပြောသည်။
မီးမလောင်မီကပင် ထိုစစ်သွေးကြွများသည် ၎င်းတို့မိသားစုများကို စခန်းပြင်ပသို့ ခေါ်ထုတ်ထားသောကြောင့် ၎င်းတို့ကို သံသယရှိခြင်းဖြစ်ကြောင်း ရိုဟင်ဂျာခေါင်းဆောင် ဦးဌေးလွင်က ပြောသည်။
မကြာသေးမီက သွေးထွက်သံယို တိုက်ခိုက်မှုများကြောင့် စခန်းမှ ထွက်ခွာနေထိုင်သည့် ဦးဌေးလွင်က ထိုကိစ္စသည် ကြိုတင်စီစဉ် တိုက်ခိုက်မှုဟု ကြားသိရကြောင်း ပြောသည်။
“တရားမျှတမှုရအောင် လုပ်ရမယ်” ဟုလည်း ၎င်းကပြောသည်။
မီးလောင်မှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ တရားစွဲဆိုမှုပြုလုပ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒတ်ဇမန် ခန်က ဒါကာတွင် သတင်းထောက်များကို မတ်လ ၆ ရက်နေ့က ပြောသည်။
ကော့ဘဇားခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ မက်ဒ် မာဖူဇာ ရာမန်က “ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာလည်း ကျနော်တို့လေ့လာနေတယ်။ မျက်မြင်သက်သေတွေနဲ့ စကားပြောပြီး သံသယရှိသူတွေကို ခြေရာခံနေတယ်” ဟု ပြောသည်။
ကော့ဘဇားခရိုင်တွင် တရားသူကြီး အဘူဆူဖီယန် ဦးဆောင်ပြီး ရဲနှင့် ထောက်လှမ်းရေးများ အပါအဝင် အဖွဲ့ဝင် ခုနစ်ဦးပါ ကော်မတီတခုကို ဖွဲ့စည်းထားသည်။ ထိုကော်မတီသည် သုံးရက်အတွင်း အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။
ရိုဟင်ဂျာစခန်းတွင် မကြာခဏ မီးလောင်တတ်သော်လည်း ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲသည်။
၂၀၂၁ ခုနှစ်၊ မတ်လကလည်း ရိုဟင်ဂျာစခန်းတွင် မီးအကြီးအကျယ် လောင်သောကြောင့် ဒုက္ခသည် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာစခန်း မီးလောင်မှု ၂၂၂ ခုတွင် ၂၇ ရာခိုင်နှုန်းသည် ရှို့မီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်ထောက်လှမ်းရေး အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။
ထိုမီးလောင်မှုများအနက် ၄၅ ရာခိုင်နှုန်းနှင့် အခြား မီးလောင်မှုများသည် မည်သည့်အတွက် ဖြစ်ပွားသည်ကို မသိရပေ။
လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Ain O Salish Kendra မှ အမှုဆောင်ဒါရိုက်တာ မိုဟမ်မက် နူရ် ခန်က ကျူးလွန်သူများကို ခြေရာခံရန်နှင့် မီးလောင်မှုနောက်ကွယ်မှ အကြောင်းရင်းကို ဖော်ထုတ်ရန် ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုကို တောင်းဆိုသည်။
ထိုမီးလောင်မှုတွင် သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူ မရှိကြောင်း ကော့ဘဇား အာဏာပိုင်များက ပြောသည်။
အိုးအိမ်မဲ့သွားသူများအတွက် ယာယီအမိုးအကာများ စီစဉ်ပေးနေကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားပြီး ကုလသမဂ္ဂက စားနပ်ရိက္ခာထောက်ပံ့နေကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်သော ဆွေမျိုးများအတွက် အမိုးအကာ စီစဉ်ပေးထားကြောင်းနှင့် အခြားသူများမှာ ရုန်းကန်နေရကြောင်း ရိုဟင်ဂျာခေါင်းဆောင် မိုဟာမက် ဆာဟက်က မတ်လ ၆ ရက်နေ့တွင် ပြောသည်။
စခန်းတွင် နေထိုင်သူ ၃၂,၂၀၀ အနက် လူ ၁၂,၀၀၀ ခန့် အိုးအိမ်မဲ့သွားပြီး တဲအိမ် ၂,၀၀၀ ကျော် ပျက်စီးကြောင်း ဒါကာမြို့မှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောသည်။ ကျန်းမာရေးနှင့် ပညာရေးဌာန ၉၀ ကျော်လည်း ပျက်စီးသွားသည်။
ထောက်ပံ့ရေးနှင့် မိသားစုများကို ပြန်လည် စုစည်းပေးရေးအတွက် ခြေရာခံစုံစမ်းပေးသည့်စနစ်ကို ထူထောင်ထားကြောင်း UNHCR က ပြောသည်။
ထိုမီးလောင်မှုကြောင့် ကလေးငယ် အနည်းဆုံး ၆,၀၀၀ ကျော်ကို ထိခိုက်စေကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ပြောသည်။
“စိတ်ဒဏ်ရာ ရသွားတဲ့ ကလေးတွေနဲ့ မိသားစုတွေကို ကာကွယ်ထောက်ပံ့ဖို့ UNICEF နဲ့ မိတ်ဖက်အဖွဲ့တွေ ညလုံးပေါက် အလုပ်လုပ်နေတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ UNICEF ကိုယ်စားလှယ် ရှယ်လ်ဒန် ယက်က ကြေညာချက်တစောင်တွင် ပြောထားသည်။
“မီးလောင်မှုကြောင့် တဲအိမ် ၂,၀၀၀ ကျော်၊ ဒုက္ခသည်ကလေးတွေနဲ့ မိသားစုတွေကို အရေးပါတဲ့ ဝန်ဆောင်မှုပေးနေတဲ့ အဆောက်အအုံတွေ ပျက်စီးသွားတယ်။ အဲဒီထဲမှာ စာသင်ကျောင်း ၂၀ နဲ့ အာဟာရ တိုက်ကျွေးရေးဌာန အနည်းဆုံး တခုနဲ့ အခြား သန့်စင်ရေးအဆောက်အအုံတွေ ပါတယ်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော Bangladesh Probes Rohingya Camp Fire ကို ဘာသာပြန်ဖော်ပြသည်။)
You may also like these stories:
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်
ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ
ရိုဟင်ဂျာစခန်းတွင် လူသစ်စုဆောင်းနေသူ စစ်သွေးကြွကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး
၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံးနှစ်များတွင် ပါဝင်