စစ်ကောင်စီက အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေချိန် တရုတ်သံအမတ်ကြီး ချန်ဟိုင်းသည် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးထံ အင်္ဂါနေ့က နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
သံအမတ်ကြီးက ရွေးကောက်ပွဲ ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီများ၏ အခြေအနေနှင့် ငြိမ်းချမ်းပြီး တည်ငြိမ်သော ဝန်းကျင်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို မေးမြန်းခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများမှ သိရသည်။
မစ္စတာ ချန်သည် ယမန်နှစ် ဧပြီလတွင် UEC ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ဖူးသည်။
မြန်မာနိုင်ငံ နိုင်ငံရေး ပါတီများဆိုင်ရာ တရုတ် ကောင်စစ်ဝန် လင်းတောင်လည်း UEC နှင့် ယခုအကြိမ်တွေ့ရာတွင် ပါသည်။
မစ္စတာ လင်းသည် ယမန်နှစ် နိုဝင်ဘာလက စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီထံ သွားရောက်ခဲ့ပြီး USDP ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီကြား ခိုင်မာသော ဆက်ဆံရေးရှိရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လူများစု ထောက်ခံသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်ကောင်စီက ဖျက်သိမ်းရန် မလိုလားကြောင်းကိုမူ တရုတ်က ပြောကြားထားသည်။
သို့သော် တရုတ်သည် စစ်တပ်ကို ကြီးမားစွာ ထောက်ခံပြီး USDP နှင့် စေ့စပ်ကာ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်များကို စိတ်ဝင်စားကြောင်း ပြသခဲ့သည်။
UEC တွင် ပါတီများ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြီးခဲ့သည့်လက စစ်ကောင်စီက ပြဋ္ဌာန်းခဲ့သည်။ ယခုအချိန်အထိ ပါတီပေါင်း ၁၇ ပါတီမှ ပြန်လည်မှတ်ပုံတင်ပြီးဖြစ်သည်။
စစ်ကောင်စီသည် မဲရုံသုံးပစ္စည်းများ ထောက်ပံ့ပေးရန် တင်ဒါခေါ်ယူထားပြီး အီလက်ထရွန်းနစ်မဲပေးခြင်းကို မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်ကို စစ်ကောင်စီက မကြေညာသေးသော်လည်း သန်းခေါင်စာရင်းကို အခြေခံ၍ မဲဆန္ဒရှင်စာရင်းကို ပြင်ဆင်သွားမည်ဟု ဆိုသည်။ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနသည် လာမည့်နှစ် အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူမည်ဟု ယခုသီတင်းပတ်အတွင်း ကြေညာခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၂၅ အစောပိုင်းအထိ စီစဉ်ထားခြင်း မရှိသေးကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
အမေရိကန်၊ ဥရောပသမဂ္ဂနှင့် မလေးရှားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာ အများစုက စစ်ကောင်စီ အဆိုပြုထားသည့် ရွေးကောက်ပွဲကို ပယ်ချကြသည်။
You may also like these stories:
လာမည့်နှစ်မှ သန်းခေါင်စာရင်း ကောက်တော့မည်
တရုတ်လုပ်ငန်းများ လည်ပတ်နိုင်ရေး အထူးသံတမန် တိုက်တွန်း
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး