တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ဝိုင်းဒင်ရွာမှ စစ်ဘေးရှောင် ၈၀ ကျော်သည် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကြား စစ်ရေးတင်းမာနေသဖြင့် နေရပ်မပြန်နိုင်ကြသေးကြောင်း စစ်ရှောင် များအား ကူညီနေသူများထံမှ သိရသည်။
မတ်လ ၈ ရက် ညပိုင်းထိ ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ဘေးရှိ ဝိုင်းဒင်ရွာဘက်မှ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း မြန်မာစစ်ဘေးရှောင်များကို ကူညီနေသည့် ထိုင်းနိုင်ငံ ရနောင်းမြို့နယ်တွင် နေထိုင်သော အမျိုး သားတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ဝိုင်းဒင်တို့လို တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ရွာက လူတွေကတော့ မပြန်ကြသေးဘူး။ အဲဒီဘက်မှာက တချက်တချက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တဲ့ အသံတွေ ကြားနေရသေးတယ်။ မနေ့ညကအထိ ပစ်နေ တုန်းပဲ” ဟု ဆိုသည်။
ခမောက်ကြီးမြို့နယ် အရှေ့မြောက်ဘက်ရှိ ဝိုင်းဒင်ရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ စစ်ကောင်စီ လက်အောက်ခံတပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင်သည့် ပူးပေါင်းတပ်များကြား ၃ ကြိမ် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ သည်။
စစ်ကောင်စီဘက်က ကော့သောင်းအခြေစိုက်တပ်များနှင့် လက်နက်ကိုင် ပြည်သူ့စစ် ၄၀ ခန့် ပါဝင်ပြီး ပူးပေါင်းတပ်များ ဘက်ကမူ PDF ကော့သောင်းခရိုင် တပ်ရင်း ၁၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၀၃) နှင့် ကော်သူးလေတပ် (KTLA) တို့ ပါဝင်သည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် PDF ကော့သောင်းခရိုင် တပ်ရင်း ၁ မှ ဝိုင်းဒင်ရွာကို စိုးမိုးထားကြောင်း လူမှုကွန်ရက်စာမျက် နှာတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အင်အား ၁၇၀ ပါ စစ်ကြောင်းဖြင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း PDF ကော့သောင်းခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။
နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲကြောင့် ဝိုင်းဒင်ရွာ အပါအဝင် အေးမြမင်္ဂလာကျေးရွာ၊ တပ်ဦးမြိုင်သာယာကျေးရွာ၊ အေးချမ်းသာယာရွာ၊ လုံးဖောကျေးရွာ စသည့် ဒေသအခေါ် ရှမ်းရွာ ၉ ရွာမှ ဒေသခံများ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
မတ်လ ၄ ရက်တွင် ဝိုင်းဒင်ရွာဝန်းကျင်ရှိ ရွာအချို့မှ ဒေသခံ ၆၀ ကျော်ကို မြန်မာစစ်တပ်က ထိုင်းစစ်တပ်နှင့် ညှိနှိုင်း ကာ ပြန်ခေါ်သွားခဲ့သော်လည်း ဝိုင်းဒင်ရွာမှ ဒေသခံအချို့ကမူ ဝိုင်းဒင်တွင် တိုက်ပွဲ အချိန်မရွေး ဖြစ်နိုင်သဖြင့် ပြန် မလိုက်သွားသေးခြင်း ဖြစ်ကြောင်း မြန်မာစစ်ရှောင်များကို ကူညီနေသည့် ရနောင်းမြို့မှ အမျိုးသားတဦးက ပြောသည်။
၎င်းက “တချို့နေရာတွေမှာ ထိုင်းဘက်က သံဆူးကြိုးတွေ ကာနေတာ ရှိပါတယ်။ သူတို့က ဝိုင်းဒင် အရှေ့ဘက်က ပါကလပ်ကနေ (ထိုင်းနိုင်ငံဘက်မှရွာ) ဘယ်မှ ကျော်ထွက်လို့ မရဘူး။ တချို့ကျတော့လည်း နေ့ခင်းဘက်ဆိုရင် မြန်မာဘက် ပြန်ကူးတယ်။ ညဘက်ကို ထိုင်းဘက်မှာ လာပြန်အိပ်တာလည်း ရှိပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်များကို ထိုင်းနိုင်ငံ ရနောင်းမြို့နယ်မှ မြန်မာပရဟိတအဖွဲ့အချို့က အစားအသောက်နှင့် ဆေးဝါး ထောက်ပံ့ကူညီမှုများ ရှိနေပြီး ထိုင်းစစ်တပ်ဘက်ကလည်း စစ်ဘေးရှောင်များကို ကူညီပေးမှုရှိကြောင်း မြန်မာစစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။
ဝိုင်းဒင်ရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်နေသည့် PDF ကော့သောင်းခရိုင် တပ်ရင်း ၁ ၏ ပြန်ကြားရေး တာဝန်ခံ ကိုလျှပ်စီးကလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “စစ်ကောင်စီဘက်ကတော့ စစ်ရေးကို ပိုမြှင့်မယ့်သဘောတော့ ရှိတယ်။ စစ်ရေးက တင်းမာနေတယ်။ ဝိုင်းဒင်နားမှာ သူတို့ရဲ့ အခြေပြုစခန်းတခု ရှိတယ်။ အဲဒီဘက်ကို သူတို့ကားတွေ ဝင်နေတယ်။ တိုက်ပွဲကတော့ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ တိုက်ပွဲသည် ၃ နာရီကြာ အပြင်းအထန် ဖြစ်ခဲ့ပြီး ပူးပေါင်းတပ်ဘက် မှ ၂ ဦး ဒဏ်ရာရကာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် နောက်ပြန်ဆုတ်သွားခဲ့ကြောင်း PDF ကော့သောင်းခရိုင်တပ်ရင်း ၁ က သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း ဝိုင်းဒင်ရွာအနီး စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သလို ပူးပေါင်းတပ်ဘက်မှ ၁ ဦး ဝမ်းဗိုက် ကျည်ရှပ်ထိဒဏ်ရာ ရခဲ့ပြီးနောက် ပူးပေါင်းတပ်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့များထံမှ သိရသည်။
မတ်လ ၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က ဝိုင်းဒင်ရွာဝန်းကျင်၌ စခန်းချနေသော ပူးပေါင်းတပ်၏ ယာယီ စခန်းတခုအား အင်အား အများအပြားသုံးပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။
ယင်းတိုက်ပွဲတွင် ပူပေါင်းတပ်များ အလစ်အငိုက် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း PDF ကော့သောင်းခရိုင်တပ်ရင်း ၁ ပုလဲစစ်ကြောင်းမှ စစ်ကြောင်းမှူး မြစ်ချောင်း အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး KTLA မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ ကြောင်း၊ တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် သေနတ် ၅ လက်၊ ကျည် ၂၀၀ နှင့် လက်လုပ်မိုင်းများ စစ်ကောင်စီတပ်ထံ ပါသွားကြောင်းလည်း PDF ကော့သောင်းခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။
လတ်တလောတွင် ပါချန်မြစ်တဖက်ကမ်းရှိ ဝိုင်းဒင်ရွာ၌ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင် သည့် ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲဖြစ်နိုင်ခြေ များနေကြောင်း၊ တကျော့ပြန် တိုက်ပွဲထပ်ဖြစ်ပါက စစ်ရှောင် များ ပိုမို များပြားလာနိုင်ကြောင်း စစ်ရှောင်များအား ကူညီနေသူများက ဆိုသည်။
ထိုင်းစစ်တပ်၏ ပြောခွင့်ရ အမျိုးသမီးတဦး ဖြစ်သည့် ဗိုလ်ချုပ် Sirichan Nga-thong ကလည်း ကော့သောင်းခရိုင်မှ မြန်မာစစ်ဘေးရှောင်များအား Kra Buri ခရိုင်ရှိ Ban Hat Tun ရွာနှင့် Ban Khum Wai Daeng ရွာများတွင် ခိုလှုံခွင့် ပေးထားကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းတွင် ပြောဆိုထားသည်။
ထို့ပြင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်သားနှင့် နယ်ခြားစောင့်ရဲများ အင်အား တိုးမြှင့်ချထားကာ ကင်းလှည့်မှု များ လုပ်ဆောင်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။
You may also like these stories:
တနင်္သာရီ တကူတိုက်နယ်အတွင်း ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရ
ထားဝယ်- ထီးခီး လမ်းပိုင်း ပကာရီရွာအနီး စစ်ရေး တင်းမာနေ
တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ