သတင်း

မလေးရှား ဝန်ကြီးချုပ်ဟောင်း ယက်ဆင်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး

မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (MACC)က ဝန်ကြီးချုပ်ဟောင်း မစ္စတာ မူဟစ်ဒင် ယက်ဆင် ကို အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် စွဲချက်များဖြင့် မတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

ဝန်ကြီးချုပ်ဟောင်းကို မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် တရားမဝင်လုပ်ငန်းများမှ အကျိုးအမြတ်ရယူမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် စွဲချက်တင်မည်ဟု မျှော်လင့်ရကြောင်း MACC မှ အရာရှိတဦးက အစောပိုင်းတွင် Nikkei Asia သို့ ပြောသည်။

မလေးရှား အတိုက်အခံ တပ်ပေါင်းစုမှ ထိပ်တန်းပါတီဖြစ်သည့် ဘာဆက်တူ (Bersatu) ၏ ဥက္ကဋ္ဌလည်းဖြစ်သော မူဟစ်ဒင်သည် တရားစွဲဆိုခံရသည့် ဒုတိယမြောက် ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် SRC International နှင့် 1Malaysia Development Berhad (1MDB) အရှုပ်တော်ပုံတို့နှင့် ထောင်ဒဏ် ၁၂ နှစ်ချထားခံရသူ ဝန်ကြီးချုပ် ဟောင်း နာဂျစ် ရာဇတ်ကဲ့သို့ အရေးယူခံရခြင်း ဖြစ်သည်။

မစ္စတာ မူဟစ်ဒင်က ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ဝန်ကြီချုပ်တာဝန် ထမ်းဆောင်စဉ်အတွင်း ဥပဒေချိုးဖောက်မှု မရှိကြောင်း ငြင်းဆန်ခဲ့သည်။

မူဟစ်ဒင်ကို စုံစမ်းစစ်ဆေးမှုတွင် လက်ရှိ အစိုးရအနေဖြင့် ကြားဝင် စွက်ဖက်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင်က မတ်လ ၈ ရက်နေ့တွင် မလေးရှားသတင်းဌာန Bernama သို့ ပြောသည်။

မတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီတွင် မူဟစ်ဒင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ခေါ်ယူမေးမြန်းစဉ် ကွာလာလမ်ပူမြို့ တောင်ဘက် ပူထရာဂျာဗားရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဆောက်အအုံရှေ့တွင် Perikatan Nasional coalition နှင့် Bersatu ပါတီခေါင်းဆောင်များ၊ ထောက်ခံသူများက ဆန္ဒပြကြသည်။

Bersatu ပါတီ၏ ပြန်ကြားရေးအကြီးအကဲ ဝမ်ဆိုင်ဖူ ဝမ်ဂျန် အပါအဝင် သူ၏ပါတီထိပ်တန်း ခေါင်းဆောင်များသည် အစိုးရ၏ Jana Wibawa အစီအစဉ်အတွက် လာဘ်ငွေ ရင်းဂစ် ၆ ဒသမ ၉ သန်း (ဒေါ်လာ ၁ ဒသမ ၅ သန်း) ရယူကြောင်း၊ ထိုစီမံကိန်းသည် မူဟစ်ဒင် ဝန်ကြီးချုပ်တာဝန်ယူသည့် အချိန်တွင် ဖြစ်ခဲ့သောကြောင့် တရားစွဲဆိုကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကြေညာသည်။ ထိုအစီအစဉ်သည် ကိုဗစ်နိုင်တင်းအတွက် ပြည်တွင်းမှ လုပ်ငန်းရှင်များကို စီးပွားရေး အကူအညီပေးရန် ရည်ရွယ်သည်။

ကိုးကား ။ ။ Nikkei Asia သတင်း Malaysia’s ex-PM Muhyiddin arrested on corruption charges

You may also like these stories:

အဂတိအညွှန်းကိန်းတွင် မြန်မာ အဆင့် ၁၅၇ သို့ ကျဆင်း

1MDB အရှုပ်တော်ပုံအတွက် မလေးဝန်ကြီးချုပ်ဟောင်းကို ထောင် ၁၂ နှစ်ချ

ဆယ်စုနှစ်ကြာ စောင့်ဆိုင်းပြီးနောက် အန်နဝါ အီဘရာဟင် မလေးရှား ဝန်ကြီးချုပ်ဖြစ်လာ

မလေးရှား ငွေကြေး အရှုပ်တော်ပုံကြောင့် ဆွစ်ဇာလန်ဘဏ် ပြိုလဲခဲ့

Loading