သီရိပျံချီဘွဲ့ခံ စစ်ဘုရင်တဦးရဲ့ အလှူပွဲ
ဒေသတွင်းမှာ နာမည်ဆိုးနဲ့ ကျော်တဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ အခြေချရာ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူဟာ သူ့ဇာတိမှာ ဘုရား ဒါယိကာ အဖြစ်နဲ့ ကြီးကျယ်တဲ့ အလှူပွဲကြီးကို နှစ်ပတ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကြားအင်းကျေးရွာက “ ပြည်သာလင်းအေးစေတီတော်” ရွှေထီးတော်တင်လှူပွဲကို ဖေဖော် ဝါရီ ၂၀ ရက်နေ့ကစလို့ မတ်လ ၅ ရက်နေ့အထိ တရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေနဲ့ သိန်းပေါင်း ထောင် ချီ အကုန်ခံ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ အလှူမှာ မဘသအမည်ခံ ဦးဝိစိတ္တာဘိဝံသ(ခ) ဝီရသူကိုလည်း ပါဝင်ပြီးတော့ တရား ဟောစေခဲ့တာကို တွေ့ရပါတယ်။
ဦးဝီရသူရော၊ ဗိုလ်မှူးကြီးစောချစ်သူပါ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပေးတဲ့ သီရိပျံချီဘွဲ့ကို မကြာသေးမီကမှ လက်ခံရယူထားသူတွေ ဖြစ်ပါတယ်။
အလှူပွဲကာလမှာ တရားမဝင်လိုင်စင်မဲ့ ကား ၁၁ စီး၊ ဆိုင်ကယ် ၁၈ စီးနဲ့ တန်ဖိုးကြီး လက်ကိုင်ဖုန်းတွေနဲ့ ငွေသားဆု ကံစမ်း မဲတွေကိုလည်း မဲဖောက်ပေးခဲ့တယ်လို့ ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာတွေက ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြခဲ့ ကြရာ ကံစမ်းမဲအတွက် ဘုန်းတော်ကြီးတွေကပါ တိုးဝှေ့ပါဝင်နေတဲ့ ဓာတ်ပုံဟာ လူအများကြား ဝေဖန်ထောက်ပြ စရာတွေဖြစ်ခဲ့ပါတယ်။
ဘာသာသာသနာနဲ့ ပတ်သက်လို့ ထောက်ပြဝေဖန်နေတဲ့ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က “အခုလိုမျိုး မကောင်း တာတွေနဲ့ စီးပွားရှာထားတဲ့ ရထားတဲ့၊ စစ်အာဏာရှင်နဲ့ ပေါင်းစားနေတဲ့ စောချစ်သူကို သွားပြီးတော့ ထောက်ခံအားပေးရာ ရောက်နေတယ်၊ ဒါဟာ လုံးဝသာသနာတော်နဲ့ မအပ်စပ်တဲ့ လုပ်ရပ်တွေပါ၊ အင်မတန်မှ ရှက်စရာကောင်းတယ်၊ တကယ် တမ်း ဗုဒ္ဓက ဟောပြောညွှန်ကြားခဲ့တာက ဟီရိ ဩတ္တပ္ပပေါ့။ ဒီတရားနှစ်ပါးကို ဖယ်လိုက်ရင် လောက ကြီးပျက်စီးစေတဲ့ အကြောင်းအရာလို့ ဗုဒ္ဓကဟောထားတယ်။ အခုလို ဘုန်းကြီးတွေမှာကအစ ဟီရိနဲ့ ဩတ္တပ္ပ မရှိဘူးဆိုရင်ရင် ဒါဟာ လောကကို ဖျက်ဆီးနေတဲ့လူတွေပါပဲ” လို့ မိန့်ကြားပါတယ်။

စစ်ကောင်စီဟာ စောချစ်သူကို နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး ကြီး ရာထူးနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ မူလ လက်နက်ကိုင်တပ်ဖွဲ့ရာထူးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရာထူးကိုသာ သုံးစွဲလေ့ ရှိပါတယ်။
ဒီလိုသုံးစွဲရတဲ့အကြောင်းအရင်းကတော့ စစ်တပ်အာဏာ မသိမ်းမီ လပိုင်းအတွင်းက တရုတ်ရာဇဝတ်ဂိုဏ်းတွေ ပါဝင် နေတဲ့ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနဲ့ပတ်သက်ပြီး “စီးပွားရေးလုပ်ချင်ရင် တပ်ကထွက်” ဆိုတဲ့ စစ်တပ်ရဲ့ ရာဇသံကြောင့် နှုတ်ထွက်စာတင်တဲ့အထိ ဖြစ်ခဲ့တာကနေ စတာပါ။
ဒါပေမယ့် “စီးပွားရေးလုပ်ချင်ရင် တပ်ကထွက်” ဆိုတဲ့ စစ်တပ်ရာဇသံဟာ အာဏာသိမ်း ပြီးတဲ့နောက်မှာ ဗိုလ်မှူးကြီး စောချစ်သူအဖို့ ပိုနေမြဲ ကျားနေမြဲဆိုသလို မူလရာထူးက မပြုတ်ရုံတင်မက သူ့ရဲ့ တရုတ်စီမံကိန်းကြီး ဟာလည်း တနေ့ တခြား တိုးတက် ကျယ်ပြန့်လာခဲ့ပါတယ်။
စောချစ်သူတည်ထောင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏီဟာ ရွှေကုက္ကိုလ်စီမံကိန်းမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ အကျိုးတူစီးပွားဖက် ပါဝင်နေသလို စီမံကိန်းအတွက် မြေငှားရမ်းခတွေလည်း အမြောက်အမြား ရရှိနေပါတယ်။

ဒီစီမံကိန်းဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ ဒေသတွင်း လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ် စေခိုင်းမှု၊ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုတွေ၊ တရားမဝင် လောင်းကစားလုပ်ငန်းတွေ အများအပြားလည်ပတ်နေပြီး ဒေသ တွင်းနိုင်ငံတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေပေမယ့် စောချစ်သူဦးဆောင်တဲ့ နယ်ခြား စောင့်တပ်ရဲ့ အဓိက ဝင်ငွေရလမ်း တခု ဖြစ်လာနေပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတည်ထောင်သူ တရုတ်လုပ်ငန်းရှင် Shi Zhijiang ကို ထိုင်းရဲတပ်ဖွဲ့က ယမန်နှစ် ဩဂုတ်လ အတွင်းက ဖမ်းဆီးခဲ့ပေမယ့် စီမံကိန်းကို ထိခိုက်မှုမရှိစေဘဲ ပုံမှန်လည်ပတ်နေတယ်လို့လည်း BGF ဘက်က ပြောဆို ခဲ့ပါတယ်။

စစ်တပ်ကတော့ ကရင်နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်တွေကို တရားမဝင်တဲ့ ရွှေကုက္ကိုလ်စီမံကိန်းနဲ့ ပတ်သက်လို့ ဖိအားပေးတာတွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ကာ ဝေစားမျှစားဖြစ်လာခဲ့ပါတယ်။
တရားမဝင်လုပ်ငန်းတွေနဲ့ ဥပဒေကို ကျော်လွန်ချိုးဖောက်တဲ့ ရွှေကုက္ကိုလ်စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက ထိန်းကျောင်းဖို့ကြိုးစားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရသလို ဒီစီမံကိန်း တစစ ကြီးထွား တိုးတက်လာနေခြင်းဟာလည်း အာဏာသိမ်းစစ်တပ် သဘောထားမပါဘဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ဒီလိုမျိုး တရားမဝင်လုပ်ငန်းတွေ၊ ရာဇဝတ်မှုတွေနဲ့ လည်ပတ်နေတဲ့ ရွှေကုက္ကိုလ်စီမံကိန်းရဲ့ အကျိုးအမြတ်ဝင်ငွေတွေဟာ ဆက်စပ်ပတ်သက်နေသူ စစ်ခေါင်းဆောင်တွေထံ စီးဆင်းနေသလို ဒီစီမံကိန်းမှာ အဓိကနေရာကပါတဲ့ ဗိုလ်မှူးကြီး စောချစ် သူဟာလည်း စီမံကိန်းရဲ့ အကျိုးအမြတ်ကနေ အပူဇော်ခံ စေတီတော်ကြီးတဆူတည်ကာ ဘုရားဒါယိကာတဦး အဖြစ် ခံယူ နေပါပြီ။
You may also like these stories:
တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော