သတင်း

ဖားကန့်၌ သာသနာ့မြေတွင် ကျောက်စိမ်းတူးသဖြင့် ကန့်ကွက်မှုများဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ နန့်စပိန်းမှော်လုံ သာသနာ့အောင်သုခကျောင်း ပရဝုဏ်နှင့် ရွာလယ်ကွန်ကရစ် လမ်းမကြီးတွင် လုပ်ငန်းရှင်တဦးက ကျောက်စိမ်းတူးဖော်သဖြင့် ဒေသခံများက ကန့်ကွက်နေ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သာသနာ့အောင်သုခကျောင်းထိုင် ဆရာတော် ဦးဝါယမနှင့် စစ်ကောင်စီ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘသာ တို့က သာသနာ့ပိုင်မြေနှင့် ရွာလယ်လမ်းကို ဖားကန့်မြို့မှ ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သူ ဧရာကုန်မာ ဆိုင်ပိုင်ရှင် ဦးအိုက်စံထံ သိန်း ၆၀၀၀ ကျပ် ဖြင့် ရောင်းစားခဲ့ကြောင်း၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၃ ရက်က နှစ်ဦးနှစ်ဖက် ငွေပေးချေ ပြီးနောက် ရွာလယ်ကွန်ကရစ်လမ်းမကြီးကို ဖျက်ဆီးကာ တူးဖော်ခြင်းများ စတင်ခဲ့ကြောင်း၊ ယခု မတ်လ ၈ ရက်တွင်လည်း ဘုန်းကြီးကျောင်းဝင်းအတွင်း တူးဖော်ခြင်း များကို စတင်လုပ်ဆောင်နေသဖြင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက “ရွာသူရွာသားတွေ သဘောမတူဘဲ တားမြစ်နေတဲ့ကြားက အများပိုင် ကွန်ကရစ်လမ်းမကြီးနဲ့ သာသာနာ့ပိုင်ကျောင်းဝင်းမြေကို ရောင်းစားခဲ့ကြတာ။ လမ်းကိုတူးတာ အခုဆို ကုန်သလောက် နီးပါး ဖြစ်နေပြီ။ ကျောင်းဝင်းထဲမှာပါ ဆက်တူးနေလို့ ရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ကြသေးတယ်။ ဘုန်းကြီး ဦးဝါယမနဲ့ အုပ်ချုပ်ရေးမှူး ဦးဘသာတို့က လုပ်ငန်းရှင် ဦးအိုက်စံနဲ့ပေါင်းပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာပါ ကျောက်နဲ့ရွှေ တူးနေကြ တယ်” ဟု ပြောသည်။

မတ်လ ၈ ရက်တွင် နန့်စပိန့်မှော်လုံကျောင်းဝင်းအတွင်း တူးဖော်နေမှုအား ဒေသခံများက သွားရောက်တားမြစ်ရာ ပဋိပက္ခ ဖြစ်ပွားခဲ့သေးကြောင်း၊ ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်လာပြီး ဖြေရှင်းရန်အတွက် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၁၁၉ တာမခန်တပ်စခန်းသို့ မတ် ၉ ရက်တွင် အစည်းအဝေး လာတက်ရန် ဖိတ် ခေါ်ခဲ့သော်လည်း တက်ရောက်သူ မရှိခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “အစည်းအဝေး ဖိတ်တာက ဓမ္မာရုံကြီးပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဖိတ်တာ။ ကျနော်တို့ မကျေနပ်တာက ကျောင်းထဲမှာ ရွှေတူး၊ ကျောက်တူးနေတာတွေကို မကျေနပ်ကြတာလေ။ ဒါကို ဘုန်းကြီးက ကျောင်းမြေ ကျောက်တူးတာ မကျေနပ်ရင် တပ်ရင်မှူးရှေ့မှာ ရှင်းမယ်ဆိုပြီး ပြောတာ။ နောက်ပြီး စစ်ကောင်စီ တပ်စခန်းပေါ်ကို အစည်း အဝေး ဖိတ်တာဆိုတော့ မသွားရဲကြဘူးပေါ့။ ဘုန်းကြီးက တပ်ရင်းမှူးနဲ့ပိုင်တော့ အခုလုပ်ရပ်က ကျနော်တို့ ရွာသားတွေကို ခြိမ်းခြောက်တာပဲလေ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီက သာသနာ့အောင်သုခ ကျောင်းထိုင်ဆရာတော် ဦးဝါယမကို ဆက်သွယ် မေး မြန်းရာ “လောလောဆယ်မှာ ရပ်ရွာကလူကြီးတွေက အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးနိုင်ဖို့အတွက် အလုပ်လုပ်နေကြ ပါတယ်။ လက်ရှိမှာတော့ တူးဖော်ရေးတွေ ဘာမှ မလုပ်ပါဘူး။ အကောင်ဆုံး ရလဒ်အဖြေ ထွက်အောင်တော့ ကော်မတီ ပိုင်းဆိုင်ရာတွေက အဆင့်ဆင့် ကြိုးစားနေကြပါတယ်” ဟု မိန့်ကြားသည်။

သို့သော် ကျောင်းဝင်းမြေအား ကျောင်းထိုင်ဆရာတော် အနေဖြင့် ရောင်းစားထားခြင်း ရှိမရှိကိုမူ ဆရာတော် ဦးဝါယမက ရှင်းလင်းတိကျစွာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

နန့်စပိန်း ကျေးရွာသားတဦးကလည်း “အခုလိုတွေ လုပ်မယ်ဆိုတာကို ကျနော်တို့ တရွာလုံးကို မတိုင်ပင်ဘူး။ အသိမပေး ဘူးဗျ။ အကယ်၍ တိုင်ပင်ခဲ့မယ်ဆိုရင်လည်း ကျနော်တို့ သဘောမတူဘူးဆိုတာသိလို့ အခုလို လုပ်တာ။ သာသနာ့ပိုင်မြေ တွေကို အခုလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ဒီဘုန်းကြီးကို ကျောင်းမှာ ဆက်ထိုင်ခွင့် မပြုနိုင်တော့ဘူး” ဟု ပြောသည်။

အလားတူ ယခုလဆန်းပိုင်းကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင်လည်း ရွာဦးကျောင်းဆရာ တော် ဦးတေဇောဘာသက ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီ၊ သိမ်၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးကျောင်း ဆောင်များကို ဖြိုဖျက်ကာ အကျိုးတူ ကျောက်စိမ်းတူးဖော်ခြင်းများ လုပ်ဆောင်ရန် ပြင်ဆင်ခဲ့သေးကြောင်း ဒေသခံများ ပြောဆိုသော်လည်း အဆိုပါ သတင်းနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေတူးဖော်ခြင်းနှင့် ကျောက်စိမ်းတူးဖော်ခြင်းများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများအပြင် လက်နက်ကိုင်အဖွဲ့များ၏ ဖိအားပေး ခြိမ်း ခြောက်မှုများကြောင့် လူနေကျေးရွာများ၊ သာသနာရေးဆိုင်ရာ အဆောက်အဦများ ဖြစ်သည့် ခရစ်ယာန်ဘုရားကျောင်း များ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ သိမ်များ၊ ဘုရားစေတီများကိုပါ ဖြိုဖျက်ကာ သယံဇာတတူးဖော်ခြင်းများ ပြုလုပ်လာ ကြောင်း ဒေသခံများက ဆိုသည်။

You may also like these stories:

ဖားကန့်၌ ရွာမြေများအထိ ကျောက်စိမ်းတူးကြ၍ ပြောင်းရွှေ့ရမည့် အခြေအနေကြုံ

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် စစ်ကောင်စီ ဘာကြောင့် ပိတ်သလဲ

ဖားကန့် ကျောက်လုပ်ငန်းရှင်များကို စစ်ကောင်စီက ငွေညှစ်ဖမ်းဆီးမှုများ လုပ်နေ

Loading