နေပြည်တော်ရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဂရံအမည်ပေါက် လရောင်တော စီမံကိန်းမြေနေရာနှင့် အဆောက်အအုံ များအား နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီဘက်က ရာဇဝတ်ပြင်ဆင်မှုအနေဖြင့် လျှောက်ထားသည့် ၃ မှု အား ပြည် ထောင်စု တရားလွှတ်တော်ချုပ်က ဖေဖော်ဝါရီ နောက်ဆုံးအပတ်က ပယ်ချ(ပလပ်)လိုက်ကြောင်း တရားလွှတ် တော်ချုပ်နှင့် နီးစပ်သူများထံက သိရသည်။
အဆိုပါ မြေနေရာချထားပေးမှုများနှင့် ပတ်သက်၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား စစ်ကောင်စီက အဂတိမှု သုံးမှုဖြင့် စွပ်စွဲတရားစွဲဆိုအပေါ် တရားရုံးက ထောင်ဒဏ် ၃ နှစ် (တမှုလျှင်ထောင် ၃ နှစ်ချခဲ့သော်လည်း တပေါင်းတည်း ကျခံစေသည့်အတွက် စုစုပေါင်း ၃ နှစ်) ချမှတ်ပြီးနောက် ဖောင်ဒေးရှင်းအမည်ပေါက် မြေနေရာနှစ်ခုနှင့် အဆောက်အအုံများကိုပါ နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီက ထပ်မံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
တရားလွှတ်တော်ချုပ်နှင့် နီးစပ်သူက “စည်ပင်သာယာက ခွင့်ပြုမိန့်ပေးထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် နေ ပြည်တော်မှာရှိတဲ့ ဂရံမြေကွက်နှစ်ခုရယ်၊ အဲဒီမြေကွက်ထဲမှာ ဆောက်ထားတဲ့ အဆောက်အအုံရယ်ကို နိုင်ငံတော် ပိုင်သိမ်းဖို့ ရာဇဝတ်ပြင်ဆင်မှု တက်တာ။ ဒါကို ပလပ်လိုက်တာ။ နောက်ပြီး ဒီအမှုတွေမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက် ကလည်း ရာဇဝတ်အယူခံမှုတွေ တက်ထားတာရှိတယ်။ အဲဒါတွေလည်း အကုန်ပလပ်လိုက်တယ်။ ဒါက တရားစီရင်ရေး အာဏာအရ လျှောက်ထားတဲ့အပေါ်မှာ တရားရုံးက ခွင့်မပြုတဲ့ သဘောပေါ့” ဟု ပြောသည်။
နိုင်ငံပိုင်သိမ်းရန် လျှောက်ထားမှုအား ယခုလို ပယ်ချလိုက်ခြင်းသည် တရားရေးအရ အပြီးအဆုံး မဟုတ်သေးဘဲ ဆက်လက်၍ အထူး အယူခံပြင်ဆင်မှုအနေဖြင့် လျှောက်ထားပိုင်ခွင့်ရှိနေသေးသဖြင့် စစ်ကောင်စီအနေနှင့် အခြား မည်သည့်နည်းလမ်းဖြင့် ထပ်မံလုပ် ဆောင်လာမည်ကိုလည်း မသိနိုင်သေးကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတဦး က ပြောသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဂရံအမည်ပေါက်ဖြင့် ပုဗ္ဗသီရိမြို့နယ်တွင် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧက ကျယ် ဝန်း သည့် မြေကွက်နှင့် ၎င်းမြေကွက်ပေါ်တွင် ဖောင်ဒေးရှင်းရုံး အဆောက်အအုံများ တည်ရှိသည်။ ထိုနေရာသည် သမ္မတဟောင်း ဦးသိန်းစိန်ပိုင်ဆိုင်သည့် ရွှေလယ်တောအနီးတွင် တည်ရှိသည်။
အခြားသော မြေကွက်တခုမှာ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေး၊ ရာဇသင်္ဂဟအိမ်ရာအနီးတွင် တည်ရှိ သည့် မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧက ကျယ်ဝန်းသည့် မြေနေရာ ဖြစ်သည်။
အဆိုပါ မြေကွက်များအား နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တရားဝင်သတ်မှတ်ထားသည့် ဈေးနှုန်း ဖြစ်သည့် ၁ ဧကလျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ဂရံအမည်ပေါက်ချထားပေးခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်တွင် မြေကွက်များအား ၁ ဧကလျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ချထားပေးမှုများ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တခုတည်းမဟုတ်ဘဲ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုရုံးချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြတ်စေတနာဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်းများအပါအဝင် စုစုပေါင်းအဖွဲ့အစည်း ၂၄ ဖွဲ့အား ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ကွယ်လွန်ပြီဖြစ်သော သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတခုတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
မြေနေရာရယူထားသည့် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီကဲ့သို့ အဖွဲ့အစည်းများမှာ တစုံတရာ အရေးယူခံရ ခြင်း မရှိသော်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား မြေနေရာချထားပေးမှုတွင် ဒေါ်အောင်ဆန်းစုကြည် သာမကဘဲ ထိုစဉ်က နေပြည်တော်မြို့တော်ဝန် ဖြစ်သည့် ဒေါက်တာ မျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့ ထောင်သုံးနှစ်စီ ချမှတ်ခံထားရသည်။
နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် လရောင်တောစီမံကိန်းသည် ပန်းမန်ဥယျာဉ်၊ ဟင်း သီးဟင်းရွက်များ စနစ်တကျ စိုက်ပျိုးတတ်ခြင်းဖြင့် မိသားစုဝင်ငွေ တဖက်တလမ်းမှ မြင့်တက်လာစေရန်နှင့် မြန်မာ နိုင်ငံအတွင်း နှစ်စဉ် ကြုံတွေ့နေရသော ရေဘေးဒဏ်၊ လေမုန်တိုင်းဒဏ်၊ အပူချိန်မြင့်မားမှုဒဏ်အစရှိသည့် သဘာဝ ဘေးအန္တရာယ်များ၏ အဓိက အကြောင်းအရင်းဖြစ်သော သစ်တောများပြုန်းတီးလာမှုအား ပြည်သူများ လက်တွေ့ သိရှိနားလည်နိုင်စေရန်နှင့် သစ်တောများအား တန်ဖိုးထားကာ ရေရှည်ထိန်းသိမ်း စောင့်ရှောက်သွားစေနိုင်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်တပ် အာဏာသိမ်းပြီးနောက်တွင် စီမံကိန်းများ အားလုံး ရပ်ဆိုင်းသွားခဲ့ရပြီး ဖောင်ဒေးရှင်းရုံးများလည်း ဝင်ရောက်စီးနင်းခံရကာ ဖောင်ဒေးရှင်းပိုင် ပစ္စည်းနှင့် ငွေကြေးများကိုလည်း စစ်ကောင်စီက သိမ်းဆည်းခဲ့သည်။
စစ်ကောင်စီအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အဂတိမှုများအပါအဝင် စုစုပေါင်း အမှု ၁၉ မှုဖြင့် စွပ်စွဲတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးခြားအဆောက်အအုံ ငယ်တခု တွင် အကျဉ်းချခံထားရပြီး ၎င်းအပေါ် စွပ်စွဲ အမိန့်ချမှတ်မှုများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ ဆက်လက်လျှောက်ထားကာ တရား ရင်ဆိုင်ဖြေရှင်းနေဆဲ ဖြစ်သည်။
You may also like these stories:
လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ
စစ်ကောင်စီဘက်မှ သက်သေလိုက်ခဲ့သည့် ဦးဖြိုးမင်းသိန်း ဒဏ်ငွေ ကျပ် ၁ သိန်းနှင့် အမှုပြီး