မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက် စီးနင်းနေသဖြင့် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသလို ဖမ်းဆီးခံထားရသူဦးရေမှာ ၆၀ ကျော်အထိ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၁၁ ရက် ညပိုင်းမှ စတင်ကာ ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေရာ ရွာ ၁၂ ရွာက ပြည်သူ ၇,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ထို့ပြင် ယနေ့ နေ့လယ်ပိုင်းအထိ ပေါက်မြောက်ပိုင်းက စံဖဲရွာတွင် ရှိနေသော စစ်ကောင်စီတပ်သည် ရွာခံ ၆၀ ဝန်း ကျင်ကို ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ၏ နေအိမ်များကို ပြခိုင်းခြင်း၊ အချက်အလက်များ စစ်ဆေးမေးမြန်းမှုများကို လုပ်ဆောင်နေကြောင်း ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့နှင့် မြောက်ပိုင်းဒေသခံများက ဧရာဝတီသို့ ပြောသည်။
ပေါက်မြောက်ပိုင်း ဒေသခံတဦးက “စံဖဲ ၁ ရွာတည်းနဲ့ ဖမ်းခံထားရတာ များတယ်။ အိမ်တွေလည်း ဖျက်နေတယ်။ မီးရှို့ တာတော့ မဟုတ်ဘူး။ PDF ခေါင်းဆောင်အိမ်တွေဆိုပြီး အကုန်လုံး လိုက်ဖျက်နေတာ။ အခုထိ ဖျက်တုန်းပဲ။ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာပဲ ဖမ်းထားတာ။ အိမ်တွေကို လိုက်ပြခိုင်းတာ စစ်တာဆေးတာတွေလည်း လုပ်တယ်” ဟု ပြောသည်။
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် စံဖဲရွာခံများကို စစ်ကြောင်းလာသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးရန် သတိပေးခဲ့ကြောင်း၊ ရွာအနီးသို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်နိုင်ခြင်း မရှိသေးဘဲ အခြေအနေ စောင့်ကြည့်နေရ ဆဲ ဖြစ်ကြောင်း ပေါက်မြောက်ပိုင်းကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ပြောသည်။
၎င်းက “ကျနော်တို့ အဖွဲ့တွေက ညကတည်းက ရှောင်ခိုင်းတယ်။ မရှောင်နိုင်တာနဲ့မှ ပိတ်မိသလို ဖြစ်သွားတာပေါ့။ အဲဒီမှာ ဖမ်းခံလိုက်ရတာ” ဟု ဆိုသည်။
စစ်ကောင်စီတပ်က ဓားစာခံပြည်သူများကို လက်မတွန့်တမ်း သတ်လေ့ရှိသဖြင့် ယခုကဲ့သို့ ရွာတွင်း ဖမ်းခံထားရသည့် ပြည်သူများအတွက် စိုးရိမ်မှုများ မြင့်တက်နေကြောင်း ဒေသခံများက ဆိုကြသည်။
စံဖဲရွာမှ ဒေသခံအပြင် စစ်ကြောင်းဖြတ်ခဲ့ရာ တလျှောက်က ရွာများ ဖြစ်သည့် သမားတော်ရွာမှ ဒေသခံ ၁ ဦး၊ ယင်း မကုန်းရွာမှ ဒေသခံ ၃ ဦးတို့ကို ဖမ်းဆီးထားကြောင်းနှင့် စံဖဲရွာမှ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းအပြင် အင် အား ၁၀၀ ခန့်ပါသော နောက်ထပ် စစ်ကြောင်းတခု မြောက်ပိုင်းတွင် ရှိနေကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းတွင် ပါဝင်သော တပ်သားများသည် ပခုက္ကူဘက်မှ အင်အားဖြည့်တင်းလာသည်ကိုသာ သိရှိပြီး မည်သည့် တပ်ရင်း၊ တပ်မက ဖြစ်သည်ကိုမူ ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများက အတည်မပြုနိုင်သေးပေ။

ပေါက်မြို့နယ် ဒေသခံတဦးက “တပ်ရင်း တပ်မက မသိရဘူး။ သူတို့က အရပ်ဝတ်တွေနဲ့လည်း ပါတယ်။ အပေါ်က အနက်၊ အောက်ကအနက်တွေလည်း ပါတယ်။ မြောက်ပိုင်း တနယ်လုံး ဟိုဘက်ရှောင်လိုက် ဒီဘက်ရှောင်လိုက် လှည့်ရှောင်နေရတာ။ တောင်ကလာရင် မြောက်ကို ပြေးရတယ်။ မြောက်ကလာရင် တောင်ကို အဲဒီလိုမျိုး ကွေ့ပတ် ရှောင်နေရတာ။ ပြေးစရာ ရွာကို မရှိတော့လို့ တောထဲမှာပဲ နေရတော့တာ” ဟု ပြောသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီလ ၂ ရက်ကစပြီး စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ဖြစ်သည်။ ထိုသို့ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်က ပိုမိုဖိနှိပ်မှုများ လုပ်ဆောင်လာသည်ဟု ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သုံးသပ်ကြသည်။
ဒေသခံ တဦးက “နေ့ခင်းဆိုရင် တပ်ဖျောက်ထားတဲ့ ပုံစံမျိုး၊ ညနေတို့ ညတို့ကျရင် ဟိုဝင်လိုက် ဒီဝင်လိုက်နဲ့ မွှေတာ ပဲ။ အခု စစ်ကြောင်းတွေက သေနတ်လည်း မဖောက်ဘူး။ အရင် စစ်ကြောင်းတွေက သေနတ်ဖောက်တော့ အသံ ကြားရပြီး ရှောင်ချိန်ပြုချိန်ရတယ်။ စစ်အုပ်ချုပ်ရေး မကြေညာခင်က စစ်ကြောင်းထိုးရင် နေ့ခင်းတွေ ထိုးတာများ တယ်။ အခုက ဝင်ရင်လည်း ညဘက်တွေ ဝင်တာ များတယ်။ ပျူရွာတွေ သူတို့ စခန်းတွေနဲ့ နီးတဲ့ဝန်းကျင်တွေမှာ စစ်ကြောင်းထိုးတာကတော့ အချိန်နာရီကို မရှိတော့ဘူး” ဟု ဆိုသည်။
ယခု ပေါက်မြောက်ပိုင်းတွင် ဝင်နေသည့် စစ်ကြောင်းပါ အင်အား ၁၀၀ ခန့်သည် မတ်လ ၈ ရက်ကတည်းက ပေါက် မြို့နယ်အတွင်းက အုန်းတောတောင်စုရွာ၊ အုန်းတောမြောက်စုရွာနှင့် ညောင်ဝန်းရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လရောင်ကလည်း “ဒီစစ်ကြောင်းတွေက ညတွင်းချင်းတွေပဲ ဝင်တာ။ အရင်စစ်ကြောင်းက မနက်ပိုင်းတွေ ဘာတွေ ဝင်တာ။ အင်အားထပ်တိုးပြီး ဖိလာတာ။ စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်ပိုင်းမှာ ပိုဖိလာတာ” ဟု ပြော သည်။
မတ်လ ၉ ရက်နေ့တွင် ညောင်ဝန်းရွာက ဒေသခံ အမျိုးသမီး ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး အောက်ကျင်းရွာခံ ၁ ဦးလည်း လမ်းတွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပေါက်မြို့နယ်မြောက်ပိုင်းတွင် ပြေးနေရသည့် စစ်ဘေးရှောင်ကျေးရွာများမှာ လယ်ဘဲ့၊ အင်ပင်၊ ဆူးလေကုန်း၊ ကမ်း ပျို၊ မုန်တော၊ အင်းယာ၊ ယင်းမာကုန်း၊ အောင်ချမ်းသာ၊ ထန်းငယ်တော၊ စံဖဲ၊ ရေတိမ်နှင့် ကျွန်းတောရွာတို့ ဖြစ် ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ မြို့ နယ်ပေါင်း ၃၇ မြို့နယ်အား ထုတ်ပြန်ထားသည်။
ထို့ပြင် ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် အကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေ ရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး အမိန့်များ တိုးမြှင့်သတ်မှတ်ပြီး အကြမ်းဖက် မှုများ လျော့ပါးအောင် ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို ထားသည်။
You may also like these stories:
တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ
အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်
စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ