မြစ်ဆုံအပါအဝင် ကချင်ပြည်နယ် နေရာအနှံ့၌ ရွှေတူးဖော်မှုများ တိုးလာ
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထက်ပိုင်းရှိ မြစ်ဆုံတဝိုက်နှင့် မလိခ၊ မေခမြစ်ရိုး တလျှောက်အပြင် ဆွမ်ပရာဘွမ်၊ ပူတာအိုဒေသများအထိပါ ရွှေတူးဖော်မှုများ ပိုမို တိုးချဲ့၍ ပြုလုပ်လာကြကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် စစ်တပ်နှင့်၎င်းတို့၏ အပေါင်းအပါကုမ္ပဏီများက အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ၊ မြေရှားသတ္တု၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားသတ္တုတူးဖော်မှုများကို ကြီးမားကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိသောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကချင်အရပ်ဘက်အဖွဲ့ ၁၂ ဖွဲ့ ပါဝင် သည့် Kachin National Forum (KNF) ကလည်း ယခုလ ၄ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါ ရွှေတူးဖော်မှုများကို မြစ်ကြီးနားမြို့ မြောက်ဘက် မြစ်ဆုံအထက်ပိုင်းတွင်၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ တရုတ်ထုတ် စက်ယန္တရားကြီးများနှင့် နေ့စဉ် နေ့ညမပြတ် လုပ်ဆောင်လာကြသလို၊ မြစ်၏ ကြမ်းပြင် ပေ ၂၀၀၊ ၃၀၀ အထိ တူးဖော်မှုများ ပင် ရှိနေသည်ဟု မြစ်ကြီးနား ဒေသခံများက ပြောသည်။
မြစ်ကြီးနားမြို့ဒေသခံတဦးက “ကျမသိရလောက်တော့ တရုတ် သူဌေးတွေလည်း ပါတယ်။ စက်ယန္တရားတွေကလည်း ကျမတို့ မတွေ့ဖူးတဲ့ ယန္တရားအကြီးတွေနဲ့ လုပ်နေတာ။ ဒါတွေက တရုတ်ပြည်ကနေ သယ်လာတဲ့ စက်တွေဖြစ်တယ် လို့ တချို့ကလည်း ပြောကြတယ်။ အဲဒီလိုမျိုးတွေတော့ ကျမတို့ ပြည်နယ်မှာ ဖြစ်နေတယ်။ ဒါကတော့ ကျမတို့ အမြင် ပေါ့ နော်။ မြစ်ဆုံမှာဆိုရင်လဲ မြစ်ကြမ်းပြင်ရဲ့ ပေ ၂၀၀ ၊ ၃၀၀ လောက်ရှိနေပြီ။ အဲဒါကြောင့် မြစ်ဆုံအထက်ပိုင်းမှာ ဆိုရင် ရေအိုင်ကြီးတွေ ဖြစ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ရွှေတူးဖော်သူများမှာ ယခင်ကဲ့သို့ လူ (အလုပ်သမား) အသုံးပြုမှု နည်းပါးပြီး စက်ယန္တရားအကြီးများနှင့်သာ တူးဖော်နေကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဓိကတော့ အာဏာပါဝါရှိတဲ့ လုပ်ငန်းရှင်တွေ ပိုများတယ်။ ဒီလိုပြောနိုင်တာက ကျမတို့တွေ မြစ်ဆုံရော၊ မေခ၊ မလိခဘက်ရော အများကြီး ကန့်ကွက်နေတယ်။ သူတို့ကတော့ တရားဝင်တူးတာလို့ ပြန်ပြောတယ်။ ဒါကြောင့် အာ ဏာပါဝါရှိတဲ့သူတွေကိုချုပ်ကိုင်ပြီး တူးတဲ့သူတွေပဲ ဖြစ်မယ်လို့ ထင်တယ်။ တရားဝင်ဆိုတာက အခုချိန်မှာ အစိုးရက မရှိဘူး။ အဲဒီတော့ ကျမတို့ ဘယ်သူ့ကို တိုင်ရမလဲ အကူအညီတောင်းရမလဲ မသိဘူး။ သူတို့ကတော့ ပြည်သူတွေရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး လုပ်နေတာပဲ” ဟု လက်ရှိ ကချင်ပြည်နယ်၏ ရွှေတူးဖော်မှု အခြေအနေများကို ပြောဆို သည်။
ယခု ရွှေတူးဖော်နေသူများသည် အာဏာရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သလို နောက်ကွယ်တွင်လည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပတ်သက်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီကမူ ကချင်ပြည်နယ်အတွင်း ရွှေ၊ မြေရှားသတ္တု၊ ကျောက်စိမ်းတူးဖော်ခြင်းများကို ခွင့်ပြုထားခြင်းမရှိ ကြောင်း မီဒီယာတချို့ကို ပြောဆိုထားသလို တူးဖော်သူများကိုလည်း အရေးယူလျက်ရှိကြောင်း ပြောထားသည်။
ယင်းနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသည့် ဒေသခံတဦးက “အစပိုင်းကတော့ တရုတ် တွေပါတယ်လို့ မြင်ရတယ်။ အခုနောက်ပိုင်းမှာတော့ တရုတ်တွေကို မတွေ့သလောက်ရှိတယ်။ ဒါပေမယ့် ရွှေတူးတဲ့ စက်ယန္တရားတွေကတော့ ကျနော်တို့ မမြင်ဖူးတဲ့ တရုတ်ပစ္စည်းတွေ။ မြစ်ဆုံအထက် မလိခဘက်မှာတင် စက်ယန္တရား တွေက ထောင်နဲ့ချီ ရှိနေတယ်။ အရင်က ဆွမ်ပရာဘွမ်တို့ ပူတာအိုတို့ဆိုတာ ရွှေတူးဖို့ လုံးဝမရှိဘူး။ တူးရင်လဲ တနိုင် တပိုင်ပဲ အခုကတော့ ယန္တရားတွေနဲ့ပါ တူးနေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေတူးဖော်သည့် လုပ်ငန်းရှင်သူဌေးများသည် ဒေသခံများကို ဘုရားကျောင်းများ ဆောက်ပေးခြင်း၊ လမ်းတံတားများ ပြုပြင်ပေးခြင်း၊ လမ်းများဖောက်ပေးခြင်း အစရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြောင်းပြကာ ဒေသခံများ အား စည်းရုံးပြီး ရွှေတူးဖော်ခြင်းများလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒေသခံတချို့က ရွှေတူးဖော်မှုများကို ကန့်ကွက်နေဆဲဖြစ်သော်လည်း ယခု နိုင်ငံရေးအခြေအနေအရ ပေါ်တင်ပြောဆို ပါက ကန့်ကွက်သူ၏အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ရွှေတူးဖော်မှုများကို လက်ရှိအချိန်တွင် မြစ်ချောင်းများတွင်သာမက ပူတာအိုမြို့နယ်၊ လန်းဒေါင်အုပ်စု သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ်လတပ်) တွင်ပါ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများရှိလာကြောင်း ဒေသခံများက ပြော သည်။
ထိုသို့ သဘာဝအရင်းအမြစ်များကို မိမိကိုယ်ကျိုးအတွက် အလွန်အကျူး ထုတ်ယူသုံးစွဲနေသည်မှာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေပြီး အနာဂတ်ကာလတွင် သဘာဝဘေးအန္တရာယ်များ ဆိုး ကျိုးများစွာ ဖြစ်ပေါ် လာမည် ဖြစ်ကြောင်း ဖော်ပြထားသလို ပြည်သူများကန့်ကွက်နေသည့် ရွှေတူးဖော်မှုများကို အမြန် ဆုံး ရပ်တန့်ပေး ရန်နှင့် တိုင်းရင်းသားများ၏ သဘာဝအရင်းအမြစ်များကို တန်ဖိုးထား၊ ထိန်းသိမ်းကာကွယ်ရန် ကချင်အရပ်ဘက်အဖွဲ့ ၁၂ ဖွဲ့ ပါဝင် သည့် Kachin National Forum (KNF)၏ ယခုလ ၄ ရက်ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ရွှေတူးဖော်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြစ်ဆုံအနီးတဝိုက်နှင့် ရွှေတူးဖော်သည့်နေရာနှင့် နီးသည့် ဒေသ များတွင် ဒေသခံများ လုပ်ကိုင်စားသောက်စရာ နေရာရှားပါးခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ မြစ်ကမ်းပါးပြိုကျ ခြင်းတို့ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခုကဲ့ ရွှေတူးဖော်မှုများကို ဆက်တိုက်ပြုလုပ်နေမည်ဆိုပါက နောင် ၅ နှစ် မကြာသည့်အချိန်အတွင်း မြစ်ဆုံဒေသ ပျောက်သွားနိုင်သလို ယင်းနေရာရှိ ရွာများ၊ ဧရာဝတီမြစ်ရိုးတလျှောက် ဒေသခံများ အခက်အခဲများ ဖြစ်လာနိုင်ပြီး လက်ရှိတွင်လည်း ရွှေတူးဖော်မှုများ၏ နောက်ဆက်တွဲအခြေအနေကြောင့် သောက်သုံးရေ ရှားပါးခြင်း၊ ရေအဆိပ် သင့်ခြင်း၊ သား ငါးသယံဇာတရှားပါးခြင်းများကိုလည်း ခံစားနေရပြီဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။
You may also like these stories:
ဖားကန့်၌ သာသနာ့မြေတွင် ကျောက်စိမ်းတူးသဖြင့် ကန့်ကွက်မှုများဖြစ်နေ
အင်းတော်ရှိ ရွှေမျောလုပ်ကွက်တချို့ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပိတ်
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”