ခင်ဦးတွင် စစ်တပ်က PDF တဦးကို ခေါင်းဖြတ်သတ်ပြီး သစ်ပင်၌ ချိတ်ဆွဲထားခဲ့
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်းဖြင့် တိုးခဲ့ရာမှ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး ခေါင်းဖြတ်သတ်ခံရသူ၏ ဦးခေါင်းအား သစ်ပင်၌ ချိတ်ဆွဲထားခဲ့ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ကျန်တဦးကိုလည်း နဖူးအား သေနတ်ဖြင့်တေ့ပြီး ပစ်သတ်သွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများမှာ အသက် ၂၀ ကျော် အရွယ် သံဘိုကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ကိုသက်နိုင်ဖြိုးနှင့် ကိုကျော်ရဲတို့ ဖြစ်ပြီး သံဘိုကျေးရွာအနီးတွင် သတ်ဖြတ်ခံခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။
ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက “ခင်ဦးကနေ စစ်ကြောင်းက ပြန်တဲ့အချိန် သံဘိုရွာကနေ လမ်းဘေးကို ကင်းထောက် တဲ့အခါမှာ ဖမ်းမိသွားပြီး အသတ်ခံခဲ့ကြရတာ။ တယောက်ကိုတော့ နေရာမှာ ပစ်သတ်ထားခဲ့ပြီး နောက်တယောက်ကို လက်ပြန်ကြိုးတုပ် ခေါ်သွားပြီးတော့မှ တနေရာကျမှ ခေါင်းဖြတ်သတ်ပြီး သစ်ပင်မှာ ချိတ်ထားခဲ့ကြတာ။ ရုပ်အလောင်းတွေ က ပြန်ရလို့ မနေ့ကပဲ သဂြိုဟ်ပြီးပါပြီ” ဟု ပြောသည်။
မတ် ၁၂ ရက်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ခင်ဦးမြို့သို့ ရောက်ရှိလာပြီးနောက် မတ် ၁၃ ရက်တွင် ပျူစောထီးကျေးရွာဟု သတ်မှတ်ခံထားရသော မကျီးတုံကျေးရွာမှတဆင့် ချောင်းဆုံ၊ သံဘို တောတန်းများအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာရာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်ကာ ကင်းထောက်ချိန် သံဘိုကျေးရွာအနီးတွင် ရှေ့ပြေးကင်းပုန်းနှင့်မိပြီး ဖမ်းဆီးခံခဲ့ကြရခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကိုသက်နိုင်ဖြိုး၏ ဦးခေါင်းကိုဖြတ်ပြီး သစ်ပင်၌ ချိတ်ဆွဲထားခဲ့သလို ခန္ဓာကိုယ်ကိုလည်း အနီး အနားတွင်ပင် စွန့်ပစ်ထားခဲ့ကြောင်း၊ ကိုကျော်ရဲကိုလည်း နဖူးအား သေနတ်ဖြင့်တေ့ပြီး ပစ်သတ်သွားသလို ၎င်းတို့ စီးနင်း ခဲ့သော ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
ထို့ပြင် အနီးဝန်းကျင် ယာခင်းထဲရှိ တဲတလုံးအတွင်းမှ သားအဖနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသက် ၆၀ ကျော်အရွယ် ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ၂၅ နှစ်ခန့်အရွယ် သားဖြစ်သူမှာ ယနေ့အချိန်ထိ ပြန်လည် လွတ် မြောက်လာခြင်း မရှိသေးဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများက ဆိုသည်။
PDF နှစ်ဦး သတ်ဖြတ်ခံရသည့် မတ် ၁၂ ရက်တွင် ရေဦးမှ ခင်ဦးမြို့သို့ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ခင်ဦးမြို့ အနောက်ဘက် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် Royal Tiger Guerilla Force အဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်း အဖွဲ့များက ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
သံဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက “ဒီကောင်တွေက ခဏခဏ မိုင်းဆွဲခံရ၊ ခြုံခိုတိုက်ခိုက်ခံရတာတွေကြောင့် အခုနောက်ပိုင်း ပုံမှန်လမ်းတွေအတိုင်း မသွားရဲကြတော့ တောလမ်းတွေကို အသုံးပြုပြီးပဲ သွားကြတော့တာ။ အခုဖြစ်စဉ် ကလည်း တမင်လုပ်သွားတာမျိုး မဟုတ်ပေမယ့် ကျနော်တို့ ရဲဘော်တွေက ကံဆိုးပြီး ထိပ်တိုက်တွေ့လို့သာ ဖြစ်သွားတာ မျိုးပဲဗျ” ဟု ပြောသည်။
ထို့နောက် အဆိုပါ စစ်ကြောင်းသည် ပျူစောထီးကျေးရွာဟု နာမည်ကြီးသော ဘုတ်ကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီးနောက် တောလမ်းများအတိုင်း ဆက်လက် ထွက်ခွာကာ ရွှေဘိုမြို့အနီးရှိ အမှတ် (၈) တပ်သားသစ်လေ့ကျင့်ရေးကျောင်းသို့ ထွက် ခွာသွားကြောင်း သိရသည်။
ခင်ဦးဒေသခံတဦးက “၁၁ ရက်နေ့က ရေဦးဘက်ကနေ ခင်ဦးနယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ခင်ဦးမြို့ ပေါ်ကို အဖွဲ့ခွဲဝင်လာတဲ့အချိန် မြို့အဝင်ပျားဂေဟာနားမှာ မိုင်းဆွဲခံခဲ့ကြရသေးတယ်။ အဲဒီ စစ်ကြောင်းမှာ ဓားစာခံအဖြစ် ဖမ်းလာတဲ့ အရပ်သား ပြည်သူ ၃၀ လောက်လည်း ပါလာတယ်။ စစ်ကြောင်း ပြန်ထွက်တဲ့ အချိန်မှာတော့ ဓားစာခံတွေ ပါမသွားဘူးလို့ သိရပါတယ်” ဟု ပြောသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ တန့်ဆည် မြို့နယ်များအတွင်း လှည့်လည် စစ်ကြောင်းထိုးကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား လုယက်ခိုုးယူခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်းအပြင် ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများကို လည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
သံဘိုကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသော ကျေးရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျထားသလို အနီးဝန်းကျင်ရှိ မကျီးတုံကျေးရွာတွင် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်များ တပ်စွဲထား သောကြောင့် သံဘိုဒေသခံ အနည်းငယ်သာ ကျေးရွာအတွင်း နေထိုင်ကြပြီး အများစုမှာ တောတိုက်(ယာတဲ) များ၊ စိုက်ပျိုး လယ်ယာမြေများတွင် ယာယီတဲများထိုးကာ တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး၊ ဒေသကာကွယ်ရေးအဖွဲ့ဝင်များနှင့် အရပ်သားပြည်သူ ၂၇၅ ဦးထိ သတ်ဖြတ်ခံထားရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထား သည်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရသော ခင်ဦးမြို့နယ်အတွင်းသို့ အမှတ် (၁၀) စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် လက် အောက်ခံတပ်ရင်းများ ဖြစ်သည့် ခမရ ၃၆၄၊ ၃၆၅၊ ၃၆၆၊ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခမရ ၇၀၄၊ ၇၀၆၊ ၇၀၈ တပ်ရင်းများ ဝင်ရောက် စစ်ကြောင်းထိုးခဲ့ကြသလို ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများနှင့် လေ့ကျင့်ရေး (၈) တပ်များ စစ်ကြောင်းထိုးလျက် ရှိကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၆၀ ခန့်ထိ မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံပြည်သူ အများစု အိုးမဲ့အိမ်မဲ့ ဖြစ်နေသလို စစ်ကြောင်းများ အဆက်မပြတ် ဝင်ရောက်နေသဖြင့် စားဝတ်နေရေး အခက်အခဲများ လည်း ကြုံနေရကြောင်း ဒေသခံများက ဆိုသည်။
You may also like these stories:
စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့
ဒီပဲယင်းတွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းကာ လူသားဒိုင်းလုပ်နေ