ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်ဘက်ခြမ်း ဆေးသမားကြီးကျေးရွာအုပ်စု၊ ဖွဲရာကုန်းဒုက္ခသည်စခန်းမှ အဓမ္မ ကျင့်ခံရသည့် မွတ်စလင်အမျိုးသမီးများအမှုမှာ ယခုအချိန်တိုင် တရားမစွဲတင်နိုင်သေးကြောင်း ယင်းအမျိုးသမီး များအရေး ဆောင်ရွက်နေသူများက ပြောသည်။
အဆိုပါ အမျိုးသမီးများအား ဖွဲရာကုန်းစခန်းတာဝန်ခံ အိုစမာန်ဂိုနီဆိုသူက အမျိုးမျိုးခြိမ်းခြောက်ပြီး အဓမ္မပြု ကျင့်ခဲ့ သော်လည်း အမှုဖွင့်မရဘဲ ဖြစ်နေရာမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် အမျိုးသမီး ၉ ဦးက စစ်တွေမြို့မရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း ရခိုင်အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။
ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ဖွဲရာကုန်း ဒုက္ခသည်စခန်းက အမျိုးသမီးတွေအမှုက တရားစွဲတင်တဲ့ အဆင့်ကို မရောက်သေးဘူး။ ရဲကဥပဒေ အကြံတောင်းထားတယ်လို့ ပြောတယ်။ ကျမတို့ကတော့ ဒီအမှု အမှုမှန် ပေါ် ပေါက်ဖို့နဲ့ အမှုပြီးဆုံးတဲ့အထိ လိုက်ပါ ကူညီဆောင်ရွက်ပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖွဲရာကုန်း ဒုက္ခသည်စခန်းမှအမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့် အမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်း တွင် အမျိုးသမီးတဦးချင်းစီအတွက် ပထမသတင်းပေးတိုင်ချက်ဖွင့်ကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှု ဖွင့် လှစ်ထားရှိခဲ့သော်လည်း တရားရုံးစွဲတင်သည့်အဆင့် မရောက်သေးသည့်အတွက် အမှုအခြေအနေအပေါ် စောင့်ကြည့် နေကြောင်းလည်း အမျိုးသမီးအရေး ဆောင်ရွက်ပေးနေသူများက ဆိုသည်။
ရခိုင်အမျိုးသမီးများ အဖွဲ့ချုပ်မှ ဒေါ်စောပုစိန်က “ဒီအမှုကတော့ တိမ်ကောသွားမယ်လို့တော့ ကျမတို့ မထင်ဘူး။ တိမ် ကောလည်း ကျမတို့ မခံဘူး။ တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ် အသေချာ ကိုင်တွယ်မယ်လို့ ပြောတယ်။ အဓိက တော့ မွတ်စလင် အမျိုးသမီးတွေအတွက် ကျမတို့ အလုပ်လုပ်တာကို သူတို့(မွတ်စလင်)က ကြိုဆို ကမ်းလှမ်းသင့် တာပေါ့။ မွတ်စလင်အဖွဲ့အစည်း အသိုင်း အဝိုင်းတွေ ကျမတို့ကို သတင်းပေးသင့်တယ်။ ဘယ်လို အခြေအနေရှိလဲ၊ သူတို့လည်း တတ်နိုင်တဲ့ဘက်က ကူပေးမယ်ဆိုတာမျိုးရှိရမယ်။ အခုက တယောက်မှ ဆက်သွယ်သတင်းပေးတာ မရှိ ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖွဲရာကုန်း ဒုက္ခသည်စခန်းတာဝန်ခံ အိုစမာန်ဂိုနီဆိုသည်သူက စခန်းရှိအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည်မှာ၂၀၁၂ ခုနှစ်နောက်ပိုင်းကစ၍ ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်ထားသဖြင့် ကာယကံရှင် များမှာ ထုတ်မပြောရဲဘဲ ရေငုံနှုတ်ပိတ်နေခဲ့ကြကြောင်း၊ ထိုသို့ ထုတ်ဖော်မပြောခြင်းကို အိုစမာန်ဂိုနီ အခွင့်ကောင်း ယူ၍ အိမ်ထောင်ရှင် အမျိုးသမီးအပါအဝင် ငယ်ရွယ်သည့် မိန်းမပျိုများနှင့် စိတ်မနှံ့သူများပါမကျန် မုဒိမ်းကျင့်ခဲ့မှုများရှိ လာခဲ့ပြီးနောက် ကာယကံရှင်များကိုယ်တိုင် သက်ဆိုင်ရာသို့ အရဲစွန့် တိုင်ကြားမှုများ ပြုလုပ်လာကြခြင်း ဖြစ်သည်။
ထိုသို့ စခန်းတာဝန်ခံ၏ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးဦးရေမှာ ၄၀ ကျော်ရှိကြောင်း ကာယကံရှင်များနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ဖော် ပြောဆိုချက်များအရ သိရသည်။
အဆိုပါ မွတ်စလင်ဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်အရေးအခင်းကာလအတွင်း စစ်တွေမြို့ပေါ်ရှိ နာဇီရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် စသည့် ရပ်ကွက်များမှ ပြောင်းရွှေ့သွားသူများ ဖြစ်ပြီး စခန်း ၌ နေထိုင်သူဦးရေမှာ ၅၀၀ ကျော် ရှိကြောင်း သိရသည်။
စစ်တွေမြို့ အနောက်ဘက်ခြမ်းတွင်တည်ရှိသည့် မွတ်စလင် ဒုက္ခသည်စခန်းများထဲတွင် ဖွဲရာကုန်းစခန်းမှာ မြို့နှင့် အလှမ်းအဝေးဆုံး စခန်းတခုဖြစ်သလို သွားရေးလာရေး ခက်ခဲပြီး၊ ပင်လယ်ကမ်းစပ် သဲသောင်ပြင်၌ တည်ရှိသည်။
You may also like these stories:
ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား