သတင်း

ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပျူစောထီးများက အစည်းအဝေး ခေါ်ယူကာ မြို့ခံများကို ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ဖိအားပေးနေကြောင်း သိရသည်။

မတ် ၁၄ ရက်တွင် ရှမ်းစုပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းထိုက်နှင့် ပျူစောထီးအဖွဲ့ဝင် ငတူး၊ ငဝင်းတို့ ဦးဆောင်ကာ အစည်းအဝေးလုပ်ပြီး ဖိအားပေးခြင်းဖြစ်ကြောင်း၊ လာမည့် မတ် ၁၉ ရက်နေ့ အစည်းအဝေး တွင် သင်တန်းတက်ရန် အမည်စာရင်း ပေးသွင်းရမည်ဟု ပြောကြောင်း ကျွန်းလှမြို့ခံများက ဆိုသည်။

ကျွန်းလှမြို့ခံတဦးက “မနေ့က ပျူခေါင်းဆောင်လည်းဖြစ်၊ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ သန်းထိုက်က အစည်းအဝေး ခေါ်ပြီး တော့ မြို့လုံခြုံရေး၊ မြို့ နေပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစ်ိမ်တွေကို ကာကွယ်ဖို့အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သား တွေ အနေနဲ့ ပြည်သူ့စစ်သင်တန်းတွေ မဖြစ်မနေ တက်ရောက်ရမယ်။ ပြည်သူ့စစ်မရှိတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံနေရတာမို့ သင်တန်းတွေ တက်ထားဖို့ လိုတယ်၊ ကိုယ့်အသိစိတ်နဲ့ကိုယ် တက်ကြ။ မတက်ရင် မဲနှိုက်ရွေးချယ်ရမယ်လို့ ပြောခဲ့တာ” ဟု ရှင်းပြသည်။

ကျွန်းလှမြို့တွင် စစ်ကောင်စီတပ်များ သီးသန့်အထိုင်မရှိဘဲ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ ကသာ ကြီးစိုးနေပြီး လုံခြုံရေး အကြောင်းပြချက်ဖြင့် မြို့ဝင်မြို့ထွက်များ၌ ဂိတ်များဖွင့်ကာ ခရီးသွားပြည်သူများ၊ မော်တော် ယာဉ်များကို တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသလို မတ်လဆန်းပိုင်းမှ စ၍ မြို့အဝင် အထွက်အား ပိတ်ထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

၁၀ တန်းစာမေးပွဲ အကြောင်းပြပြီး မြို့အဝင်အထွက်ကို မတ် ၁ ရက်မှ ၁၀ ရက်ထိ ပိတ်ခဲ့ကြောင်း၊ မတ် ၁၁ ရက်မှ ၁၄ ရက်ထိ ပြန်ဖွင့်ပေးပြီးနောက် ယနေ့ ပြန်ပိတ်သွားပြန်ရာ မည်မျှကြာသည်အထိ ပိတ်ထားမည်ကို မသိရသေးကြောင်း ဒေသခံတဦးက ဆိုသည်။

ထိုသို့ မြို့အဝင်အထွက်အား ပိတ်ထားသဖြင့် ဒေသခံများမှာ အရောင်းအဝယ် ရပ်တန့်ကုန်ပြီး ကျေးရွာများအတွင်း အခြေခံ စားသောက်ကုန်၊ ဟင်းသီးဟင်းရွက် စသည် ဖြင့် ဝယ်ယူစားသောက်ရန် အခက်အခဲများ ဖြစ်နေရကြောင်းနှင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများလည်း ရင်ဆိုင်နေရ ကြောင်း သိရသည်။

အထက်ပါ ကျွန်းလှမြို့ခံက “ကျန်းမာရေးကြောင့် မဖြစ်မနေ ခိုးလာရတဲ့ ရွာသားတွေဆိုရင် ပျူတွေမိတာနဲ့ အရိုက်ခံရတာ၊ ဆိုင်ကယ်နဲ့ ပါသမျှပစ္စည်း အကုန်သိမ်းခံရတာမျိုးတွေလည်း ရှိတယ်။ ဒါကြောင့် အခုဆိုရင် မဖြစ်မနေ တကယ်လိုအပ်မှပဲ ကိုယ့်ရပ်ရွာက လူကြီးတွေရဲ့ ထောက်ခံချက်နဲ့ လာကြတော့တယ်။ မြို့ပေါ်က ဆိုင်တွေမှာလည်း စားသောက်ကုန်ကလွဲ ရင် ကျန်တဲ့ဆိုင်တွေက ငုတ်တုတ်ပဲ။ မြို့ကို အဝင်အထွက် ပိတ်ချလိုက်တော့ အကုန်ဒုက္ခရောက်တယ်။ အခုလို ကာလမှာ မြို့အဝင်အထွက် သွားလာခွင့်ပိတ်တာက ပြည်သူတွေ ပိုပြီး ခက်ခဲကျပ်တည်းစေတယ်” ဟု ဆိုသည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်များ၌ ဆယ်အိမ်စုတစုလျှင် တယောက်နှုန်းဖြင့် မြို့အဝင်အထွက်ဂိတ်များအား စောင့်ရန် ဖိအားပေး ခိုင်းစေနေသလို အလှည့်ကျနေအိမ်မှ ကင်းမစောင့်နိုင်လျှင် ကျပ်တသောင်း ပေးဆောင်နေရကြောင်း၊ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း မြို့ပေါ်တွင် လောင်းကစားဝိုင်းများ ပိုတိုးလာပြီး ပျူစောထီးနှင့် ရဲတပ်ဖွဲ့အား ဆက်ကြေးပေးကာ မြို့ပေါ်၌ပင် ခြောက်ကောင်ဂျင်ဝိုင်း ၄ ဝိုင်းနှင့် လက်ဖက်ရည်ဆိုင်များတွင်လည်း တင်ပိုလာ လောင်း ကစားနည်းများ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာနေကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ကျေးရွာပေါင်း ၁၁၄ ရွာ ရှိပြီး မြို့ပေါ် ၄ ရပ်ကွက် ၌ အိမ်ခြေ ၂၇၀၀ ကျော် ရှိကြောင်း၊ ကျွန်းလှမြို့သည် သဖန်းဆိပ်ဆည် တည်ဆောက်ခဲ့ခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် မြို့ငယ်လေး ဖြစ်သော်လည်း စစ်တပ် အာဏာမသိမ်းမီက အရောင်းအဝယ် ဖြစ်ထွန်းခဲ့သော မြို့တမြို့ ဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။

ကျွန်းလှမြို့နယ်တွင် မြေဖယောင်းလည်းထွက်ရှိကာ ဒေသခံအများစုမှာ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ ရွှေလုပ်ငန်းနှင့် ရေနံတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။

ယခုအခါ ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များမှာ ဒေသခံများ အပေါ် လက်နက်ဖြင့် အနိုင်ကျင့် ခြိမ်းခြောက် ငွေကြေးတောင်းယူခြင်း၊ ပျူဂိတ်များအား စောင့်ခိုင်းခြင်းနှင့် စစ်ကောင်စီက ဦးစီးပြုလုပ်နေသည့် ပြည်သူ့စစ်သင်တန်းများ တက်ရောက်ရန် ခြိမ်းခြောက်ခိုင်းစေခြင်းများအပြင် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းပြီး ၎င်းတို့အား မထောက်ခံသည့် မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန် လက်ဝတ်ရတနာ နှင့် စားနပ်ရိက္ခာများအား အဓမ္မလုယက် သိမ်းဆည်းခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ထားခြင်း မရှိကြောင်း ငြင်းဆိုထားသော်လည်း ဒေသခံ ပြည်သူများ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ်ဆင်ပေးခြင်း၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ လိုအပ်လျှင် ဥပဒေအရ ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန် ရှိကြောင်း ပြောဆိုထားသည်။

You may also like these stories:

ပျူစောထီးများအတွက် ရိက္ခာပေးရန် ကန့်ဘလူဒေသခံများ ခြိမ်းခြောက်ခံရ

ကန့်ဘလူနယ်မှ NLD ထောက်ခံသူတို့၏ အိမ်များ ပျုစောထီးများ ချိပ်ပိတ်

ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး

ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်

မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ

Loading