တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်တွင် မော်စကိုတွင် ရုရှားအာဏာရှင် ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် စကားပြောရန် စီစဉ်နေကြောင်း Wall Street Journal (WSJ) သတင်းစာက မတ် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ရုရှား၏ ကျူးကျော်မှု စတင်ချိန်မှစ၍ တရုတ်နှင့် ယူကရိန်းခေါင်းဆောင်များအကြား ပထမဆုံး စကားပြောဆိုမှုသည် အွန်လိုင်းတွင် ပေါ်ပေါက်လာဖွယ်ရှိကြောင်း WSJ က ရေးသားခဲ့သည်။
WSJ သတင်းအရ ရှီ၏ ရုရှားခရီးစဉ်နှင့် အလားအလာရှိသော ဇယ်လန်းစကီးနှင့် စကားပြောဆိုမှုသည် ယူကရိန်းနှင့် ရုရှားစစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းရန် ပေကျင်း၏ဆန္ဒကို ရောင်ပြန်ဟပ်နေသည်။
တရုတ်သမ္မတသည် ၎င်း၏ ရုရှားခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် အခြားဥရောပနိုင်ငံများသို့ ခရီးထွက်ရန်လည်း အာရုံစိုက်နေကြောင်း WSJ က ပြောသော်လည်း ၎င်း၏ခရီးစဉ် အပြည့်အစုံမှာ အပြီးသတ်ခြင်း မရှိသေးပေ။
ထိုနေ့ အစောပိုင်းကလည်း ရိုက်တာသတင်းတွင် ရှီ၏ မော်စကိုခရီးစဉ်သည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။
ရုရှား-ယူကရိန်း စစ်ပွဲကို ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဌာနက ဘေဂျင်း၏ ရပ်တည်ချက်ကို အသေးစိတ်ဖော်ပြသည့် အချက် ၁၂ ချက်ပါ ကြေညာချက်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ပြီးနောက် မကြာမီတွင် ဇယ်လန်းစကီးက တရုတ် သမ္မတ ရှီနှင့် တွေ့ဆုံလိုကြောင်းနှင့် ယင်းသည် “ကမ္ဘာကြီးထဲက ကျွန်ုပ်တို့၏ နိုင်ငံများနှင့် လုံခြုံရေးအတွက် အကျိုးပြုနိုင်” ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတက တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို ငြိမ်းချမ်းရေးအစီအစဉ်အဖြစ် ထည့်သွင်းစဉ်းစားခြင်း မရှိသော်လည်း အဆိုပြုချက်တွင် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဖြစ်နိုင်ချေရှိသည့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှု ပါဝင်ကြောင်းလည်း ဆိုသည်။ ဘေဂျင်း၏ ကြေညာချက်ကို ရုရှား၏ မျက်နှာသာပေးမှုနှင့်သာ လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဝေဖန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် ဤရလဒ်ကို လွယ်ကူချောမွေ့စေရေးအတွက် “အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်” ကတိပြုခဲ့သည်။ သို့သော် စစ်ပွဲအပေါ် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုကို ဝေဖန်ပြီး ဘေဂျင်းက မကြာခဏ အသုံးပြုလေ့ရှိသည့် ဝေါဟာရများဖြစ်သော “စစ်အေးစိတ်ဓာတ်” နှင့် “တဖက်သတ် ပိတ်ဆို့အရေးယူမှုများ” အား စွန့်လွှတ်ရန် တိုက်တွန်းထားသည်။
NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ယူကရိန်းအတွက် တရုတ်နိုင်ငံ၏ အဆိုပြုထားသည့် ငြိမ်းချမ်းရေးအစီအစဉ်အပေါ် သံသယဝင်ခဲ့ပြီး ရုရှား၏ ကျူးကျော်မှုကို ပြတ်သားစွာ ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
ကိုးကား။ ။ The Kyiv Independent news desk
You may also like these stories:
ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား
ယူကရိန်းစစ်ပွဲ ၁၂ လအတွင်း ရုရှား ဖရိုဖရဲဖြစ်မှုများနှင့် အလားအလာ
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
အတိုက်အခံခေါင်းဆောင်ကို ကမ္ဘောဒီးယားအစိုးရ ထောင်ဒဏ် ၂၇ နှစ် ချ
မလေးရှား ဝန်ကြီးချုပ်ဟောင်း ယက်ဆင်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး