သတင်း

နေပြည်တော်က ဆင်းတုတော်ကြီး "မျက်ရည်ကျ" လို့ ယာယီ ပိတ်ထား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး တည်ထားကိုးကွယ်နေတဲ့ နေပြည်တော်က မာရဝိဇယ ဆင်းတုတော်ကြီးမှာ မျက်လုံးအောက်က အစင်းကြောင်းတွေပေါ်ပြီး “မျက်ရည်ကျသလိုဖြစ်နေ”လို့ ဘုရားကြီးကို အဝတ်တွေနဲ့ ကာရန်ကာ ပြန်လည် ပြုပြင်နေပြီး ဘုရားဖူးခွင့်၊ ဓာတ်ပုံရိုက်ခွင့်တွေ ပိတ်ပင်ထားတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတဦးက “ဘုရားကြီးကို ပိတ်ထားတယ်။ ဖူးမျှော်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပိတ်ထားတယ်၊ ကြိတ်ပြီးတော့ မျက်နှာတော် ပြုပြင်နေတာ သေချာတယ်”လို့ ဆိုပါတယ်။

အခု “မာရဝိဇယ” ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာပါမယ်။ “တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်မည်”လို့ စစ်ကောင်စီ သတင်းစာတွေက ဆိုထားပါတယ်။

နေပြည်တော်က မာရဝိဇယ ဆင်းတုတော်ကြီး/Cincds

နေပြည်တော်ကို ရောက်လာဖို့ စကျင်ကျောက်တော်ကြီး တည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်း အထိ ရေလမ်းကြောင်း၊ အဲဒီကနေတဆင့် မန္တလေး-ရန်ကုန် အမြန် လမ်းအတိုင်း နေပြည်တော်အထိ စက်ယန္တရားကြီးတွေနဲ့ ခက်ခက်ခဲခဲ သယ်ယူခဲ့ရပြီး သယ်ဆောင်တဲ့လမ်းမှာ တောင်သူတွေရဲ့ မြေနေရာ ပျက်စီးဆုံးရှုံးတာတွေလည်း ကြုံခဲ့ရပါသေးတယ်။

တောင်သူတွေဘက်က ကန့်ကွက်နေချိန် စစ်တပ်က အာဏာသိမ်းလိုက်တာမို့ နောက်ပိုင်း အဲဒီသတင်းတွေလည်း ပျောက်သွားခဲ့ရပါတယ်။ အမြန်လမ်းကနေတဆင့် သယ်ယူချိန်မှာ အမြန်လမ်းမှာ လက်ရှိ အသုံးပြုနေတဲ့ တံတားတွေ အပေါ်ကို ဖြတ်လို့ မရတာကြောင့် လမ်းကြောင်းအသစ်တွေ ဖောက်ပြီး သယ်ယူရတာလည်း ဖြစ်ပါတယ်။

ဒီရုပ်ပွားတော်ကြီးဆီကို အာဏာရှင်ဟောင်း ဦးသန်းရွှေလည်း အခုလဆန်းပိုင်းမှာ သွားရောက်ခဲ့တဲ့ ပုံတွေ လူမှု ကွန်ရက်မှာ ဓာတ်ပုံနဲ့ တကွ ပျံ့နှံ့ခဲ့ပါသေးတယ်။

“မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”ဆိုတဲ့ အမည်နာမဟာ “မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ် အန္တရာယ် အပေါင်းကို အထူးအောင်မြင်တော်မူသောမြတ်စွာဘုရား” လို့ အဓိပ္ပာယ် ရပါတယ်။

“ဒီလို မျက်ရည်ကျတယ်ဆိုတဲ့ ပုံစံဆိုရင်တော့ အတိတ်နမိတ်အရ မကောင်းဘူး။ တိုင်းပြည်မှာ အခု ဖြစ်ပျက်နေတာတွေကလည်း တခုမှ ကောင်းတာလည်း မရှိတော့ တိုင်းပြည်လည်း အေးချမ်းမယ့်ပုံ မပေါ်သေးဘူး။ အဲဒါကို မြင်ရတယ်။ ဒီလို သတင်းကြားရင် စစ်တပ်က လူကြီးတွေလည်း စိတ်ချမ်းသာမယ် မထင်ဘူး။ ယတြာတွေတောင် လုပ်ပြီးနေလောက်ပြီ” လို့ ရန်ကုန်မြို့က ဗေဒင်ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

အခု ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် တိုင်းပြည်အေးချမ်း သာယာမှု ရှိစေဖို့၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှု ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာပါ။

ဒီဘုရားကို မင်းအောင်လှိုင်ဘုရားလို့ လူတွေက ခေါ်ကြပြီး အစအဆုံး စစ်တပ်က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။ အလှူရှင်တွေကလည်း တပ်ခေါင်းဆောင်တွေနဲ့ တပ်မိသားစုဝင်တွေပဲ များပါတယ်။

ရုပ်ပွားတော်မြတ်ကြီးရဲ့ ပလ္လင်တော်ကို စကျင် ကျောက်တော်ကြီး အပိုင်း ၅ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမှာဖြစ်ပြီး အခြားသာသနိက အဆောက်အဦများကိုလည်း ရင်ပြင်တော်အပြည့် ပြည့်စုံစွာ ထည့်သွင်းပြီးတော့ ရတနာပုံခေတ် မြန်မာ့အနုပညာ လက်ရာတွေလည်း ထည့်သွင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

You may also like these stories:

သီရိပျံချီဘွဲ့ခံ စစ်ဘုရင်တဦးရဲ့ အလှူပွဲ

ကချင်ခရစ်ယာန်ခေါင်းဆောင်ကို စစ်ကောင်စီ ဖမ်းဆီးမှု အမေရိကန် ရှုတ်ချ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး

Loading