သတင်း

ထိုင်း - မလေးရှားနယ်စပ်တွင် မြန်မာအမျိုးသား ၃ ဦး အသတ်ခံရ

ထိုင်း- မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ်၊ ဘန့်ကလမ်မြို့ရှိ တောတွင်းတနေရာတွင် သတ်ဖြတ်စွန့်ပစ်ခံထားရသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ယမန်နေ့က ဖော်ပြသည်။

အဆိုပါ အမျိုးသား ၃ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ မနက်ပိုင်းက ဆုန်ခလာခရိုင် ဘန့်ကလမ်မြို့ အုပ်စု ၈ ထာ့ချန်းကျေးရွာ တောအနီးတွင် အမှိုက်ကောက်သမားတဦးမှ တွေ့ရှိပြီး အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ အဆိုပါ နယ်မြေအတွင်း နေထိုင်သူများမဟုတ်ဘဲ တနေရာရာမှ ရွှေ့ပြောင်း ရောက်ရှိလာသူများဖြစ်ပြီး သတ်ဖြတ်၍ စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ထိုင်းရဲများက ယူဆကြကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့် အရေးကွန်ရက် (MWRN) မှ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက “အမှိုက်ကောက်တဲ့ လူတယောက်က အလောင်းတွေကို တွေ့လို့ ဒေသဆိုင်ရာရဲတွေကို တိုင်ပြီးတော့ ဌာနဆိုင်ရာ ရဲအရာရှိတွေက သွားကြည့်တော့ အလောင်းတွေက ၃ရက်လောက်ရှိပြီလို့ ယူဆရတယ်လို့ ပြောတယ်။ အလောင်းတွေက တော်တော်လေးကို ပျက်စီးနေပြီ။ ထူးခြားချက်တခုက အလောင်း ၃ လောင်းရဲ့ လက်တွေမှာ ကြိုးအနီတွေ ပတ်ထားတာပါတယ်။ သင်္ကေတတခုပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေလို့ ယူဆရတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဘန့်ကလမ်မြို့ရှိ နယ်မြေရဲတပ်ဖွဲ့များမှ စစ်ဆေးခဲ့ရာ အဆိုပါ ရုပ်အလောင်းများမှာ လက်ပြန်ကြိုးတုပ်၍ လည်ပင်းကို ပြတ်လုနီးပါး အလှီးခံထားရကြောင်းတွေ့ရှိရပြီး တနေရာရာတွင် အသတ်ခံရပြီးမှ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ယူဆခဲ့ကြသည်။

အလောင်း ၃ လောင်းမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများဟု ယူဆရကြောင်းနှင့် အသက် ၁၈ နှစ်အရွယ်နှင့် အသက် ၃၀ ကျော်အရွယ်များဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ လက်များတွင် အနီရောင်ကြိုးစများ ပတ်ထားခြင်းကို တွေ့ရပြီး တရားမဝင် အလုပ်သမားများ ဖြစ်နိုင် ကြောင်း၊ အဆိုပါ နေရာအနီးတဝိုက်တွင် စက်ရုံအလုပ်ရုံများမရှိဘဲ မီတာ ၂၀၀ ခန့် ဆက်သွားပါက မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများ ပုန်းအောင်းလေ့ရှိသည့် နေရာများရှိကြောင်း သိရသည်။

ဦးဘရီက“လူပွဲစားတွေ သတ်တာတော့ မဖြစ်နိုင်ဘူး။ ထိုင်းကို ပို့တဲ့လူတွေရှိတယ်။ မလေးရှားကို ပို့တဲ့လူရှိတယ်။ ဒီခရီးသည်တွေရောက်ဖို့အတွက်ပဲ စီစဉ်ပေးရတဲ့အနေအထားပေါ့။ ကျနော်တို့ ယူဆရတာတော့ ထိုင်းကားသမား တွေလို့ပဲ ယူဆရတယ်။ ထိုင်းထဲမှာနေပြီးတော့ တနေရာနဲ့ တနေရာပို့ပေးရတဲ့လူမျိုးပေါ့။ ထိုင်းကားသမားတွေနဲ့ ဘယ်လိုမျိုး ပဋိပက္ခဖြစ်တယ်ဆိုတာတော့ ပြောလို့ မရဘူး။ ဒါပေမယ့် အခုသတ်တဲ့အနေအထားက ခြေတွေလက်တွေ ကို ကြိုးနဲ့တုပ်ပြီးတော့ အသေအချာ လည်ပင်းကို ဓားနဲ့လှီးပြီးသတ်တယ်ဆိုတော့ တော်တော် ပြင်းထန်တဲ့ အနေအထားလည်း ဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုသတ်တယ်ဆိုတာလည်း ကားသမားတွေပဲ ဖြစ်တယ်လို့ ယူဆမိတယ်” ဟုပြောသည်။

အဆိုပါ ရုပ်အလောင်းများကို ဟတ်ရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အမှုကို ဆက်လက်စစ်ဆေး၍ အမှုမှန် ပေါ်ပေါက်စေရန် ဆောင်ရွက်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့များက ပြောဆိုခဲ့ကြောင်း သိရသည်။

ယခု မတ်လအတွင်းမှာပင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ အီဆန်ဒေသတွင် ရန်ကုန်မြို့၊ ခရမ်းမြို့နယ်မှ လာရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားဇနီးမောင်နှံ ၂ဦးကို ၎င်းတို့အလုပ်လုပ်ကိုင်နေသည့် ခြံအတွင်းရှိ ရေကန်ထဲ တွင် သေဆုံးလျက်သားတွေ့ရှိခဲ့ကြောင်း လက်တွဲကူညီ AAC အဖွဲ့ထံမှ သိရသည်။

၎င်းတို့မှာ မကြာသေးမီက ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ပွဲစားအကူအညီဖြင့် ခြံအလုပ်သမားအဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မြန်မာပြည်ရှိ မိသားစုနှင့် နေ့စဉ်ဆက်သွယ်နေရာမှ မတ်လ ၅ ရက်နေ့တွင် အဆက်အသွယ် ပြတ်သွားခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ၎င်းတို့အလောင်းများကို ရေကန်အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်အနေဖြင့်လည်း လာရောက်ကြည့်ရှုခြင်းမရှိဘဲ ထိုင်းကယ်ဆယ်ရေးအဖွဲ့များနှင့် AAC အဖွဲ့တို့မှ သဂြိုဟ်ပေးခဲ့ရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း ပြောသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာလုပ်သားများအနေဖြင့် ထိုသို့ဖြစ်ရပ်မျိုးဖြင့် ကြုံတွေ့ရသည်မှာ မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းမှုနောက်ဆက်တွဲ အလုပ်အကိုင်ရှားပါးမှု ၊ မလုံခြုံမှုတို့ကြောင့် ရရာနည်းလမ်းဖြင့် ထွက်ခွာလာရပြီးနောက် တရားမဝင်လုပ်ကိုင်နေရခြင်းကြောင့် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

You may also like these stories:

ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု သံသယဖြင့် မြန်မာ ၄၀၀ ခန့် ဖမ်းထား

စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို

တရားမဝင်လမ်းမှ ပြည်ပထွက်သူပိုများလာတော့မည်

Loading