ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ရှောင်ရသည့် စစ်ဘေးရှောင် ကလေးများတွင် အရေပြား ရောဂါကို ဆိုးရွားစွာ ခံစားနေရကြောင်း စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် Job For Kayah အဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်လာသည့် မတ်လပထမပတ်အတွင်းမှ စတင်၍ ဒေသခံများ အပြင် လာရောက်ခိုလှုံကြသည့် စစ်ရှောင်များမှာ တောတောင်ထဲ သွားရောက် နေထိုင်ကြရပြီး ရေမရရှိသည့်အတွက် တကိုယ်ရည်သန့်ရှင်းရေး မပြုလုပ်နိုင်ခြင်းကြောင့် အရေပြားပေါ်တွင် အနာများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း စစ်ရှောင်များထံမှ သိရသည်။
Job For Kayah အဖွဲ့မှ တာဝန်ရှိသူတဦးက “စစ်ရှောင်တဲ့အချိန်မှာ ရေတွေဘာတွေ မချိုးရဘူး။ စစ်ရှောင်ကတည်း ကနေ အခုထိ ရေမချိုးရဘူး။ အရေပြားရောဂါက တဖြည်းဖြည်းနဲ့ ကြီးလာတာ။ ကလေးတွေပဲ ဖြစ်လာတာလား ဆိုတော့ လူကြီးတွေပါ ဖြစ်နေကြပြီ။ နောက်ပြီးတော့ ကူးတယ်လို့ပြောတယ်။ ဆရာဝန်တယောက်ကို မေးကြည့်လိုက်တော့ ရေယုန်အကြီးစားလို့ ပြောတယ်။ မြေပြင်မှာ ကုသဖို့ စစ်ဆေးဖို့ကျတော့ မလုပ်နိုင်သေးဘူး” ဟု ပြောသည်။
အဆိုပါ အရေပြားရောဂါမှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှ တိမ်းရှောင်လာသည့် စစ်ရှောင်ကလေး အယောက် ၂၀ ကျော်ခန့်ထိ ဖြစ်ပွားနေပြီး လူကြီးများကိုပါ ကူးစက်ပျံ့နှံ့နေကြောင်း သိရသည်။
စစ်ရှောင်တဦးက “စဖြစ်တုန်းကတော့ သေးသေးလေးပဲ။ ပြီးတော့ အဖု ပြည်တည်တယ်။ နောက်ပြီး တယောက်နဲ့ တယောက်က အနာဖြစ်ပုံချင်း သိပ်မတူဘူး။ တချို့က အနာပေါက်လာတယ်။ ပေါက်ပြီး ပြည်တည်တယ်။ ဟိုနားတလုံး ဒီနားတလုံးပေါက်တယ်။ မျက်နှာရယ်၊ လက်တွေရယ် နားရွက်တွေမှာ ပေါက်တယ်။ တချို့ကျတော့ အစုလိုက်အပြုံလိုက် ပေါက်တယ်။ မျက်နှာတပြင်လုံး ပေါက်တယ်။ ယားနာလိုမျိုး စုနေတာတွေက ရဲတွတ်ပြီး သွေးတွေယိုနေတာ၊ အရည်တွေ ထွက်နေတာမျိုး ရှိတယ်” ဟု ပြောသည်။
ကရင်နီပြည်မှ ကျန်းမာရေးဝန်ထမ်းတဦးက တကိုယ်ရည်သန့်ရှင်းမှုနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာ ပေးမှုများ ကိုသာ လုပ်ဆောင်နေရကြောင်း၊ စစ်ဘေးရှောင်လာရသည့်အတွက် အဝတ်အစားများ မလုံလောက်ခြင်းကြောင့် တဦးအဝတ်အစားကို နောက်တဦးယူဝတ်ရာမှ ကူးစက်ကြခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “အခုကလည်း မိသားစုများတဲ့လူတွေဆိုရင် အဝတ်အစားတွေကို တူတူဝတ်ကြတယ်။ တယောက်အဝတ်ကို တယောက်ယူဝတ်ကြတယ်။ အဲဒီလိုမျိုး တဆင့်က တဆင့်ကူးကြတယ်။ ကိုယ်ပိုင်အဝတ်အစားဝတ်မယ်။ တကိုယ်ရည် သန့်ရှင်းဖို့ရယ် လုပ်နိုင်ရင် ပိုပြီးတော့မှ ကောင်းပါတယ်” ဟု ပြောသည်။
၎င်းတို့ကို ဆေးကုသမှုမပေးနိုင်သေးဘဲ တိုက်ပွဲပြင်းထန်နေသည့်အတွက် နေရာပြောင်းရွှေ့ နေထိုင်ရေးနှင့် လုံခြုံသည့် နေရာကိုသာ အဓိကထား ဆောင်ရွက်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
စစ်ရှောင်ကူညီသူတဦးက “တိုက်ပွဲကနေ နည်းနည်းကင်းလွတ်တဲ့နေရာကို နေရာချထားရေးကို အဓိကဦးစားပေးနေရလို့ ယားနာဖြစ်နေတဲ့ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှု မပြုလုပ်ရသေးဘူး။ ဒီရက်ပိုင်းတော့ ကုသပေးဖို့ စီစဉ်ထားတယ်။ နောက်တခုက တကိုယ်ရည်သန့်ရှင်းရေးလည်း အဆင်ပြေအောင် လုပ်မပေးနိုင်ဘူး ဖြစ်နေတယ်။ ကလေးလူကြီးအပါအဝင် အယောက် ၂၀ ကျော်လောက်ရှိမယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များအတွက် အဓိကလိုအပ်ချက်မှာ စားနပ်ရိက္ခာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများနှင့် နေရာထိုင်ခင်းများလည်း အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်လက်၍ “စစ်ရှောင်တွေအတွက် အဓိက လိုအပ်ချက်က စားနပ်ရိက္ခာဖြစ်ပြီးတော့ နောက်တခုကတော့ ကျန်းမာရေးစောင့်ရှောက်မှု ၊ နေရာထိုင်ခင်းပေါ့။ ခန်းမဆောင်တွေမှာ စုပြီး နေရတယ်။ ရေမချိုးရတာ တပတ်လောက် ရှိနေတဲ့ စစ်ဘေးရှောင်တွေရဲ့ တကိုယ်ရည် သန့်ရှင်းရေးကြောင့် ရောဂါတွေဖြစ်ပွားနိုင်တယ်။ စစ်ရှောင်တွေ နေထိုင်နိုင်ဖို့ သီးသန့် တဲတွေ ဆောက်လုပ်ဖို့ နေရာရော၊ ပစ္စည်းကုန်ကျစရိတ်ရော လိုအပ်ချက် ရှိနေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှ စတင်၍ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း၊ ဘော်လခဲမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်း၊ လွိုင်ကော်ဘက်မှ စစ်ကြောင်း တကြောင်းနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ အကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် ဒေသခံထောင်နှင့်ချီ ထွက်ပြေးခဲ့ရသည်။
ထိုသို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ဒေသခံအပါအဝင် စစ်ရှောင်ပြည်သူများမှာ ထပ်ဆင့် တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်တချို့မှာ တောတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသလို ဒီးမော့ဆိုအနောက်ဘက်ခြမ်း ၊ ဖရူဆို၊ လွိုင်ကော်ဘက်သို့ ရှောင်ကြသူများလည်းရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံအပါအဝင် ထပ်ဆင့် စစ်ရှောင် နှစ်သောင်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း စစ်ရှောင်စခန်းများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
You may also like these stories:
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
ကယားစစ်ရှောင်စခန်းများတွင် ကလေးငယ် အများအပြား ဖျားနာနေ
ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ
ကယား စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်တော့မည်