သတင်း

မြောက်ပိုင်း EAO ခေါင်းဆောင်များ တရုတ်အထူးသံကို ကူမင်းသွားတွေ့

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် EAOs ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံ‌ရေးဆွေးနွေးရေးကော်မတီ (FPNCC) ၏ ခေါင်းဆောင်များသည် မတ်လ ၁၆ ရက်က တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းကို ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့သွားရောက်မတွေ့ဆုံမီ ၎င်းတို့သည် မတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင်၂ ရက်တာ အစည်းအဝေး ကျင်းပပြီး သဘောထား ထုတ်ပြန်ကြေညာခဲ့သေးသည်။

ပြည်ထောင်စု နိုင်ငံ‌ရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ UWSA၊ မိုင်းလားအဖွဲ့ဟု သိကြသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ကိုးကန့်အဖွဲ့ဖြစ်သော မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်ပြီး မြန်မာစစ်တပ်နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ဖြစ်သည်။

ကြေညာချက်တွင် ” မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တရပ်တည်ထောင်ရမည်”ဟု ဖော်ပြထားသည်။ ” ပြည်ထောင်စုကို တည်ဆောက်ရာတွင် နည်းလမ်းမျိုးစုံရှိနိုင်သော်လည်း နောက်ဆုံးတွင် မိမိတို့ တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစကိုသာ အားကိုးမည်ရမည်” ဟုလည်း ရေးထားသည်။

ယင်းအပြင် FPNCC က မြန်မာပြည်တွင်း ပဋိပက္ခများ ပြေလည် ချုပ်ငြိမ်းရန် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုထောက်ခံပြီး အစည်းအဝေးတွင် EAOs ၇ဖွဲ့အကြား နားလည်မှု ၊ ယုံကြည်မှု ၊ ပူးပေါင်းမှုနှင့် ရင်းနှီးမှုများ တိုးမြှင်နိုင်ခဲ့သည်ဟုလည်း ရေးသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အကူအညီများပေးအပ်ခဲ့သော တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲကာ နယ်စပ်တည်ငြိမ်မှု တိုးမြှင့်ရေးအပါအဝင် ကျန်းမာရေး ၊ လူမှုရေး ၊ လူဝင်မှု ၊ ကုန်သွယ်မှု ၊ ကူးသန်းသွားလာရေး အပါအဝင် အခြားကဏ္ဍအသီးသီး၌ ပူးပေါင်းလုပ် ဆောင်သွားမည် ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

FPNCC ၏ ကြေညာချက်ပါ အချက်အလက်များနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် ကူမင်းအစည်းအဝေးအကြောင်း ဧရာဝတီက သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်မေးမြန်းဆဲဖြစ်သည်။

မကြာသေးသည့် ဖေဖော်ဝါရီလအတွင်း တရုတ်အထူးသံတမန်နှင့် မြောက်ပိုင်း EAOs ခေါင်းဆောင်များအကြား ဒုတိယအကြိမ်တွေ့ဆုံမှုတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အချို့သည် စစ်ကောင်စီနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးနေပြီး အချို့အဖွဲ့များသည် စစ်ကောင်စီနှင့် ဆွေးနွေးမှုမရှိသည့်အပေါ် မြောက်ပိုင်းအဖွဲ့များအတွင်း ညီညွတ်မှု မရှိဖြစ်နေကြောင်း ပြောခဲ့သည်။ ယင်းပြင် မြောက်ပိုင်း EAOs များကိုလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။ မစ္စတာတိန့်ရှီကျွန်းသည် နေပြည်တော်သို့လည်း ၂ ခေါက် သွားခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ပါဝင်ကူညီနေပြီး ၂ နိုင်ငံ ကုန်သွယ်ရေးများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးများကို ပြောခဲ့သည်။

နိုင်ငံရေးလေ့လာသူတဦးက တရုတ်နိုင်ငံ၏ ဖိအားကြောင့် မြောက်ပိုင်း EAOs ၇ ဖွဲ့နှင့် စစ်ကောင်စီအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အချို့ဖြစ်နိုင်သော်လည်း မြောက်ပိုင်း EAOs အချို့နှင့် ပစ်ခတ်တိုက်မှုများရပ်စဲသွားမည် မဟုတ်ကြောင်း သုံးသပ်သည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း FPNCC အဖွဲ့ဝင်များအနက် စစ်ကောင်စီနှင့်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် UWSA ၊ SSPP နှင့် မိုင်းလားအဖွဲ့တို့သာ စစ်ကောင်စီနှင့်ဆွေးနွေးနေပြီး ကျန်အဖွဲ့များ ဆွေးနွေးမှု မရှိပေ။

“၂၀၁၆ ကနေ ၂၀၂၀ အထိ ၅ နှစ်အတွင်းမှာ တရုတ်က ဒီအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်တာပဲ။ ဒါပေမယ့် ဝ နဲ့ မိုင်းလားကလွဲရင် ကျန်တဲ့ အဖွဲ့တွေ ပါတာမဟုတ်ဘူးလေ။ တိုက်တဲ့အဖွဲ့က တိုက်နေတာပဲ ရပ်မသွားဘူး” ဟု ဆိုသည်။

သို့သော် တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် တိုက်ပွဲမဖြစ်ရန် မြောက်ပိုင်း EAOs များကို ဖိအားပေးနိုင်ပြီး နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားလိမ့်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချထားသည့် တပ်ရင်းများကို ထုတ်နှုတ်၍ ကရင်နီဒေသ ၊ ချင်းတောင်တန်း ၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်အင်အားဖြည့်တင်းပြီး စစ်ဆင်ရေးလုပ်သွားနိုင်ကြောင်း စစ်ရေးလေ့လာသူများထံမှ သိရသည်။

You may also like these stories:

ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ တရုတ်သံအမတ် သွားတွေ့

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

Loading