ချင်းပြည်နယ်၊ မတူပီနှင့် မင်းတပ်မြို့နယ်သို့ တက်လာသော စစ်ကောင်စီ ယာဉ်တန်းအား ချင်းဒေသ ကာကွယ်ရေး တပ်များက ကြားဖြတ် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီဘက်မှ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့မှ စစ်ကားအစီး ၈၀ ကျော်ဖြင့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်၊ မတူပီမြို့နယ်အတွင်းသို့ ဦးတည်တက်လာကာ မတ်လ ၁၃ ရက် ညနေတွင် မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ကျောက်ထုအမြောက် တပ်ရင်းသို့ ရောက်ရှိနေကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ စစ်ကားအစီး ၈၀ အနက် ၃၅ စီးမှာ ယမန်နေ့ မတ်လ ၁၆ ရက် ညနေပိုင်းက ကျောက်ထုအမြောက်တပ်ထဲမှ မင်းတပ်မြို့နယ်အတွင်းသို့ ထွက်ခွာလာရာ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့် မင်းတပ် CDF တပ်ဖွဲ့တို့ ကြားဖြတ် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတချို့ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့လည်း သေဆုံး ဒဏ်ရာရမှုများရှိကြောင်း မင်းတပ် CDF တပ်ဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုယောမာန်က ပြောသည်။
၎င်းက “ကျောက်ထုအမြောက်တပ်ထဲကနေ ထွက်လာတဲ့ယာဉ်တန်းကို လမ်းကြောင်းတလျှောက် ယောကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ၊ ကျနော်တို့ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပဒေသာမိုင်းတွေနဲ့ အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက် တာရှိတယ်။ သူ့ဘက်က တပ်ဖွဲ့ဝင်တော်တော်များများ ထိခိုက်မှုတွေ ရှိတယ်။ စစ်ကား၂ စီးလည်း ထိခိုက်ပျက်စီးပြီး တော့ ကျောက်ထုဘက်ကို ပြန်ဆွဲသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်ထုမြို့နှင့် မင်းတပ်မြို့အကွာအဝေးမှာ ၁၈ မိုင်သာ ရှိသော်လည်း အဆိုပါ ခရီးအား စစ်ကောင်စီယာဉ်တန်းသည် လမ်းတွင် တညအိပ် ဖြတ်သန်းသွားလာနေရသည့် အခြေအနေဖြစ်နေသည်။
လမ်းကြောင်းတွင်လည်း ကားလမ်းဘေးပတ်ဝန်းကျင်သို့ သေနတ်များ ခြောက်လှန့် ပစ်ခတ်၍ သွားနေရသည်ဟု ထိုစစ်ယာဉ်တန်းကို စောင့်ကြည့်နေသည့် CDF တပ်ဖွဲ့ဘက်မှ ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းသည် မင်းတပ်နှင့် မတူပီမြို့နယ်သို့ တက်ရောက်လာသည့်အတွက် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ကျောက်ထု- မင်းတပ်- မတူပီ ကားလမ်းအား အသုံးပြုသွားလာခြင်း မပြု လုပ်ကြရန်လည်း CDF မင်းတပ်မှ အသိပေး ထုတ်ပြန်ထားသည်။
မတူပီ နှင့်မင်းတပ်မြို့နယ်အတွင်းသို့ တက်လာသော စစ်ကောင်စီယာဉ်တန်းတွင် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့မှ စစ်သားများ ဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်များက ပြောသည်။
CDF မင်းတပ်မှ ကိုယောမာန်က “ကျောက်ထုကို ရောက်လာတဲ့ စစ်ကားအစီး ၈၀ အနက် ကျနော်တို့ မင်းတပ်ကို ၃၅ စီး တက်လာတယ်။ ၂၈ စီးကတော့ ကျောက်ထုကနေ ထွက်ခွာပြီး ထီးလင်းနယ်ကို ရောက်နေတယ်။ ဟားခါးဘက်ကို တက်ဖို့ ဦးတည်နေလို့ ခန့်မှန်းရတယ်။ ကျန်တဲ့ စစ်ကား ၁၀ ကျော်ကတော့ ကျောက်ထုအမြောက်တပ်ထဲမှာပဲ ရှိသေး တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
အလားတူ မတ်လ ၇ ရက်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့မှ ထန်တလန်၊ ဟားခါးမြို့နယ် အတွင်းသို့ တင့်ကား ၂ စီး အပါအဝင် ကားအစီး ၃၀ ကျော်တက်ရောက်လာသည့်အတွက် မတ်လ ၁၀ ရက်မှ စတင် ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းတွင် ကြားဖြတ် တိုက်ခိုက်နေကြောင်း ချင်းအမျိုးသား တပ်မတော် (CNF/ CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
၎င်းက “ကျနော်တို့ CNA တပ်ဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လမ်းကြောင်းတလျှောက် တိုက်ခိုက် နေတယ်။ အဲဒီယာဉ်တန်းက အခုတီးတိန်နဲ့ ဖလမ်းလမ်းခွဲကိုတော့ ကျော်လာပြီ။ ဒါပေမယ့် ဖလမ်းကိုတော့ အခုထိ မရောက်နိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကလေးမြို့နယ်ဘက်က တက်လာသည့် စစ်ကားအစီး ၃၀ ကျော် ပါလာသည့် စစ်ယာဉ်တန်းအား မတ်လ ၁၀ ရက်ကနေ ယနေ့အထိ ဒေသခံချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကြားဖြတ် ၆ ကြိမ် မိုင်းခွဲ တိုက်ခိုက်မှုကြောင့် စစ် ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ ဒဏ်ရာရသူလည်း များပြားကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။
ထိုသို့ ချင်းပြည်နယ်အတွင်းသို့ စစ်ယာဉ်တန်းများ တက်လာခြင်းမှာ ရှေ့တန်းစခန်းများသို့ မိုးမကျခင် ရိက္ခာနှင့် စစ် လက်နက်များဖြည့်တင်းရန်အတွက် ဖြစ်နိုင်ကြောင်း စစ်ရေးအခြေအနေ လေ့လာသုံးသပ်သူများက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသော ချင်းဒေသသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ အတွင်းလည်း မကွေး တိုင်းအတွင်းမှနေ စစ်ကားအစီး ၇၀ ကျော်ဖြင့် ချင်းပြည်နယ်၊ မင်းတပ်နှင့် မတူပီမြို့နယ်အတွင်းသို့ တက်လာခဲ့စဉ် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြား သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့သေးသည်။
You may also like these stories:
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်