စစ်ကောင်စီ၏ ဖိတ်ခေါ်မှု ရိုဟင်ဂျာများ သံသယရှိ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား ပြန်လည်လက်ခံရန်အတွက် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
မတ် ၁၅ ရက်တွင် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ မောင်တောခရိုင် အုပ်ချုပ် ရေးမှူး ဦးနေဦးတို့ ဦးဆောင်သည့်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ယင်းဒေသ အာဏာပိုင်များနှင့်အတူ တက္ကနက်မြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တက္ကနက်မြို့ရှိ ဒုက္ခသည်စခန်းမှ မွတ်ဆလင်တဦးက “မြန်မာဘက်ကလာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ကျနော်တို့ကို ခေါ်ပြီးတော့ တွေ့တယ်။ မေးခွန်း ၃ ခု မေးတယ်။ မြန်မာဘက်မှာ ဘယ်မှာနေခဲ့တာလဲ၊ မိသားစု ဘယ်လောက်ရှိလဲ၊ ဒီဘက်ခြမ်းမှာမွေးတဲ့ သားသမီးက ဘယ်နှစ်ယောက်ရှိလဲ မေးပါတယ်။ တချို့လူတွေကို မိန်းမ ဘယ်နှစ်ယောက်ရှိလဲ မေးတာလည်း ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများသည် စစ်ကောင်စီ ကိုယ်စားလှယ်များအား ၎င်းတို့၏ အခက်အခဲနှင့် တောင်းဆို ချက်များကို တင်ပြရန် မျှော်လင့်ချက်ဖြင့် သွားရောက် တွေ့ဆုံခဲ့သော်လည်း တစုံတရာ တင်ပြခွင့် မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ မောင်တောအရေးအခင်းတွင် မြန်မာစစ်တပ်၏ ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသော သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်က ကြိုးပမ်းမှုအနေဖြင့် ကနဦး လူဦးရေ ၁၀၀၀ ပြန်လက်ခံရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် တဖက်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရန် တဖန် ကြိုးပမ်းလာခဲ့ရာ ရှေ့ပြေးအနေဖြင့် အဆိုပါ စိစစ်ထားခဲ့သည့် လူဦးရေ ၁၀၀၀ ကို ပြန်လက်ခံရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
မောင်တောခရိုင်မှ ဌာနဆိုင်ရာ အကြီးအကဲတဦးက “ကျနော်တို့ မြန်မာဘက်က ကနဦး ရှေ့ပြေးအနေနဲ့ လူဦးရေ ၁၀၀၀ ကို ပြန်လည် လက်ခံမယ်ဆိုတာ ဘင်္ဂလားဒေ့ရှ်ဘက်ကို အကြိမ်ကြိမ် အကြောင်းထားပြီးသား ဖြစ်တယ်။ အဲဒီ ၁၀၀၀ ထဲမှာ ဟိန္ဒူ ၃၀၀ ကျော်လည်း ပါမယ်။ ဟိန္ဒူ အပါအဝင် မွတ်ဆလင် ဒုက္ခသည်တွေကလည်း ပြန်လာချင်တယ်လို့ ပြောတယ်။ အခုလည်းပဲ အဲဒီ ကနဦး လက်ခံမယ့်ကိစ္စကို သွားရောက်ညှိနှိုင်းတာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ အနေဖြင့်မူ စစ်ကောင်စီက စေတနာအမှန်ဖြင့် ပြန်လည် ခေါ်ယူခြင်း ဖြစ်ပါက ပြန်လည် နေရာချထားမည့် အစီအစဉ်များအား ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်သလို ၎င်းတို့အား မူလနေရာ တွင် ပြန်လည်နေရာချထားပေးရန်၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရန်နှင့် လုံခြုံရေးအာမခံချက်ပေးနိုင်မှ ပြန်လည် ဝင်ရောက်နိုင်မည်ဟု တောင်းဆိုထားကြောင်း သိရသည်။
ကူတုပါလောင်ဒုက္ခသည်စခန်းမှ ကိုခင်မောင်သိန်းက “အားလုံးကတော့ ပြန်လာချင်တဲ့ လူတွေချည်းပဲ။ ကျနော်တိို့ကို စေတနာအမှန်နဲ့ ပြန်ခေါ်တာဆိုရင် ကျနော်တို့ကို ဘယ်လို ပြန်လည် နေရာချပေးမလဲဆိုတာ ချပြဖို့လိုတယ်။ ကျနော်တို့ နေခဲ့တဲ့ မူလနေရာမှာ ပြန်လည် နေရာချပေးမလား၊ ကျနော်တို့ကို လူသားတယောက်လို လွတ်လပ်စွာ သွားလာခွင့်တွေ ပေးမလား။ ကျနော်တို့ တောင်းဆိုချက်တွေကို မရရင်တော့ ပြန်လည်လက်ခံရေး အစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာတွင် ပုံရိပ်ကောင်းရရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခု မတ်လ ၈ ရက်ကလည်း တရုတ်သံအမတ်၊ အိန္ဒိယ သံအမတ်နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ကို မောင်တောမြို့နယ်သို့ ခေါ်ယူပြီး ပြန်လည်လက်ခံရေးစခန်းများသို့ လိုက်လံ ပြသခဲ့ကြောင်း သိရသည်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဒုက္ခသည်စခန်းမှာ ကျပ်တည်းပြီး နေရတာထက် ကိုယ့်နိုင်ငံမှာ ဒီထက် ပိုမကောင်းဘူးလားဆိုပြီး မျှော်လင့်နေတာလည်း ရှိတယ်။ ပထမအသုတ် အဆင်ပြေသွားရင် စစ်ကောင်စီက ဘယ်လို ပုံစံမျိုး လက်ခံမလဲဆိုတာ သေချာသိရမှာ ဖြစ်တဲ့အတွက် တချို့လူတွေက နောက်မှာကျန်နေတဲ့လူတွေအတွက် ဆုံးဖြတ်ရ တာ လွယ်ကူမယ်ဆိုပြီး ရှေ့ပြေးသွားချင်တာမျိုးလည်း ရှိနေတယ်။ ဒါကြောင့် စစ်ကောင်စီက လူ ၁၀၀၀ လောက်ကတော့ ရသွားတယ်လို့ ထင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်ကလည်း စစ်ကောင်စီခန့် ဝန်ကြီးများ ဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ၊ လူကယ်/ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့သည် မောင်တောမြို့နယ် အတွင်းသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် ပြန်လည်လက်ခံရေး ကိစ္စရပ်များအား ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာဘက် ထွက်ပြေး
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်
ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ
ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်