မကွေးတိုင်း၊ ရေစကြိုမြ်ို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြား မတ်လ ၁၇ ရက်မှ စတင်ကာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေရာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲ အခြေအနေ တွင် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကိုင်းဘီလူးစစ်ကြောင်းဟု အမည်ပေးထားသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ တပ်များသည် ရေလယ်ကျွန်းဒေသသို့ ဝင်လာပြီး Myingyan Black Tiger (MBT) ၏ ကျားမဲစစ်ကြောင်းဖြင့် MBT
ဌာနချုပ်နယ်မြေ ၌ တိုက်ခိုက်နေခြင်းဖြစ်သည်။
MBT တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “ရေလယ်ကျွန်းဒေသဘက်ကို မြင်းခြံနဲ့ မြောင်နယ်ဘက်ကနေ ကူးလာတဲ့ တပ်မ ၉၉ လက်အောက်ခံ ဘီလူးကွန်မန်ဒိုစစ်ကြောင်းက ကျနော်တို့ MBT ဌာနချုပ်နယ်မြေထဲကို စစ်ကြောင်းထိုးလာလို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲအခြေအနေ ပြင်းထန်တာကြောင့် ၁၈ ရက်က ဌာနချုပ်စခန်းကို စွန့်ခွာပေး ခဲ့ရတယ်။ ၃ ရက်တာတိုက်ပွဲအတွင်းမှာ MBT ဘက်က ရဲ ဘော်၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဦးကတော့ အရေးပေါ် ဆေးကုသမှု ခံနေရတယ်။ ဘီလူးစစ်ကြောင်းက ၆ ဦး သေပြီး ဒဏ်ရာရတာတွေ တော်တော် များတယ်” ဟု ပြော သည်။
တပ်မ ၉၉ ၏ စစ်ကိုင်းဘီလူးစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာနှင့် မြင်းမူမြို့နယ် လက္ကပင်ရွာများကို ဝင်ရောက်စီးနင်း၍ ဒေသခံများအား ဖမ်းဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ လုပ်ဆောင် ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး၊ မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေ သည် မှာ ယနေ့တွင် ၄ ရက်မြောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တိုက်ပွဲကတော့ ဒီနေ့အထိ ရှိနေသေးပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်တာအတွင်းမှာတော့ တိုက်ပွဲတွေက တော်တော် ပြင်း ထန်ခဲ့တာပေါ့။ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးတာတွေကို တိုက်ပွဲမှာ ပါတဲ့ ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိ သတင်းပို့ချက်တွေအရ အတည်ပြုနိုင်ခဲ့တာပါ” ဟု Myingyan Black Tiger (MBT)က ဆက်လက် ပြောသည်။
အဆိုပါ ၃ ရက်ဆက်တိုက် တိုက်ပွဲများတွင် MBT ၏ အထူးညီနောင်မဟာမိတ်အဖွဲ့များ၊ ရေစကြိုဒေသတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များအပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းရှိ အဖွဲ့များကပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရ သည်။
“ဘီလူးစစ်ကြောင်းလို့ နာမည်ပေးပြီးတော့ အရှင်ဖမ်း သတ်ဖြတ်တာတွေကို အဓိက လုပ်နေတဲ့ သွေးဆာနေကြတဲ့ မိစ္ဆာများပမာ ကြမ်းကြမ်းရမ်းရမ်းတွေ့သမျှ သတ်ဖြတ်နေတဲ့ စစ်ကြောင်းကို ကျနော်တို့ မဟာမိတ်သူရဲကောင်း တွေက အညံ့မခံ အရှုံးမပေးဘဲ အပြင်းအထန်ခုခံကာကွယ်နေကြပါတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောသည်။
ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသည် စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ အကြမ်းမဖက် ဆန္ဒပြဆန့်ကျင်တော် လှန်ခြင်း၊ လက်နက်ကိုင် တော်လှန်ရေး အားကောင်းသော ဒေသတခုဖြစ်ရာ တော်လှန်ရေး အင်အားစုများက နယ်မြေ စိုးမိုးထားနိုင်မှုလည်း အားကောင်းနေသောကြောင့် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်စေရန်အတွက် စစ် ကြောင်းထိုးနေခြင်းဖြစ်ကာ မတ်လ ၁၉ ရက် နံနက် ၆ နာရီကျော်အချိန်ကလည်း ရေလယ်ကျွန်းဒေသ မီးလောင်ကျွန်း ရွာသစ်သို့ ဝင်ရောက်ကာ ပြည်သူအချို့အား ဓားစာခံဖမ်းဆီးသည့်အပြင် ကျေးရွာအား မီးရှို့သွားကြောင်း ဒေသခံ များထံက သိရသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်လာပြီး ကျေးရွာများအား မီးရှို့နေခြင်းများကြောင့် ဒေသခံ တသောင်း ကျော်ထိ စစ်ဘေးရှောင်နေကြရပြီး ရေလယ်ကျွန်းဒေသအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ခြင်းမှာ ၅ ကြိမ် မြောက်ဖြစ်ပြီး စစ်ရှောင်နေကြရသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်များအပြင် နေထိုင်စရာ အဆောက် အဦများ လိုအပ်လျက်ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “ရေလယ်ကျွန်းဒေသထဲ ကူးလာတဲ့ စစ်ကြောင်းကနေ ရွာတွေကို မီးရှို့ဖျက်ဆီးတာ တွေ လုပ်နေတာ၊ သူတို့အလုပ်က မီးရှို့ဖို့ဆိုတော့ ဒီအလုပ်ကိုပဲ ဦးစားပေးလုပ်နေကြတာပဲ၊ ကျနော်တို့ အညာဒေသ မှာက စစ်ဘေးရှောင်စခန်းရယ်လို့ သီးသန့်မရှိသလို အချက်အလက်ကောက်ထားတာမျိုးလည်း မရှိဘူးဗျ၊ စစ်ကြောင်း ဝင်လာရင် သင့်တော်သလို ပြေးကြ ရှောင်ကြရတာ၊ တနေရာတည်းမှာ စုပြီးနေလို့ မရတော့ အချို့က နီးစပ်ရာတော ဘက်၊ အချို့က ဘေးလွတ်တဲ့ရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလိုမျိုးတွေမှာ နေကြရတာပေါ့။ သက်ဆိုင်ရာရပ်ရွာနဲ့ ဘုန်းကြီးကျောင်းတွေကတော့ ချက်ပြုတ်ကျွေးကြတယ်၊ လိုအပ်မှုတွေကတော့ ရှိနေတာပဲလေ” ဟု ပြောသည်။
ယခုအခါ စစ်ကိုင်းဘီလူး စစ်ကြောင်းဟု အမည်ပေးထားသော စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းသည် မီးလောင်ကျွန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း ရေလယ်ကျွန်းဒေသသို့ တပ်မ ၉၉ လက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ ၁၅၊ သာစည်အခြေစိုက် ခမရ ၄၁၉ တပ်များနှင့်အတူ ပျူစောထီးများပါဝင်သော အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲ၍ ကျေးရွာများကို စီးနင်းပြီး နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်း၊ ရွှေ၊ ငွေ၊ တန်ဖိုးကြီး ပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“သူတို့က မဝင်ခင် လက်နက်ကြီးတွေနဲ့ အရင်ထုတယ်၊ ပြီးတော့မှ ခွေးတွေက ရွာတွေကို စိတ်ကြိုက်ဝင်မွှေပြီးမှ မီးတင်ရှို့ကြတာ၊ ဝင်တဲ့ရွာတွေရဲ့ ပတ်လည်ကို ကင်းပုန်းတွေချပြီးမှ လုပ်နေကြတာ၊ စားစရာကအစ မချန်ဘူး အကုန် ယူပြီးမှ မီးတိုက်ကြတာ၊ လက်နက်ကြီးတွေ အများကြီးသုံးနေတော့ လက်နက်အင်အား မမျှတာကြောင့် ရှောင်ရင်း တိမ်းရင်းနဲ့ ပြောက်ကျားတိုက်ခိုက်တာမျိုးပဲ လုပ်နိုင်တယ်” ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တည်ရှိ၍ ကျေးရွာပေါင်း ၄၄ ရွာ၊ လူဦးရေ ၁သိန်း ကျော်ရှိကာ၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့နှင့်ထိစပ်နေပြီး မကွေး၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်း ၃ တိုင်း ဆုံရာ ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာခြင်းမှာ ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များအား အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုကြသည်။
စစ်ကိုင်းဘီလူးစစ်ကြောင်းနှင့် မြောင်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၄ ဦး၊ ပြည်သူ ၇ ဦး ဒဏ်ရာရခဲ့ပြီး PDF တဦး၊ စစ်ဘေးရှောင်စဉ် ဖမ်းဆီးသတ်ဖြတ်ခံရသူ အသက် ၅၀ ခန့်နှင့် အသက် ၇၀ ခန့်အရွယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ ထို့ပြင် PDF ၃ ဦးနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၁၅ ဦးခန့် ရှိသလို ကာ ကွယ်ရေးပစ္စည်းများဆုံးရှုံးမှုမှာ ကျပ်သိန်း ၁၀၀၀ ကျော်ရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ (CDSOM) က ထုတ်ပြန်ပေးထားသောစာရင်းများအရ သိရသည်။
ယခုအခါ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်အထိ စစ်အုပ်ချုပ်ရေး ကြေညာထားသလို ဆက်တိုက် စစ်ကြောင်းထိုးကာ ကျေးရွာများရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဓားစာခံအဖြစ် ဖမ်း ဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများနှင့် အဓမ္မပြုကျင့်ခြင်းများကိုလည်းကျူးလွန်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်