သတင်း

အစားအသောက်နှင့်ဆေးဝါးများ အရည်အသွေး ကြပ်မတ်စစ်ဆေးမှု အားနည်းလာ ဟုဆို

အာဏာသိမ်းပြီးနောက်ပိုင်း ဝင်ငွေနည်းခြင်း၊ ကုန်ဈေးနှုန်းကြီးခြင်းတို့ကြောင့် အရည်အသွေးနိမ့် ကုန်စည် များကို အများစုက မှီခိုနေရသလို၊ ဈေးကွက်တွင်းရှိ အစားအသောက်နှင့် ဆေးဝါးများ၏ စံချိန်စံညွှန်းမှာလည်း စိတ်ချရမှု နည်းလာကြောင်း ပြည်တွင်းရှိ စားသုံးသူနှင့် ကျန်းမာရေးရာ ဆောင်ရွက်သည့် ကျွမ်းကျင်သူများ ထောက်ပြပြော ဆိုချက်အရ သိရသည်။

ကုန်ပစ္စည်းအများစုမှာ ပြည်ပနိုင်ငံများမှ တင်သွင်းရပြီး တချို့ ပြည်တွင်းထုတ် ကုန်စည်များမှာလည်း ကုန်ကြမ်း ဈေး ကြီးမြင့်ခြင်း၊ လျှပ်စစ်မီးမမှန်ခြင်း၊ စက်သုံးဆီဈေးနှုန်း ကြီးခြင်း စသည့် အခက်အခဲရှိနေသလို ထွက်လာသည့် ကုန်ပစ္စည်းများနှင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုလည်း ကျန်းမာရေးနှင့် ညီညွတ်ကြောင်း စနစ်တကျ စစ်ဆေးနိုင်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အပိုင်းတွင် စစ်ဆေး ကြပ်မတ်မှု အားနည်းလာကြောင်း သိရသည်။

စားသုံးသူအရေး ဆောင်ရွက်နေသည့် ကျွမ်းကျင်သူတဦးက “ကျနော်တို့ဆီမှာ ပြည်ပကသွင်းတာတွေကိုလည်း စစ်ဆေးပြီး သေချာသွင်းလာနိုင်တာ မဟုတ်သလို ထုတ်လုပ်မှုတွေ အားလုံးကို ကြီးကြပ် ထားနိုင်တဲ့ စနစ်ကောင်း ကောင်း မရှိဘူး၊ လက်ရှိ အခြေအနေမှာက ပိုခက်တယ်။ FDA က စွမ်းဆောင်ရည် သိပ်မရှိဘူး။ တိုင်းပြည်မှာက ထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်မှုစနစ်တွေကိုလည်း သူတို့ မကြီးကြပ်နိုင်ဘူး။ အဂတိလိုက်စားမှုက အရင်ထက်ပိုပြီး များလာတယ်။ ဘယ်ဌာနရယ်လို့တော့ တိတိကျကျ မပြောနိုင်ပေမယ့် အခုကတော့ ဌာနတိုင်းလိုလို အဂတိကို တော်တော် လွတ်လွတ်လပ်လပ် လုပ်နေကြတယ်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

ဈေးကွက်ထဲရှိ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန် အစရှိသည်တို့မှာ ဈေးကွက်ပေါ်သို့ မရောက်ခင်က ပင် စနစ်တကျ စစ်ဆေးခြင်း၊ ပြည်ပမှ တင်သွင်းပါကလည်း ထုတ်လုပ်သည့် ပင်ရင်းနိုင်ငံ ကုန်အမှတ်တံဆိပ် နေ့စွဲ၊ ထုတ်ပိုးသိုလှောင်မှု စသည်တို့ကို သေချာစွာ စစ်ဆေးပြီးမှသာ ရောင်းချသင့်သည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီ၏ လက်အောက်ခံ FDA မှာ ဈေးကွက်အတွင်း စစ်ဆေးနိုင်မှုမှာ အားနည်းနေကြောင်း ၎င်းက ထောက်ပြ သည်။

ဆက်လက်၍ ၎င်းက “အဓိကတော့ တရားဥပဒေ စိုးမိုးပြီးတော့ ကြီးကြပ်နိုင်တဲ့စနစ်တွေက အရင်ကတောင် သိပ်အား မကောင်းတာ အခုဆိုရင် ပိုဆိုးသွားတယ်။ အခုကတော့ သူတို့ (စကစ) လုပ်နိုင်သလောက်လုပ်နေတာတော့ ရှိချင် ရှိမှာပေါ့။ ဈေးကွက်အတွင်း ကွင်းဆင်းစစ်တာတွေဘာတွေ ကျတော့ မရှိဘူး။ ဘာလို့ဆို သူတို့ အသက်အန္တရာယ် သူ တို့ စိုးရိမ်ရတာလေ။ သူတို့ဘာသာ ရုံးမှာ ကြီးကြပ်ပြီးတော့ လုပ်တာပေါ့။ တချို့ဆို ယူနီဖောင်းနဲ့ မသွားရဲတာပေါ့။ စစ် ဆေးတာ သူတို့အလုပ်ဖြစ်ပေမယ့် မဆိုင်တဲ့ အလုပ်တွေပေါ့၊ အခုက ဈေးရောင်းတာတွေ ဘာတွေ လုပ်နေတာ” ဟု ပြောဆိုသည်။

လျှပ်စစ်မီးမမှန်သည်မှ အစပြု၍ တက်လာသည့် စရိတ်များ၊ လောင်စာဆီစရိတ်များ၊ လုပ်ငန်းသုံး ကုန်ပစ္စည်း စရိတ် များ တက်လာသည့်အခါ ထုတ်လုပ်သူများကလည်း ၎င်းတို့ တွက်ချေကိုက်ရန် အရည်အသွေးပိုင်းတွင် အားနည်း သွားခြင်းကလည်း အစားအသောက်နှင့် ဆေးဝါး များ၊ ကုန်စည်များ ဈေးကွက်အတွင်း အရည်အသွေးကျလာခြင်း၏ အချက်တခု ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများအပေါ်တွင် တင်းကြပ်သည့် စည်းကမ်းချက်များကြောင့်လည်း တရားဝင်လမ်းကြောင်းမှ စနစ်တကျ တင်သွင်းမှုမှာလည်း ရှားပါးလာသည့် အချက်ကလည်း ဈေးကွက်အတွင်း သုံးစွဲသူများ၏ အသက်အန္တရာယ်ကို အစားအသောက်နှင့် ဆေးဝါးများက ခြိမ်းခြောက်လာစေသည့် အကြောင်း တခု ဖြစ်သည်။

ရန်ကုန်မြို့တွင်းနေ ပြည်သူ တဦးက “ဘာလို့ဆို ဆန်ကအစ ဆီကအစ ကြက်ဥက အဆုံး အကုန်ဈေးကြီးသွားတယ်။ ငွေကြေးနဲ့တွက်တဲ့အခါ အရင်အတိုင်း မစားနိုင်တော့ဘူး။ ဒါကြောင့် အရည်အသွေးနိမ့်ကျတာတွေလည်း ဖြစ်လာ တာပေါ့။ အစားအသောက်က ချက်ချင်းကြီး အဆိပ်မသင့်ပေမယ့် ကြာလာရင်တော့ ဖြစ်လာမှာပေါ့။ ဒါပေမယ့် မတတ် နိုင်ဘူး။ ဝင်ငွေကနည်းတော့ အရည်အသွေးပိုင်းတွေ မကြည့်တော့ဘဲ စားရတာပါပဲ” ဟု ပြောသည်။

လတ်လတ်ဆတ်ဆတ် ဝယ်ယူစားသောက်နေသည့် အသီးအရွက်၊ ကုန်စိမ်းပစ္စည်းမှာ စိုးရိမ်ရမှု နည်းပါးသော်လည်း ကြာရှည်ခံထုပ်ပိုးထားသည့် အစားအသောက်များ၊ အသားချောင်းများအပြင် တံဆိပ်တုများပြုလုပ်ထားသည့် အရက်၊ ဘီယာ အစရှိသည့် ကုန်စည်များအပါအဝင် ရက်စွဲလွန်နေသည့် အစားအစားအသောက်များ၊ဆေးဝါးများမှာ သုံးစွဲရန် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

တချို့သူများကလည်း ရက်လွန်နေသည့် သုံးစွဲရန် မသင့်ကုန်ပစ္စည်းများကို ပြန်လည် ထုပ်ပိုး ပြင်ဆင်ရောင်းချခြင်းများ လည်း ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။ သို့သော် ယင်း တို့ စစ်ဆေးကြပ်မတ်နိုင်မှုမှာ ယခုအချိန်တွင် အား နည်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် ရက်စွဲနှင့် လူမှုကွန်ရက်နှင့် အွန်လိုင်းမီဒီယာများတွင်ရောင်းချနေသော အချို့ တင်သွင်းအစားအသောက်များ သည် FDA သွင်းကုန်ထောက်ခံချက် ရရှိထားခြင်း မရှိသောကြောင့် အစားအသောက်နှင့် အရည်အသွေး ဘေး အန္တရာယ်ကင်းရှင်းမှုတို့ကို စိစစ်ထားခြင်းမရှိသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုရွေးချယ် ဝယ်ယူ စား သောက်ရန် အသိပေးအပ်သည် ဟုဆိုကာ ဆေးဝါးတချို့ကို ဖော်ပြထားသည်။

ထို့ပြင် မတ်လ ၂၀ ရက် နေ့စွဲနှင့်လည်း မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းတချို့ကို သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မတဦးက “Citymart မှာ ဝယ်တယ်ဆိုရင်တော့ ရက်စွဲ ကြည့်ပြီး ဝယ်ကြတာ များတာပေါ့။ အဓိကကတော့ ဆင်ခြေဖုံးတွေမှာနေတဲ့ ကလေးတွေက အခုလို အခြေအနေမှာ မုန့်ဖိုးလည်း မတတ် နိုင်ကျတော့ ဈေးပေါတဲ့ တရုတ်မုန့်တွေတော့ ပိုစားလာကြများတယ်။ ဆေးဝါးကျတော့လဲ စပ်ဆေးဘဲ ပိုသုံးလာကြ တယ်။ ဘာလို့ဆို ဆေးခန်းပြရင် အနည်းဆုံးက ၅၀၀၀ ကျပ်လောက်ကုန်တာဆိုတော့လေ။ ဝင်ငွေနဲ့ ထွက်ငွေမမျှ တော့ ကြုံသလို လုပ်လိုက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ယခင် ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရလက်ထက်တို့တွင် ရပ်ကွက်ဈေးများအတွင်း ကွင်းဆင်းစစ်ဆေးသောသူများ၊ အရပ်ဘက်အဖွဲ့အစည်းများကို တွေ့ရသော်လည်း ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းသို့စစ်ဆေးမှု မရှိ တော့ ကြောင်း၊ အခြေခံပြည်သူများမှာလည်း ဝင်ငွေနှင့် ထွက်ငွေ မမျှသည့်အတွက် အရည်အသွေးထက် သုံးစွဲနိုင် သည့် လက်လှမ်းမီသည့် ကုန်ပစ္စည်းကိုသာ သုံးစွဲလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စားသုံးသူ ကျန်းမာရေးရာကျွမ်းသူ ဆရာဝန်တဦးက “အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်၊ စစ်ဆေးကြပ်မတ် မှုမရှိ၊ ထိရောက်တဲ့ ပြစ်ဒဏ်ပေး အရေးယူမှုမရှိရင် ဘာမှစိတ်မချရပါဘူး။ ဥပမာ ရေသန့်ဆိုရင် WHO ရဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်၊ လမ်းညွှန်ချက် Guideline ထုတ်ပြန်ထားတာ ရှိတယ်။ ဒါတွေကို အများပြည်သူ သိအောင် ထုတ်ပြန် ပေးသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အစားအသောက်၊ ဆေးဝါး အစရှိသည့် ပြည်သူများ သုံးစွဲသည့် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ အရည်အသွေး ပြည့်စုံ စိတ်ချရမှု မရှိလျှင် ကူးစက်မှု မဟုတ်သည့် နာတာရှည်ရောဂါများ အဖြစ် များနိုင်ပြီး ယင်းအတွက် ဆေးဝါး ကုသမှု စရိတ်၊ ပြုစုစောင့်ရှောက်ရသည့်အတွက် လုပ်အားဆုံးရှုံးရသည့် အခြေအနေ များကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နစ်နာစေသလို အစားအသောက်ကြောင့် ကင်ဆာရောဂါအမျိုးမျိုး ကိုလည်း ဖြစ်စေနိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

You may also like these stories:

ရွှေပြည်သာမှ စက်ရုံနှစ်ရုံ ပိတ် လူ ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

ရခိုင်၌ စီးပွားရေးများ တိုးချဲ့ပေးမည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ယုံကြည်ရန်ခက်

Loading