ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ်၊ ဘန့်ကလမ်မြို့ရှိ တောတွင်းတနေရာတွင် စွန့်ပစ်ခံထားရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရှိခဲ့ပြီးနောက် သံသယူရှိ သူ ထိုင်းနိုင်ငံသား ၅ ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို မတ် ၁၅ ရက်၊ နံနက်ပိုင်းက ဆုန်ခလာခရိုင်၊ ဘန့်ကလမ်မြို့အုပ်စု (၈) ထာ့ချန်းကျေးရွာ တောအနီးတွင် အမှိုက်ကောက်သမားတဦးမှ တွေ့ရှိပြီး အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ဘန့်ကလမ်မြို့ရှိ နယ်မြေရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ အဆိုပါ ရုပ်အလောင်းများမှာ လက်ပြန်ကြိုးတုပ်၍ လည်ပင်း ပြတ်လုနီးပါး အလှီးခံထားရကြောင်း တွေ့ရှိရပြီး တနေရာရာတွင် အသတ်ခံရပြီးမှ လာရောက် စွန့်ပစ်ခဲ့ခြင်းဟု ယူဆ ကြောင်း၊ အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ယခင်လူကုန်ကူးမှု၌ ပါဝင်ပတ်သက်ဖူးသူများ၊ အမည် ပျက်စာရင်းများကို စစ်ဆေးခဲ့ရာမှ သံသယရှိသူ ၅ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက “သုံးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့အခါ စမွတ်ပရာကန်မှာ ဖမ်းမိတယ်။ ဆူလဌာနီမှာ ဖမ်းမိ တယ်။ စုစုပေါင်း အမျိုးသား ၃ ယောက် အမျိုးသမီး ၂ ယောက် ဖြစ်ပါတယ်။ သူတို့အားလုံးက ထိုင်းလူမျိုးတွေပါ။ လူ ၃ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီလူတွေဟာ သူတို့သယ်လာတဲ့ ခရီးသည်တွေပါလို့ ဝန်ခံပေမယ့် သတ်တာ ကျတော့ သူတို့ကိုယ်တိုင်သတ်တာ မဟုတ်ပါဘူး။ ခရီးသည်အချင်းချင်း သတ်ကြတာပါဆိုပြီး ငြင်းဆိုတာတွေ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးသူ ၃ ဦးအနက် တဦးမှာ အသက် ၁၄ နှစ်အရွယ်ခန့်သာ ရှိသေးကြောင်းနှင့် ၎င်းတို့၏ အသေးစိတ် အချက် အလက်များနှင့် ပတ်သက်၍မူ မသိရှိရသေးကြောင်း ဦးဘရီက ဆိုသည်။
ဖမ်းဆီးထားသည့် သံသယတရားခံများသည် အဆိုပါ သေဆုံးသူ ၃ ဦး အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၄ ဦး တို့ကို စမွတ်ပရာကန် ခရိုင်မှတဆင့် ထိုင်းတောင်ပိုင်း နာရာသီဝသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သူများမှာ မလေးရှားနိုင်ငံ သို့ ရောက်ရှိကာ အလုပ်လုပ်ကိုင်နေပြီဟု ထွက်ဆိုထားကြောင်း သိရသည်။
သေဆုံးသူ ၃ ဦးမှာ ကားပေါ်တွင် အချင်းချင်းခိုက်ရန်ဖြစ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ သတ်ခဲ့ခြင်း မဟုတ်ဟု ငြင်းဆိုထားသော်လည်း ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့၏ ပြောစကားများကို အယုံအကြည်မရှိဘဲ လူသတ်မှု၊ အလောင်း ဖျောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်းလည်း ဦးဘရီက ပြောသည်။
ဆက်လက်၍ ၎င်းက “အမှုက ပျောက်ပျက်မှာတော့ မရှိပါဘူး။ ဒီသတင်းက နာမည်ကြီးသတင်းလည်း ဖြစ်တယ်။ ထိုင်းတောင်ပိုင်း ဆုန်ခလာဘက်မှာဆိုရင် ဒီလိုအမှုမျိုးက မဖြစ်ပျက်တာ တော်တော်ကြာနေပြီ။ တရားမဝင်ရွှေ့ပြောင်း တွေ ဖြစ်ပေမယ့် ဒီလူသတ်မှုကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းအစိုးရကနေ ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒီအမှုက လူသတ်မှုအပြင် အလောင်းဖျောက်မှုလည်း သက်ရောက်တာပေါ့။ ထိုင်းဥပဒေအရဆို ပြစ်ဒဏ်ကြီးပါတယ်။ ရည်ရွယ်ချက်ရှိရှိ သတ်တာပေါ့” ဟု ပြောသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အနေဖြင့် အမှုမှန်ပေါ်ပေါက်စေရန် ကူညီဆောင်ရွက်လျက် ရှိသော်လည်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တစုံတရာ လာရောက် ဆောင်ရွက်ပေးခြင်းမျိုး မရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ဘန်ကောက်သံအရာရှိရုံးကို မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း တရားမဝင် ဝင်ရောက်သဖြင့် မြန်မာနိုင်ငံသား များ ဖမ်းဆီးခံရမှု အမှုပေါင်း ၂၉ မှု ရှိပြီး တရားမဝင် ဝင်ရောက်သူ ၃၀၀ ကျော်၊ ပွဲစားနှင့်လမ်းပြ ၂၃ ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း Ch7HD News တွင် ဖော်ပြထားသည်။
You may also like these stories:
ထိုင်းတောင်ပိုင်းရှိ အချုပ်ကျမြန်မာနိုင်ငံသားများ ငွေကြေးလိမ်လည်ခံရ
မြန်မာ ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်ထံ အသနားခံစာတင်မည်
မဲဆောက်တွင် အထောက်အထားမဲ့ မြန်မာအများအပြား ဖမ်းဆီးခံရ
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ