ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်ထရာ၏ သမီး မစ္စ ပေတောင်တန် ရှင်နာဝပ်ထရာသည် မေလတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်ရာထူးအတွက် ထိပ်ဆုံးမှ ပြေးနေသော ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း နောက်ဆုံးကောက်ယူသည့် စစ်တမ်းများအရ သိရသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သော မစ္စ ပေတောင်တန်သည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အတိုက်အခံပါတီဖြစ်သည့် ဖွေထိုင်းပါတီ ကိုယ်စားလှယ်ဖြစ်ပြီး လူ ၂၀၀၀ အားကောက်ယူခဲ့သော သဘောထားစစ်တမ်းတွင် ထောက်ခံမှု ၃၈ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့သည်။
ထိုစစ်တမ်းသည် National Institute of Development Administration က သုံးလတကြိမ် နောက်ဆုံး ကောက်ယူသည့် စစ်တမ်းဖြစ်သည်။ မစ္စ ပေတောင်တန်အပေါ် လူထုထောက်ခံမှုနှုန်းသည် ဒီဇင်ဘာလက ၃၄ ရာခိုင်နှုန်းထက် တိုးတက်လာကြောင်း သိရသည်။
ဖွေထိုင်းပါတီသည် အနိမ့်ဆုံးလုပ်ခလစာ ၇၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန်နှင့် စီးပွားရေးကို တနှစ်လျှင် ၅ ရာခိုင်နှုန်း တိုးတက်စေရန် ကတိပြုပြီး ဆယ်စုနှစ်တခုနီးပါးကြာသည့် စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကို အဆုံးသတ်ရန် ကြိုးစားနေသည်။
လက်ရှိဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာသည် စစ်တမ်းကို တုံ့ပြန်သူများအနက် ထောက်ခံမှု ၁၅ ဒသမ ၇ ရာခိုင်နှုန်းရပြီး ဒီဇင်ဘာလက ၁၄ ရာခိုင်နှုန်းထက် တက်လာကာ တတိယနေရာတွင် ရှိနေသည်။
အာဏာသိမ်းခေါင်းဆောင်မှ ဝန်ကြီးချုပ်ဖြစ်လာသူ မစ္စတာ ချန်အိုချာသည် သူ၏အုပ်ချုပ်ရေး တိုးချဲ့ရန် ပါလီမန်ကိုဖျက်သိမ်းရေး ညွှန်ကြားလိုက်ပြီး မေလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။
မစ္စတာ ပရာယွတ်က သူသည် ပါလီမန်ကို ဖျက်သိမ်းရန် ဥပဒေတခုကို ပြင်ဆင်နေပြီး ဘုရင်၏ ထောက်ခံမှုကိုရရန် စောင့်ဆိုင်းနေကြောင်း မတ်လ ၁၇ ရက်နေ့က ပြောသည်။
တော်ဝင်ပြန်တမ်းအရ ထိုအမိန့်သည် မတ်လ ၂၃ ရက်နေ့တွင် ကုန်ဆုံးမည့် လွှတ်တော်၏ လေးနှစ်သက်တမ်း မကုန်မီ ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမည် ဖြစ်သည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော မစ္စတာ ပရာယွတ်သည် သူ၏ပါတီသစ်အတွက် စည်းရုံးမဲဆွယ်ရန် လှုပ်ရှားနေဆဲဖြစ်ပြီး ထိုပါတီကလည်းသူ့ကို တဦးတည်းသော ဝန်ကြီးချုပ်လောင်းအဖြစ် ကြေညာထားသည်။
ထိပ်တန်း ၉ ပါတီက ယခုအချိန်အထိ ပေးထားသောကတိများနှင့် ၎င်းတို့၏ တူညီသောမူဝါဒများအရ ကုန်ကျစရိတ်များကို ဖယ်ထုတ်လျှင်ပင် တနှစ်လျှင် ဘတ် ၃ ဒသမ ၁၄ ထရီလီယံ (စင်ကာပူဒေါ်လာ ၁၂၄ ဘီလီယံ) လိုအပ်မည်ဖြစ်ကြောင်း ထိုင်းဖွံ့ဖြိုးရေး သုတေသန အင်စတီကျု၏ အဆိုအရ သိရသည်။
အဓိကအတိုက်အခံပါတီ နှစ်ခု၏ ရှည်လျားသော စာရင်းများအရပင် ထိုအစီအစဉ်များကို အကောင်အထည်ဖော်ရန် တနှစ်လျှင် ဘတ် ၂ ထရီလီယံကုန်မည်ဟု ထိုအင်စတီကျုက ဖော်ပြသည်။
ကိုးကား ။ ။ The Straits Times, Bangkok Post
You may also like these stories:
ကြေကွဲစရာ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံရေးတွင် သေနတ်နှင့် မူးယစ်ဆေးပြဿနာ ထိပ်တန်းရောက်လာ
ပရမ်တင်ဆူလာနွန် သို့မဟုတ် ထိုင်းဘုရင့် နောက်ကွယ်က လူ
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆုတံဆိပ်များ ရုပ်သိမ်းခံရ