တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာတို့ကို မတ် ၂၁ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်သားများက ဝင်ရောက်မီးရှို့ခဲ့ပြီး မီးငြှိမ်းသတ်ရန် ကြိုးစားသည့် ကျေးရွာသားတဦး ကိုလည်း ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ရွာတို့ကို ရေကြောင်းမှတဆင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများက ယမန်နေ့ မွန်းတည့်ချိန်မှစတင်၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ရွာမှ ပြန်ထွက်သွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောပြင်ကျေးရွာမှ နေအိမ် ၉၀ ကျော်နှင့် အောက်ကျောက်ဝပ်ကျေးရွာမှ အိမ် ၄၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း အောက်ကျောက်ဝပ်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ထို့ပြင် အောက်ကျောက်ဝပ်ကျေးရွာရှိ နေအိမ်များ မီးလောင်ကျွမ်းနေစဉ် ငြှိမ်းသတ်ရန် ကြိုးစားခဲ့သော အသက် ၂၅ နှစ်အရွယ် ကိုအောင်မင်းစိုး ဆိုသည့် ဒေသခံလူငယ်တဦးကိုလည်း စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်၍ “အခုလက်ရှိ စစ်ကောင်စီတပ်က ကျေးရွာတွေက ထွက်သွားပြီဆိုပေမဲ့ ပြန်စရာအိမ် မရှိတော့တဲ့ ပြည်သူတွေနဲ့ ကျေးရွာသူရွာသားတွေဟာ လုံခြုံဘေးကင်းနိုင်တဲ့ နေရာတွေမှာ ရှောင်တိမ်းနေထိုင်နေကြရတုန်း ဖြစ်ပါ တယ်” ဟု ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၀၂) အခြေစိုက်ပြီး ယခု မီးရှို့သွားသည့် စစ် ကြောင်းမှာ မောရဝတီရေတပ်ဌာနချုပ်နှင့် ကချင်ဘက်မှလာသည့်တပ်များ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသော် လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်တပ်၏ မီးရှို့ခံရသည့် ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာများမှာ လူဦးရေထောင်ချီ နေထိုင်သည့် ကျေးရွာကြီးများ ဖြစ်ပြီး ကျေးရွာနှစ်ရွာပေါင်း လူဦးရေ ၅၀၀၀ ကျော် ရှိကြောင်း၊ ယခုအခါ ဒေသခံအတော်များများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတဦးက “ထိတွေ့တိုက်ပွဲ မရှိဘဲ အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးတဲ့လုပ်ရပ် ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ အနေနဲ့ ဒီလို ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးပြပြီး ပြည်သူတွေ အကြောက်တရားရအောင်နဲ့ တော်လှန်ရေးအဖွဲ့စည်းတွေကို အားပေးထောက်ခံမှုမရှိအောင် လုပ်ခဲ့တဲ့ နည်းနာအတိုင်း ဒီမှာလည်း လုပ်ခဲ့တာပါ” ဟု ပြောသည်။
ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာတို့သည် ထားဝယ်ဒေသရှိ နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေ အနီးတွင် တည်ရှိပြီး ပြီးခဲ့သည့် မတ် ၁၄ ရက်ကလည်း အောက်ကျောက်ဝပ်ကျေးရွာမှ ဒေသခံ အမျိုးသား ၆ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သလို မတ် ၁၀ ရက်တွင်လည်း ပညစ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကောက်ယူထားသည့် စာရင်းများအရ အာဏာသိမ်းပြီးနောက် ၂၀၂၁ နိုဝင်ဘာလမှ စတင်ကာ မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် ဒေသခံ ၆၅၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရ သည်။
ဒေသတွင်း သုတေသနအဖွဲ့အစည်းတခု ဖြစ်သည့် Southern Monitor ၏ မှတ်တမ်းတင်ထားသော အချက်အလက် များအရလည်း အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ဖေဖော်ဝါရီလထိ တနင်္သာရီတိုင်းအတွင်း နေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အရပ်သား ၃၉၄ ဦး သေဆုံးခဲ့ကာ ၁၄၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
ထားဝယ်- ထီးခီး လမ်းပိုင်း ပကာရီရွာအနီး စစ်ရေး တင်းမာနေ
ကော့သောင်းခရိုင်မှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်