ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဥသျှစ်ကုန်းရွာမှ ဒေသခံ ၁၄ ဦးကို စစ်ကောင်စီတပ် ပြန် မလွှတ်သေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း မုန်းဒေသခံ အမျိုးသားတဦးက ဆိုသည်။
စစ်ကောင်စီ၏ အင်အား ၅၃ ဦးပါ စစ်ကြောင်းသည် မတ်လ၂၀ ရက်တွင် ဥသျှစ်ကုန်းရွာသို့ ဝင်ရောက်ကာ ဒေသခံ အမျိုးသား ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး လူအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံ ၁၄ ဦးကို ပြန်မလွှတ်ဘဲ ဖမ်းဆီး ထားခြင်း ဖြစ်သည်။
မုန်းဒေသခံ အမျိုးသားတဦးက “မသန်စွမ်း၂ ယောက်ကို ညနေမှ ပြန်လွှတ်လိုက်တယ်။ အသက်ကြီးတဲ့ အမျိုးသား ၂ ယောက်ကိုတော့ နောက်တရက် ညနေပိုင်းမှာ ပြန်လွှတ်ပါတယ်။ ကျန်တဲ့ ၁၄ ယောက်ထဲမှာ အသက် ၁၄ နှစ်၊ ၁၅ နှစ် လောက် ကလေး ၃ ယောက်လောက် ပါပါတယ်” ဟု ဆိုသည်။
အဖမ်းခံထားရသူများအနက် ၄ ဦးသည် ဥသျှစ်ကုန်းရွာနှင့် သိပ်မဝေးသည့် ညောင်ကုန်း၊ ကြို့ပင်၊ ကြောင်ပြာနှင့် ကြို့ ကုန်းရွာများမှ စစ်ရှောင်များဖြစ်ပြီး ကျန်လူများမှာ ဥသျှစ်ကုန်းရွာမှ ဒေသခံများဖြစ်ကြောင်း မုန်းဒေသခံအချို့က ဆို သည်။
စစ်ကောင်စီတပ်သည် ဒေသခံ ၁၄ ဦးကို ဥသျှစ်ကုန်းရွာအနီး ဘောလုံးကွင်းတခုသာခြားသည့် အုန်းပင်စုရွာတွင် ထိန်း သိမ်းထားသည်။
ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် ဥသျှစ်ကုန်းရွာမှ ဘုန်းတော်ကြီးအချို့က စစ်ကောင်စီတပ်ထံ သွားရောက် ပြောဆို ညှိနှိုင်းမှုရှိသော်လည်း စစ်ကောင်စီဘက်က ပြန်မလွှတ်ပေးကြောင်း မုန်းဒေသခံ အမျိုးသားတဦးက ဆိုသည်။
၎င်းက “ဘုန်းကြီးတွေ၊ ဘာသာရေး ဦးဆောင်သူတွေက သူတို့ကို ပြန်လွှတ်ပေးဖို့ ညှိကြတယ်။ ၃ ၊ ၄ ရက်နေရင် ပြန်လွှတ်ပေးမယ်လို့တော့ ကြားတယ်။ အခုထက်ထိတော့ ဒီလူတွေက ဖမ်းထားတဲ့နေရာမှာပဲ။ သူတို့က ဒေသခံတွေ လူသားဒိုင်းအဖြစ် ဖမ်းထားတာပေါ့။ သူတို့က ဒေသခံတွေကို ဖမ်းထားတော့ ဒီဘက် (ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်ကလည်း ပစ်တာခတ်တာ မလုပ်ဘဲ ညှာနေရတဲ့ အခြေအနေအပေါ့” ဟု ဆိုသည်။
ဥသျှစ်ကုန်းရွာမှ ဒေသခံများကို ဖမ်းထားသည့်တပ်မှာ အမှတ်၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တနင်္သာရီတိုင်း ခမောက်ကြီးမြို့နယ်ရှိ အမှတ်၂၈၈ ခြေလျင်တပ်ရင်းဖြစ်ကြောင်း ဒေသခံများက ဆိုသော်လည်း ဧရာ ဝတီအနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။
လက်ရှိတွင် ရွာသူရွာသားများကို ပြန်မလွှတ်သေးသဖြင့် ၎င်းတို့၏ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း မုန်း ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် KNU ဦးဆောင်သည့် အာဏာသိမ်းမှု ဆန့်ကျင်သော တပ်များက ဥသျှစ်ကုန်းရွာ တောင်ဘက် ၂ မိုင်ကျော်အကွာရှိ နတ်သံကွင်းရွာက စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု လုပ်ခဲ့ပြီး နောက် စစ်ကောင်စီတပ်ဘက်က ဒေသခံများအား ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့် ရွာများအတွင်း ပစ်ခတ် တိုက်ခိုက် ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မုန်းဒေသခံအချို့က ပြောသည်။
KNU ဗဟိုက မတ်လ ၂၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ စစ်ကောင်စီတပ်သည် မတ်လ ၂၀ ရက် တွင် နတ်သံကွင်း ရွာတံတားထိပ်မှတဆင့် ဥသျှစ်ကုန်းရွာသို့ လက်နက်ကြီးဖြင့် အချက်ရေ ၁၀ ချက်ခန့် ပစ်ခတ်ပြီး နောက် ဥသျှစ်ကုန်းရွာတောင်ဘက်ရှိ ရေတွင်းကုန်းရွာမှတဆင့် ဥသျှစ်ကုန်းရွာအတွင်း ဝင်ရောက်ကာ ဒေသခံများကို လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မတ်လ ၂၀ ရက်တွင် မုန်းမြို့နယ်မြောက်ဘက်ရှိ ကျောက်ကြီးမြို့နယ်၌ တိုက်လေယာဉ်ဖြင့် ဗုံး ၂၈ လုံးထက်မနည်းကြဲခဲ့သလို မုန်းမြို့နယ်တောင်ဘက်ရှိ ရွှေကျင်မြို့နယ်တွင်လည်း တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၂၀ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း KNU ဘက်က ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်တွင် နေအိမ် ၅ လုံးနှင့် မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွှေကျင်မြို့နယ်တွင် နေအိမ် ၅ လုံးနှင့် မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပြာကျကာ အသက် ၇၀ အရွယ် အဘိုးအိုတဦး ဒဏ်ရာရခဲ့သည်။
အာဏာသိမ်းပြီးနော် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် ကျောက်ကြီး၊ မုန်းနှင့် ရွှေကျင် ၃ မြို့နယ်တွင် စစ်ဘေးရှောင် သောင်းဂဏန်းရှိနေကြောင်း ယင်းမြို့နယ်များမှ ဒေသခံများက ဆိုသည်။
ကျောက်ကြီးမြို့နယ်မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတဦးကလည်း “စစ်ကောင်စီကတော့ ရွာသူရွာသား တွေကို ပြည်သူလို့ မမြင်ဘူး။ ရန်သူလို သဘောထားပြီးမှ ပစ်ခတ်တွေ လုပ်တော့ အသက်ဆုံးရှုံးရတာတွေ၊ အိုးအိမ် ထိမှန်တာတွေ၊ ဒဏ်ရာရတာတွေဖြစ်တာပေါ့။ စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ တော်တော်ကို လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တော့ ကျနော်တို့က လက်ခံလို့ကို မရတော့ဘူး” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
ကျောက်တော်မှ စစ်ရှောင်စခန်း ၃ခု မတ်လကုန် ပိတ်သိမ်းမည်
လောင်းလုံးမှ ရွာနှစ်ရွာကို စစ်တပ် မီးရှို့၊ မီးငြှိမ်းသည့် ရွာသားတဦးကိုပါ ပစ်သတ်ခဲ့