ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီလမ်းတလျှောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ပြန်မလည်နိုင်သေးဘဲ ရပ်တန့်နေကြောင်း ကုန်သည်များထံက သိရသည်။
မတ်လ ၂၅ ရက်မနက်အစောပိုင်းတွင် မြဝတီခရိုင်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ပိတ်ခဲ့ရာမှ မတ် ၂၆ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ က ကြေညာ ခဲ့သည့်အပြင် ၂၆ ရက် မနက်ပိုင်းမှစတင်ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်၂ နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့တွင် ကုန်သွယ်ရေး လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီက ကုန်သွယ်ရေး ပုံမှန်လည်ပတ်နေပြီဟု ဆိုသော်လည်း ကော့ကရိတ်၊ ကျုံဒိုး အစရှိသည့် မြဝတီ ကုန် သွယ်ရေးဇုန်သို့ လာရာလမ်းတလျှောက်တွင် တိုက်ပွဲဖြစ်ပွားနေသေးသဖြင့် ခရီးသည်တင်ယာဉ်များ အပါအဝင် ကုန်တင်ယာဉ်များပါ ပိတ်မိနေပြီး သွင်းကုန်ကားများမှာလည်း ဆင်း၍ မရသေးသည့် အခြေအနေဖြစ်သောကြောင့် ကုန်သွယ်ရေး ဇုန်မှာ ဖွင့်ထားသော်လည်း ကုန်သွယ်မှုမှာ ရပ်တန့်နေဆဲ ဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။
မြဝတီမြို့ကုန်သည်တဦးက “ဇုန်ကတော့ ပြန်ဖွင့်ထားတာပေါ့နော်။ အွန်လိုင်းနဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးတယ်။ ဒါပေမယ့် အောက်မှာ တိုက်ပွဲဖြစ်နေတော့ ကုန်ကားတွေတော့ ဆင်းမရဘူး။ ဒီ၂၅ ရက်က တိုက်ပွဲဖြစ်စဉ်မှာ ရပ်သွား တဲ့ ဟာတွေတော့ ပြန်လုပ်တာပေါ့။ ကုန်ကားတွေက ဆင်းလို့ မရသေးဘူး။ ကျုံဒိုး၊ ကော့ကရိတ်မှာ တိုက်ပွဲက ဖြစ်နေ တုန်းဆိုတော့ အဲဒီမှာရှိတဲ့ ပို့ကုန်ကားတွေလည်း တက်မရဘူး။ သင်္ဃန်းညီနောင်လောက်မှာ ပိတ်မိနေတဲ့ ကားတွေပဲ လာနိုင်တာပေါ့။ တချို့ကားတွေက လမ်းမှာပဲ ပိတ်နေတာပေါ့။ အခုလို ပြောင်းတင်ပို့တဲ့ရာသီမှာ အစီးရေ ၂၀၀/ ၃၀၀ လောက် ပုံမှန်ကုန်သွယ်ပေမယ့် အခုကတော့ မရှိသလောက်ပဲ” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်က မြဝတီကုန်သွယ်ရေး ဇုန်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အကောက်ခွန် အစည်းအဝေးပြု လုပ်သည့် ခန်းမ၊ ကုန်သွယ်မှုဆိုင်ရာ စစ်ဆေးရေးများ ပြုလုပ်သည့် အဆောက်အအုံများ မီးလောင်ပျက်စီးသွားသော ကြောင့် စစ်ကောင်စီက ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသလို ဝင်းအတွင်းရှိ ပို့ကုန်ကားများကိုလည်း အွန်လိုင်းစနစ် ဖြင့် စာရွက်စာတမ်းများ ခွင့်ပြုပေးနေကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ကုန်သည်တဦးက “ကုန်သွယ်ရေးက လက်ကျန်ကိုပဲ ဖြတ်နေရတာပေါ့။ ဆင်းမယ့်ကား တော့ မရှိပါဘူး။ တက်လာမယ့် ကားကျတော့ တောင်ပေါ်လမ်းကျော်ပြီး ညီနောင်ကို ရောက်တဲ့ကားတွေပေါ့။ ဒါတွေကို တော့ အွန်လိုင်းနဲ့ လုပ်ပေးနေတာပေါ့။ ဒီအချိန်က တင်ပို့မှု အများဆုံးက ပြောင်းလို့ ပြောလို့ရတယ်။ ဒါပေမယ့် ငရုတ် သီး၊ ကြက်သွန်၊ ပလောပီနံစတဲ့ ကုန်စိမ်းတွေ တင်ပို့တဲ့ကားတွေ ရှိတယ်။ ပိတ်မိနေတဲ့ကားတွေမှာ ကုန်စိမ်းတွေက တော့ အပျက်အစီးရှိနိုင်တယ်။ ကုန်သွယ်ရေးကို ထိခိုက်မလား ဆိုတာကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလို တလလုံး တိုက်ပွဲဖြစ်ရင်တော့ ထိခိုက်မှာ။ အခုက ရက်ပိုင်းပဲရှိသေးတော့ ပြောမရသေးဘူး” ဟု ယနေ့ နံနက် ၁၁ နာရီထိ အခြေ အနေကို ဧရာဝတီကို ပြောသည်။
တချို့သော ကားငယ်များမှာ ထို့ကော်ကိုးလမ်းမှနေ၍ သွားရောက်နေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြ သည်။
ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကားများကလည်း လက်ရှိတွင် တိုက်ပွဲများ ဖြစ်နေသောကြောင့် ဂိုဒေါင်များတွင်သာ သွင်း ကုန်များကို ထားထားပြီး ပြည်တွင်းသို့ တင်သွင်းမှုကို ရပ်တန့်ထားရဆဲ ဖြစ်ကြောင်း၊ တရက်လျှင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင် ကုန်သွယ်မှုရှိရာမှ ယခုရက်တွင် ကုန်တင်ယာဉ်သာမက အိမ်စီးကားပင် မရှိသလောက် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
သွင်းကုန်ကားများမှာလည်း လမ်းကြောင်း မကောင်းသဖြင့် ဂိုဒေါင်များတွင်သာ ပစ္စည်းထည့်ထားပြီး စောင့်နေရခြင်း ဖြစ်သလို ပို့ကုန်အတက်ကားများမှာလည်း ကော့ကရိတ်ကို မကျော်နိုင်သေးသဖြင့် လာ၍ မရသည့် အခြေအနေ ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အတူ ပူးပေါင်း တပ်များဖြစ်သည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲသည် မတ်လ ၂၅ ရက် မနက်အစောပိုင်းတွင် မြဝတီမြို့၌ ဖြစ်ပွားနေသည့်တချိန်တည်းမှာပင် သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ကျုံဒိုးမြို့အထိ ဖြစ်ပွားသည်မှာ ယမန်နေ့၂၆ ရက်အထိ ဖြစ်ပြီး စစ်တပ်က ဝေဟင် မှတိုက်လေယာဉ်များကိုပါ အသုံးပြုပြီး စစ်ကူတိုက်ခိုက်နေသဖြင့် ကျုံဒိုးဒေသခံများမှာ ထွက်ပြေးနေရဆဲဖြစ်သည်။
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှ မြဝတီမြို့နယ်အတွင်း စစ်ရေး လုံခြုံရေး အခြေအနေများ ရှုပ်ထွေးနေ၍ ပြည်သူလူထု အနေဖြင့် ကျုံဒိုးမှမြဝတီမြို့နယ်ထိ မည်သည့်နည်းနှင့်မျှ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်လည်း ကျားဖြူစစ် ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ချုပ် စောကျော်သက်က မတ်လ ၂၅ ရက်တွင် မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ၂၅ ရက်က မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကုန်သွယ်ရေးဇုန်နှင့် ကပ်လျက် ဂိုဒေါင်ထဲသို့ ပစ္စည်းလာချသော ထိုင်းကားသမား ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဇုန်အတွင်းရှိ ရဲ ၃ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦး နှင့် အရပ်သား ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်ဟု ကုန်သည်များထံက သိရသည်။ ယင်းစာရင်းမှာ မှန် မမှန်ဆိုသည်ကို ဧရာဝတီမှ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေးအနေဖြင့် မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်အများဆုံး တင်ပို့သလို ငရုတ် သီး၊ ငရုတ်သီးစိမ်း၊ ရာဘာ စသည့် ရာသီထွက်ကုန်စိုက်ပျိုးရေးသီးနှံများလည်းတင်ပို့ပြီး ထိုင်းဘက်မှ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်း၊ ယာဉ်ယန္တရားများ စသဖြင့် တင်သွင်းလျက်ရှိသည်။ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီလထိ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၃၇ ဒသမ ၆၉၅ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။
You may also like these stories:
ကော့ကရိတ် တိုက်ပွဲပြင်းထန် စစ်ရှောင် ၁ ထောင်နီးပါးရှိလာ
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား
ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း