ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့မနက်ပိုင်းအထိ တိုက်ပွဲ ဆက်ဖြစ်နေပြီး ကော့ကရိတ် အနောက်ဘက် ကျုံဒိုးမြို့မှ အရှေ့ဘက် မြဝတီမြို့အထိ အာရှလမ်းမတလျှောက်တွင် စစ်ရေးတင်းမာနေလျှက်ရှိသည်။
ကော့ကရိတ် ဒေသခံတဦးက “မနက် ၁၀ နာရီလောက်အထိကတော့ အသံကြားတယ်။ လက်နက်ငယ်ရော၊ လက် နက်ကြီးရော ပစ်နေတာပါ။ အခု လောလောဆယ်တော့ အသံတိတ်နေတယ်ဗျ” ဟု ဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်မှ စတင်ကာ ကျုံဒိုးမြို့ ရဲစခန်းအပါအဝင် မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး မတ်လ၂၆ ရက် နံနက် ၅ နာရီကျော်တွင် ကော့က ရိတ်မြို့ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) စခန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်။
ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ မြွေဟောက် (Cobra) စစ်ကြောင်းနှင့် ကော်သူးလေ တပ် (KTLA) လက်အောက်ခံ Lion Battalion Commando ဗျူဟာစစ်ကြောင်းတို့ ပါဝင်တိုက်ခိုက်နေလျှက်ရှိသည်။
ကရင် ပူးပေါင်းတပ်များက မတ်လ ၂၆ ရက်တွင် ကော့ကရိတ်- မြဝတီလမ်းဟောင်းရှိ ကြောင်လျှာကုန်း BGF စခန်း အား ဝင်ရောက်စီးနင်းကာ မီးရှို့နိုင်ခဲ့သော်လည်း လက်နက်များအား BGF တပ်ဖွဲ့ဝင်များ ယူဆောင်ထွက်ပြေးသွား သဖြင့် သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိကြောင်း ကရင်ပူးပေါင်းတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။
ကရင်ပူးပေါင်းတပ်များက BGF စခန်းကို ဝင်ရောက်တိုက်ခိုက်သည်နှင့် ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၉၇ ခြေလျင်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ကော့ကရိတ်မြို့ဒေသခံ အချို့က ဆိုသည်။
ကော့ကရိတ်မြို့ဒေသခံ အမျိုးသားတဦးက “လူထုကတော့ စိုးရိမ်ပြီး အိမ်ထဲနေရတာပေါ့။ အခု အသွားအလာက လုံးဝ မရှိဘူး။ မြဝတီ၊ ကော့ကရိတ်၊ ကားလမ်း၊ ကော့ကရိတ် ကျုံဒိုးကားလမ်းတွေ ပြတ်တောက်နေတယ်။ စားရေးသောက် ရေးအတွက်ကတော့ အပြင်ထွက်လည်း ဝယ်မရဘူး။ အိမ်မှာရှိတာ စားပြီးနေပေါ့။ တိုက်လေယာဉ်က မနက်က လာ တယ်။ ၁ စီးပေါ့ ။ ဗုံးတော့ မကြဲသွားဘူး” ဟု ဆိုသည်။
မတ်လ ၂၆ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကော့ကရိတ်မြို့တွင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရထားသလို ကလေးငယ် ၁ ဦးလည်း အသက်ဆုံးရှုံးထားကြောင်း ကော့ကရိတ်မြို့ဒေသ ခံ အချို့က ပြောသည်။
ကော့ကရိတ်မြို့အနောက်ဘက် ဟောင်သရောမြစ်ဘေးရှိ ကျုံဒိုးမြို့တွင်မူ မတ်လ၂၇ ရက် မနက်ပိုင်း၌ တိုက်ပွဲထပ်ဖြစ်မှု မရှိသော်လည်း ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုများရှိနေပြီး ကရင်ပူးပေါင်းတပ် များနှင့် စစ်ရေး တင်းမာနေကြောင်း ကျုံဒိုးမြို့ဒေသခံ အမျိုးသားတဦးက ပြောသည်။
ကျုံဒိုးမြို့ပေါ်ရှိ အမှတ် ၅၄၅ ၊ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းနှင့် ကျုံဒိုးမြို့မရဲစခန်းအပါအဝင် ကျုံဒိုးဗျူဟာကုန်း၊ ကျုံဒိုးနှင့် ဂျိုင်းရွာကို ကူးသည့် မြစ်ကူးတံတားတို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိနေပြီး အဆိုပါနေရာများမှတဆင့် ကရင် ပူးပေါင်းတပ်များရှိမည်ဟု ယူဆရသည့် ရွာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ကျုံဒိုးမြို့ဒေသခံ အချို့ထံမှ သိရသည်။
ကရင်ပူးပေါင်းတပ်များသည်လည်း ကျုံဒိုးမြို့အနီးဝန်းက ရွာအချို့တွင် ရောက်နေကြောင်း သတင်းများထွက်နေသော် လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်ပေ။
ကျုံဒိုးဒေသခံတဦးက “၉ နာရီလောက်မှာ အလုံးကြီးသံတွေ ကြားရတယ်။ အလုံးကြီးကတော့ အပြန် အလှန် ပစ်ခတ်သံမျိုး မကြားရဘူး။ တချက်၂ ချက် ပစ်ခတ်သံပဲကြားရတယ်။ အခုက ရွာထဲမှာတော့ လူတွေ တရုန်း ရုန်းနဲ့ပဲ သတင်းကြားတာက PDF တွေ ကူးလာဖို့ ရှိတယ်လို့ ကြားတယ်။ အဲဒါနဲ့ တကယ်လို့လာရင် ရှောင်ကြဖို့ပေါ့။ အခုက ညဘက်ရှောင်လိုက် မနက်ပိုင်းကျလို့ တိုက်ပွဲ အကြီးအကျယ်မဖြစ်ရင် ပြန်လာလိုက်ဖြစ်နေတာပေါ့။ ရှောင်ကြ ဖို့ဆိုတာက တိုက်ပွဲကြားထဲ ညှပ်သွားမှာစိုးလို့ပါ။ အသံတွေက သိပ်တော့ မကြားရဘူး။ ငြိမ်ပြီး အဲဒီလိုဖြစ်နေတာပေါ့” ဟု ဆိုသည်။
လတ်တလောတွင် ကျုံဒိုးမြို့၌ စစ်ဘေးရှောင် ၆၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး အရပ်သား ၂ ဦး သေဆုံးထားကြောင်း ကျုံဒိုးမြို့ဒေသခံများက ပြောဆိုကြသည်။
ကျုံဒိုးမြို့ဝန်းကျင်တွင် စစ်ကောင်စီတပ်ကို တိုက်နေသည့် ဂဠုန်စစ်ကြောင်းကမူ မတ်လ ၂၅ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးကြောင်း ဆိုသည်။ ထို့အတူ ကရင်ပူးပေါင်းတပ်များဘက်တွင်လည်း ထိခိုက် ဒဏ်ရာရသူများရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။
သင်္ဃန်းညီနောင်ရဲစခန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တွင် မတ်လ ၂၅ ရက်က တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း မတ်လ ၂၇ ရက်တွင် တိုက်ပွဲထပ်ဖြစ်ကြောင်း မကြားရပေ။
ယင်းတိုက်ပွဲများအနက် မြဝတီမြို့ကုန်သွယ်ရေးဇုန် အနီးတွင် ဖြစ်သောတိုက်ပွဲအတွင်း BGF ၃ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ၊ အကောက်ခွန်အရာရှိတဦး၊ ကုန်သွယ်ရေးရုံးတွင် ဝိုင်းကူပေးနေသည့် အရပ်သားတဦး၊ ကားသမား တဦး စုစုပေါင်း ၉ ဦးသေဆုံးခဲ့ကြောင်း မြဝတီအခြေစိုက် သတင်း ရင်းမြစ်အချို့က ဆိုသည်။
ထို့ပြင် မတ်လ ၂၅ ရက်က ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား ကားသမား ၂ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့သဖြင့် ထိုင်းနိုင်ငံဘက်တွင် ဆေးကုသနေရကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများကို ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
လက်ရှိတွင် မြဝတီကုန်သွယ်ရေးဇုန်၌ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ ရောက်နေသော်လည်း ကုန်သွယ်ရေးဇုန်ကို ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
မြဝတီမြို့ပေါ်တွင်မူ တိုက်ပွဲ စဖြစ်သည့် မတ်လ ၂၅ ရက်ကတည်းက ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို စစ်ကောင်စီဘက်က ထုတ်ထားသလို မြို့ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို မေးမြန်းစစ်ဆေးမှုများရှိနေကြောင်း မြဝတီမြို့ဒေသခံတဦးက ဆိုသည်။
မြဝတီရှိ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားနှင့် အမှတ် ၂ တံတားတို့အား စစ်ကောင်စီဘက်က မတ် ၂၆ ရက်တွင် ပြန်ဖွင့်ထားပြီး ဖြစ်သည်။ သို့သော် ကျုံဒိုးမှ မြဝတီအထိ ကရင်ပူးပေါင်းတပ်များက လမ်းကို ယာယီအသုံး မပြုကြရန် လူထုကို ကြေညာထားသဖြင့် ကုန်ကားအသွားအလာ မရှိဘဲ ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း မြဝတီမြို့ ဒေသခံများထံမှ သိရသည်။
You may also like these stories:
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား
တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး ပြန်မလည်ပတ်နိုင်သေး