စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်- စိုင်ပြင်လမ်းရှိ ကျေးရွာများမှ ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်ခွာလာသော အင်အား ၁၇၀ ခန့်ပါ တပ်မ ၁၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်၂၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးလာသည့် အရပ်သားများကို ရှေ့မှထားကာ စိုင်ပြင်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဟု သိရသည်။
စိုင်ပြင်ဒေသခံတဦး က “တပ်မ ၁၁ လက်မောင်း ဘက်တံဆိပ်တွေပါတဲ့ စစ်ကြောင်းပါ။ နမခထဲကနေ ထွက်လာပြီး ဘုတလင်နယ်ထဲက ရွာတွေကို ဝင်စီးပြီး မနေ့ညနေပိုင်းက ပြန်လာတာပေါ့။ စစ်ကြောင်းတလျှောက်ကျေးရွာတွေက ဖမ်းခေါ်လာတဲ့ အရပ်သားတွေ ၄၀ လောက်ထိပါတယ်၊ စိုင်ပြင်မြို့ထဲကို ဝင်လာတဲ့အချိန်မှာ ဖမ်းခေါ်လာတဲ့ အရပ်သားတွေကို ရှေ့က ကာထားပြီး ဝင်ပြီးတဲ့အပြင် ပစ်ခတ်တာတွေလည်း လုပ်ခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ အရပ်သားများကို ဓားစာခံအနေဖြင့် ဖမ်းဆီးဝင်လာသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက နောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မြို့အဝင်မှာ PDF တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့သေးတယ်။ PDF တွေက မိုင်းဆွဲဖို့ စောင့်နေတဲ့အချိန် တိုက်ပွဲဖြစ်တာ၊ မြို့အဝင်မှာဆိုတော့ မြို့ထဲက စစ်သားတွေနဲ့ ပေါင်းမိသွားပြီး မြို့ကို ပိတ်ဆို့ ပစ်လိုက်ကြတာ။ စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းခေါ်လာတဲ့သူတွေကို လူသားဒိုင်းအနေနဲ့ ရှေ့ကနေကာပြီးမှ ဝင်လာတာမို့ ဆုတ်ပေးခဲ့လိုက်ရတာ” ဟု ပြောသည်။
ဖမ်းဆီးလာသူများမှာ ဘုတလင်နှင့် စိုင်ပြင်မြို့ကြား ဘုတလင်-စိုင်ပြင်လမ်းပေါ်ရှိ ဆိတ်သာခြံ၊ ကြို့ကုန်း၊ မြောက်ကျည်၊ ကျွဲတဲ၊ ပီသျှူး စသည့် ကျေးရွာများဖြစ်ပြီး လက်ရှိတွင် စိုင်ပြင်မြို့တွင်းရှိ ခြံတခြံတွင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရ သည်။
PDF တပ်ဖွဲ့ဝင်တဦးက “ဘုတလင်မြို့နယ်နဲ့ စိုင်ပြင်ကြားမှာ ကျေးရွာက ၇ ရွာလောက်ထိ ရှိတယ်၊ သူတို့က ဖမ်းဆီးလာတဲ့သူတွေကို ခြံတခြံထဲမှာ စုပြီး ထားထားတယ်။ အရပ်သားတွေကို ကာပြီး တက်လာလို့ မိုင်းဆွဲဖို့ လုပ်ထားတာကို ဖျက်သိမ်းလိုက်ရတယ်၊ စစ်ကြောင်းက ရမ်းသမ်းပစ်ခတ်တာတွေလုပ်လို့ မိုင်းဆွဲဖို့လာတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးလည်း ပစ်ခံရလို့ ကျသွားတယ်။ စိုင်ပြင်ဈေးနားမှာလည်း အရပ်သားတယောက် ထိသွားသေးတယ်” ဟု ဆက်လက် ပြောသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်ခွာလာသော အင်အား ၁၇၀ ခန့်ပါ တပ်မ ၁၁ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မတ်၂၅ ရက်ကလည်း ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာအား ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့သလို ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သည့် သက်ကြီးဘိုးဘွား ၇ ဦး လည်း မီးလောင်သေဆုံးခဲ့ရကြောင်း သိရသည်။
မီးလောင်သေဆုံးခဲ့မှုအနေဖြင့် အသက် ၅၅ နှစ်ခန့် မှ ၇၀ ကျော်အရွယ်များဖြစ်သည့် ဦးဂျပန်ကြီး၊ ဦးဇော်ပြည့်ဆိုသည့် အမျိုးသား၂ ဦး၊ အမည်စုံစမ်းဆဲတဦးနှင့် ဒေါ်တင်အိ၊ ဒေါ်ခွေး၊ ဒေါ်ကြည်အောင်၊ ဒေါ်မြင့်ဆိုသည့် အမျိုးသမီး ၅ ဦးတို့ ဖြစ်ပြီး မျက်စိမကောင်းသူ၊ လေဖြတ်ထားသူ၊ ခြေထောက်မသန်သူများလည်း ပါဝင်နေကြောင်း သိရသည်။
“အရင်ကလည်း စစ်ကြောင်းဝင်လာရင် တရွာလုံးထွက်ပြေးနေကြပါပဲ၊ အရင်ကတော့ အခုလောက်ထိ လုပ်တာမျိုး မဟုတ်တာရယ်၊ သူတို့ဝင်လာတဲ့အချိန် ရောက်ရာနေရာကနေ ပြေးကြရတာဆိုတော့ မမာနေကြတဲ့ ဘိုးကြီးဘွားကြီးတွေ ကျန်ရစ်နေမှန်း သိကြပေမယ့် ဒီအတိုင်းပဲ ထားလိုက်ရတာပေါ့၊ အခုလိုမျိုး တရွာလုံးကို မီးတိုက်လိမ့်မယ်လို့ မထင်တာလည်း ပါတာပေါ့လေ” ဟု သေဆုံးသူတဦးနှင့် နီးစပ်သူတဦးက ပြောသည်။
ဆုံကုန်းကျေးရွာသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ဘုတလင်မြို့ကြား၊ ဘုတလင်မြို့မှ ၆ မိုင်ခန့်အကွာ၊ ဘုတလင်မြို့မရဲစခန်းမှ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသော ကျေးရွာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၃၀၀ ခန့်ထိ မီးလောင်ဆုံးရှုံးခဲ့ရသလို ကျွဲ၊ နွား ၂၁ ကောင်၊ အိမ်မွေးတိရစ္ဆာန်များအပြင် လယ်ယာထွက် သီးနှံများပါ မီးလောင်ဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဆုံကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဘုတလင်မြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ကာ မီးငြှိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းမှစတင်ကာ စိုင်ပြင်မြို့ပေါ်၌ ကင်းပုန်းများ ချထားသလို ကင်းလှည့် စစ်ဆေးခြင်းများကိုလည်း ပြုလုပ်နေပြီး ဒေသခံအချို့လည်း ထပ်မံဖမ်ဆီးခြင်းများ ပြုလုပ်ထားသလို စိုင်ပြင်မြို့မှတဆင့် ရေဦး၊ ဒီပဲယင်းမြို့နယ်များဘက်သို့ ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေလျက်ရှိသည်ဟု ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
ဘုတလင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာပေါင်း ၁၈၈ ရွာရှိပြီး လူဦးရေ ၁ သိန်းခွဲခန့်ထိ နေထိုင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးရွာ ၃၀ ခန့်မှ နေအိမ် ၉၀၀ ခန့်ထိ မီးရှို့ခံထားရကြောင်း သိရသည်။
You may also like these stories:
မုန်းဒေသခံ ၁၄ ဦး စစ်ကောင်စီ ဖမ်းထား
ကော့ကရိတ် တိုက်ပွဲပြင်းထန် စစ်ရှောင် ၁ ထောင်နီးပါးရှိလာ