ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ-၅ နယ်မြေ၊ သံလွင်မြစ်ကမ်းပေါ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ရှေ့တန်းခြေကုပ်စခန်းတခု ဖြစ်သော မယ်ခါးထာ့စစ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဘက်က ပြောသည်။
မြန်မာ-ထိုင်းနယ်စပ် သံလွင်မြစ် ဆက်သွယ်ရေးလမ်းကြောင်းအား စိုးမိုးထိန်းချုပ်ထားသည့် မယ်ခါးထာ့စခန်းအား စီးနင်းတိုက်ခိုက်ရာတွင် တိုက်ပွဲတနာရီခန့် အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒေသဆုံးမှု များပြား ကြောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။
KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပဒိုစောကလယ်စေးက “ဖြစ်စဉ်ဖြစ်တာတော့ သေချာတယ်။ ထိခိုက်ဒဏ်ရာ ရတာတို့၊ သိမ်းဆည်းမိတာတို့တော့ အချက်အလက် အတိအကျမရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် Force For Federal Democracy (FFD) ဒရုန်းတပ်ဖွဲ့ကမူ စခန်းအား သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်များ ဘက်မှ တဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
သံလွင်မြစ်ကမ်းတလျှောက် ဆက်သွယ်ရေးနှင့် ထောက်ပို့လမ်းကြောင်းပေါ်တွင် ခြေကုပ်ယူထားသည့် မယ်ခါးထာ့စခန်း သည် ၂၀၂၁ ဧပြီလအတွင်းက KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သော်လဲထာစခန်း၏အထက်ဘက်၊ စက်လှေဖြင့် မိနစ် ၃၀ ခန့် သွားရသောနေရာတွင် တည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၉)မှ အင်အား ၆၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည့်စခန်းတခု ဖြစ်ကြောင်း သိရသည်။
KNLA ပူးပေါင်းတပ်များ သော်လဲထာစခန်းသိမ်းပိုက်ခဲ့စဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ယင်းစခန်းမှထွက်ပြေးကာ မယ်ခါး ထာ့စခန်းသို့ သွားရောက်ပူးပေါင်းမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ဒေသတွင်းစစ်ရေးလှုပ်ရှားမှုများနှင့် ထောက်ပို့လမ်းကြောင်းအား ဖြတ်တောက်စိုးမိုးထားသည့် မယ်ခါးထာ့စခန်းသည် ယခင်စစ်အစိုးရလက်ထက် KNU ဗဟိုဌာနချုပ်၊ မာနယ်ပလော စခန်းကျဆုံး ခဲ့ပြီးနောက် ၁၉၉၅ ခုနှစ်ခန့်ကတည်းက ဖာပွန် အခြေစိုက်၊ နည်းဗျူဟာလက်အောက်ခံတပ်ရင်းများက လာရောက်တပ်စွဲအခြေချခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မယ်ခါးထာ့စခန်းတည်ရှိရာဒေသအား ဗမာအခေါ်အားဖြင့် ဒါးဂွင်(ဒါးကွင်း) ဟုခေါ်ဆိုပြီး ယင်းဒေသသည် ယခင် စစ်အာဏာရှင်များ လက်ထက်ကတည်းက တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံ သဘောတူလက်မှတ်ရေးထိုးကာ သံလွင်မြစ်ပေါ် တွင် ရေကာတာစီမံကိန်းများ လုပ်ဆောင်ရန် လျာထားခဲ့သည့်နေရာလည်းဖြစ်ရာ မယ်ခါးထာ့စခန်းသည် နယ်စပ်ဒေသ ထိန်းချုပ်ရေးအပြင် စီးပွားရေးအရ စစ်ကောင်စီအတွက် အရေးပါသည့်နေရာတခုလည်း ဖြစ်သည်။
ပဒိုစောကလယ်စေးက “သူတို့က နယ်စပ်ကို ထိန်းချုပ်တဲ့နေရာမှာတော့ ဒီစခန်းက အရေးပါတယ်။ ၁၉၉၂ ခုနှစ် လောက်ကတည်းက သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်ဖို့လုပ်ကြတာ ဒီနေရာလည်းပါတယ်။ အဲဒါကြောင့်မလို့ သူတို့အတွက်လည်း ဒီနေရာက စီးပွားရေးအရလည်း အရေးပါတယ်လို့ နားလည်လို့ရတာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
အဆိုပါ ဒေသအတွင်း အခြေစိုက်လှုပ်ရှားခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဘက်ကမူ သံလွင်မြစ်လမ်းကြောင်းအားထိန်းချုပ်ရာတွင် အဓိကအကျဆုံးမှာ သော်လဲထားစခန်းဖြစ်ပြီး ဒုတိယအရေးပါဆုံး မှာ မယ်ခါးထာ့စခန်း ဖြစ်ကြောင်း ဆိုသည်။
ABSDF ပြောခွင့်ရှိသူ ဆလိုင်းယောအောင်က “ကျနော့်အနေနဲ့တော့ သော်လဲထာနဲ့ မယ်ခါးထာ့ရှိတဲ့နေရာမှာ သော်လဲထာ က ပိုပြီးအရေးပါတယ်လို့ ထင်တယ်။ မယ်ခါးထာ့ကတော့ ဒုတိယအရေးပါတဲ့စခန်းတခုလို့ ပြောရမှာပေါ့နော်။ ခရီးသွားလာ တဲ့လမ်းကြောင်း၊ ထောက်ပံ့ရေးလမ်းကြောင်းမှာ ရှိနေတဲ့အခါကျတော့ ကျနော်တို့အတွက် အနှောက်အယှက် ဖြစ်တာပေါ့။ အခု ဒီစခန်းကို သိမ်းလိုက်တဲ့အခါကျတော့ လမ်းကြောင်း ဖြောင့်ဖြူးသွားတာပေါ့” ဟု ပြောသည်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် KNLA တပ်မဟာ ၅ လှုပ်ရှားနယ်မြေအတွင်းရှိ ကျေးရွာများပေါ်သို့ အာဏာသိမ်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာမည်ကို စိုးရိမ်ကြသဖြင့် ဒေသခံများ နေရာရွှေ့ပြောင်း ခိုလှုံနေကြသလို အီးသူးထ ဒုက္ခသည် စခန်းမှ စစ်ရှောင်များကလည်း စိုးရိမ်နေကြကြောင်း ကရင်သတင်းရင်းမြစ်အချို့ထံမှ စုံစမ်းသိရှိရသည်။
KNU တပ်မဟာ-၅ ဒေသ၊ ဖာပွန်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ တလတာအတွင်း၌လည်း တိုက်ပွဲပေါင်း ၁၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အသေဆုံးများခဲ့သလို ပူးပေါင်းတပ်များဘက်ကလည်း ၂ ဦး ကျဆုံးခဲ့ကြောင်း တပ်မဟာ-၅ ဘက်က ထုတ်ပြန်ထားသည်။
You may also like these stories:
ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်၊ အာရှလမ်းတလျှောက် စစ်ရေး တင်းမာနေ
ဖာပွန်တွင် စစ်ကောင်စီ ရက်ဆက်ဗုံးကြဲ၊ စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီး
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်နှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲဆက်ဖြစ်နေ