အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သော ခရိုနီများနှင့် ကုမ္ပဏီများက စစ်တပ်၏ “တပ်မတော်နေ့” စစ်ရေးပြပွဲအတွက် အကြီးအကျယ်လှူဒါန်းခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကိုတော်လှန်သည့် အထိမ်းအမှတ် နေပြည်တော် စစ်ရေးပြပွဲမတိုင်မီ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၁၆၃ ဦးတို့က ကျပ်ငွေ ၁ ဒသမ ၁၃ ဘီလီယံ (ဒေါ်လာ ၄၀၀၀၀၀ခန့်) လှူဒါန်းကြောင်း စစ်ကောင်စီ မီဒီယာက ဖေါ်ပြသည်။
ထိုသို့လှူဒါန်းသည့် လုပ်ငန်း ၂၀ ခန့်၏ အမည်များကို နေပြည်တော်ရှိ စစ်ထောက်ချုပ်ရုံးမှ သတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာသို့ ပြောကြားခဲ့သည်။
ထိုလုပ်ငန်းများတွင် ဦးအိုက်ထွန်း၏ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်နှင့် ဦးဌေးမြင့်ပိုင်ဆိုင်သည့် ယုဇနအုပ်စုတို့ ပါဝင်သည်။
ဦးအိုက်ထွန်းနှင့် ဦးဌေးမြင့်တို့သည် ၁၉၉၀ ခုနှစ်များကပင် စစ်တပ်နှင့် ဆက်စပ်နေသည့် ဝါရင့် ခရိုနီများဖြစ်သည်။
ဦးအိုက်ထွန်း၏ ယနေ့ဖျက်သိမ်းလိုက်ပြီဖြစ်သော အာရှဓနဘဏ်သည် မူးယစ်မှောင်ခိုမှုများနှင့် ပတ်သက်နေသောကြောင့် ထိုဘဏ်ကိုအမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် ပိတ်ဆို့အရေးယူခဲ့သည်။ ဦးဌေးမြင့်သည်လည်း ၂၀၀၈ ခုနှစ်တွင်အရေးယူပိတ်ဆို့ခံရပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းမှ သူ၏ငါးလုပ်ငန်းသို့ မကြာသေးမီက သွားရောက်ခဲ့သည်။
စစ်တပ်ပိုင် မြဝတီ ဘဏ်၊ ဒဂုန်ဝင်းဝင်း Dagon Win Win ကုမ္ပဏီလီမိတက်၊ လိုတိုင်းရ တောင်းတိုင်းရ ကျောက်မျက် ကုမ္ပဏီ လိမိတက်၊ စတားဆက်ဖိုင်းယား Star Sapphire ကုမ္ပဏီများ အုပ်စု၊ အောသန်းတစ် Authentic ကုမ္ပဏီများအုပ်စု လိမိတက်နှင့် ခန့်ရွှေပြည်ကုမ္ပဏီလီမိတက်တို့က ငွေများလှူကြသည်။
မြဝတီဘဏ်ကို စစ်တပ်၏ လုပ်ငန်းစုများအနက်တခုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ပိုင်ဆိုင်ပြီး စစ်ကောင်စီအတွက် နိုင်ငံတကာဘဏ္ဍာရေး အသုံးပြုခွင့်ပေးနေသည်။ ထိုလုပ်ငန်းစုကို အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့က ၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်ကပင် အရေးယူပိတ်ဆို့ထားသည်။
ဒဂုန်ဝင်းဝင်းသည် စစ်တပ်၏ ဒဂုန်ဘီယာကို အဓိကဖြန့်ချိသူဖြစ်ပြီး စတားဆက်ဖိုင်းယားမှာ စစ်ကောင်စီအတွက် လက်နက်ပွဲစားဖြစ်သည်။
အခြားအလှူငွေများကို အင်တာနေရှင်နယ်ဂိတ်ဝေး International Gateways ကုမ္ပဏီလီမိတက်၊ မြင့်တက် ကုမ္ပဏီလီမိတက်၊ အောင်မြင်သူ ကုမ္ပဏီများအုပ်စု၊ ဗစ်ထရီမြန်မာ Victory Myanmar အုပ်စု ကုမ္ပဏီ၊ အရုဏ်ဦးဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်၊ အေးချမ်းငြိမ်းကျော် လီမိတက်၊ မီယာဝင်းအင်တာနေရှင်နယ် Miya Win International ကုမ္ပဏီလီမိတက်၊ စကိုင်း အဗီရေတာ Sky Aviator ကုမ္ပဏီလီမိတက်နှင့် ကင်းရွိုင်ရယ် King Royal တက်ကနိုလိုဂျီ ကုမ္ပဏီ လီမိတက်တို့ဖြစ်သည်။
စတားဆက်ဖိုင်းယား၊ အင်တာနေရှင်နယ် ဂိတ်ဝေးနှင့် မီယာဝင်းတို့သည် စစ်ကောင်စီအတွက် လက်နက်ထောက်ပံ့သောကြောင့် ပိတ်ဆို့အရေးယူခံထားရသည့် လုပ်ငန်းများဖြစ်သည်။
စတားဆက်ဖိုင်းယား၏ပိုင်ရှင် ထွန်းမင်းလတ်မှာ စက်တင်ဘာလက ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလတွင် ငွေကြေးခဝါချခြင်း၊ မူးယစ်ဆေး ကုန်သွယ်ခြင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြင့် စွဲချက်တင် ခံရသည်။
အင်တာနေရှင်နယ် ဂိတ်ဝေး၏ ဒါရိုက်တာ နိုင်ထွဋ်အောင်သည် အဓိကကျသော လက်နက်ကုန်သည်ဖြစ်ပြီး အဓိက အားဖြင့်တရုတ်မှာသော ပစ္စည်းများကို လေတပ်နှင့် ရေတပ်သို့ ထောက်ပံ့နေသည်။ ထိုလုပ်ငန်းကို ကနေဒါကလည်း လွန်ခဲ့သောနှစ်တွင် ပိတ်ဆို့အရေးယူသည်။
လွန်ခဲ့သောနှစ်မတ်လတွင် ဗြိတိန်နိုင်ငံက လက်နက်ရောင်းသည့် မီယာဝင်းကို ပိတ်ဆို့အရေးယူသည်။ ထိုလုပ်ငန်းသည် သြစတြီးယားနှင့် ဂျာမဏီတို့မှ လက်နက်ရောင်းသူူများနှင့်ဆက်စပ်နေသည်။ ၂၀၂၁ ခုနှစ အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုလုပ်ငန်းသည် သြစတြီးယားနိုင်ငံ Schiebel Corporation မှ ဒရုန်းများကို စစ်တပ်သို့ပေးသွင်းနေပြီးအစိတ်အပိုင်းများလည်း တင်သွင်းနေသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အမေရိကန် ပြည်ထောင်စုက စစ်ကောင်စီကို ဂြိုလ်တုဝန်ဆောင်မှုပေးနေသည့် ကင်းရွိုင်ရယ် တက်ကနိုလိုဂျီကို ပိတ်ဆို့အရေးယူသည်။ နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသည် ကျော်မင်းဦးနှင့် သူ၏ စကိုင်းအဗီရေတာကို စစ်ကောင်စီထံ လေယာဉ်အစိတ်အပိုင်း အပါအဝင် လက်နက်ရောင်းချမှုများအတွက် အရေးယူပိတ်ဆို့သည်
အင်တာနေရှင်နယ်ဂိတ်ဝေး၊ မီယာဝင်းနှင့် စကိုင်းအဗီရေတာတို့သည် စစ်ကောင်စီကို အကြီးမားဆုံး အကျိုးပြုနေသူများဖြစ်ကြောင်း သတင်းရင်းမြစ်များပြောသည်။
ထိုသတင်းကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အောင်မြင်သူ ကုမ္ပဏီများအုပ်စုကလည်း ငွေလှူသည်။ ထိုလုပ်ငန်းသည် မင်းအောင်လှိုင်မိသားစုနှင့် ပတ်သက်နေသည့် လုပ်ငန်းဖြစ်သည်။
ထိုကုမ္ပဏီကို စောငြိမ်းဆိုသူကတည်ထောင်သည်။ မင်းအောင်လှိုင်၏ ချွေးမ မျိုးရတနာထိုက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ အပါဝါ ကုမ္ပဏီ လိမိတက်တွင် ဒါရိုက်တာတဦးဖြစ်ပြီး မင်းအောင်လှိုင်၏သားမက် လင်းမြင့်ဖွေးသည် မင်းပြည့်တံခွန်စက်မှုကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာဖြစ်သည်။ ထိုလုပ်ငန်း ၂ ခုလုံးသည် အောင်မြင်သူ၏ လုပ်ငန်းခွဲများဖြစ်သည်။
စစ်ကောင်စီကို ထောက်ခံသည့် စီးပွားရေးလုပ်ငန်းများကို တော်လှန်ရေးကို ထောက်ခံသူများ မမေ့သင့်ကြောင်း စစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့သော ဗိုလ်ကြီးဟောင်း ထက်မြက်ပြောသည်။
You may also like these stories :
မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော