ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများအား ဆယ်နှစ်သက်တမ်းရှိ နေထိုင်ခွင့်ကတ် လုပ်ပေးမည်ဟုဆိုကာ ငွေကြေး လိမ်လည်သည့်အဖွဲ့အား ထိုင်းအာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း မဲဆောက်မြို့ရှိ အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါ ငွေကြေးလိမ်လည်သည့်အဖွဲ့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဟွေ့ကလုတ်ကျေးရွာ၊ မယ်ပရပ်ကွက်တွင် မြန်မာဘာသာဖြင့် ဆိုင်းဘုတ်များထောင်ကာ တောင်ပေါ်သားလက်မှတ်ဟု ခေါ်သည့် ဆယ်နှစ်သက်တမ်းရှိ နေထိုင်ခွင့်လက်မှတ်အား ပြုလုပ်ပေးမည်ဟု မြန်မာဘာသာဖြင့် ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ရွာလူကြီး၏ ဂိုဒေါင်ကို ရုံးခန်းနေရာဌားရမ်းပြုလုပ်ထား ခြင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများကလည်း ယုံကြည်ပြီး သွားရောက် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်ပေါ်သားကတ်ကို ပွဲစားများနှင့် ပြုလုပ်ပါက ကုန်ကျငွေမှာ အနည်းဆုံး ဘတ် ၆၀၀၀၀ ခန့်ရှိနေရာ ယခုကဲ့သို့ ဘတ် ၁၇၅၀ ဖြင့် ရမည်ဆိုခြင်းမှာ မဖြစ်နိုင်သဖြင့် မြန်မာအလုပ်သမားရေး ဆောင်ရွက်နေသူများက ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနသို့ အသိပေး တိုင်ကြားလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ယမန်နေ့က အဆိုပါဌာနနှင့် သက်ဆိုင်ရာအဖွဲ့များမှ ဝင်ရောက်စစ်ဆေးခဲ့ရာ အလွဲသုံးစားပြုလုပ်မှုများကို တွေ့ သဖြင့် လုပ်ဆောင်သူ မြန်မာနိုင်ငံသား ချာလီနှင့် အပေါင်းအပါများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ လူဦးရေကိုမူ အတိအကျ မသိရှိရသေးကြောင်း မဲဆောက်အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ မသူဇာ က “အစိုးရဌာနတွေရဲ့ နာမည်တွေကို အလွဲသုံးစားလုပ်ပြီးတော့ လုပ်ကိုင်သွားတဲ့ပုံစံမျိုးဖြစ်တယ်။ အဲဒီလိုလိမ်သွားတဲ့လူကို ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ လောလောဆယ်တော့ ဖမ်းဆီးထားတယ်။ ဘယ်လိုပုံစံထိန်းသိမ်းထားလဲ၊ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ဆိုသည်။
တောင်ပေါ်သားကတ် ပြုလုပ်ပေးမည်ဆိုသည့် ချာလီက မြန်မာနိုင်ငံသားတဦးလျှင် ကြိုတင်ငွေ ဘတ် ၁၇၅၀ ခန့် ကောက်ခံခဲ့ပြီး လူဦးရေ ၅၀၀၀ခန့်ကိုသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ကြိုတင်ငွေချေပြီး ၂လခန့်ကြာမြင့်ပါက ၁၀ နှစ်သက်တမ်းရှိ နေထိုင်ခွင့်လက်မှတ် ရရှိမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါနေရာတွင် ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခဲ့သူ တဦးက “ကျနော်တို့အလုပ်သမားတွေကလည်း ယုံကြည်ကြတယ်။ ပိုက်ဆံကလည်း ဘတ် ၁၇၅၀ ပဲရှိတယ်ဆိုတော့ ပိုက်ဆံပေးပြီး ဓာတ်ပုံအချက်အလက်ယူ၊ ၂ရက် ၃ရက် စောင့်ပြီးတာနဲ့ သက်သေခံစာရွက်တခုထွက်လာတယ်။ ငွေချေစာရွက် ထွက်လာတယ်။ ပြီးတာနဲ့ နောက် ၂လလောက်စောင့်တာနဲ့ ၁၀ နှစ်ခံကတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပြောတယ်” ဟု ပြောသည်။
လတ်တလောတွင် ထိုင်းအစိုးရအနေဖြင့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို တရားဝင် အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် ဖြစ်သော ပန်းရောင်ကတ်နှင့် CI (Certificate of Identity ) စာအုပ် သက်တမ်းတိုးခြင်းကိုသာ ပြုလုပ်ပေးနေပြီး အသစ်ထုတ်ပေးမည့် အစီအစဉ်များကို ရပ်နားထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ မသူဇာ “အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက်က အထောက်အထားစာရွက်တွေက အများကြီးလိုအပ်နေတာ။ အထက်ကလည်း အဖွဲ့စုံက ဝင်ရောက်စစ်ဆေးနေတဲ့အချိန်ဆိုတော့ အချိန်ကွက်တိကို ထပြီးလုပ်တဲ့ပုံစံဆိုတော့ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်တယ်။ တော်တော်လည်း ဆိုးရွားနေတော့ ထိထိရောက်ရောက်လုပ်သင့်တယ်” ဟု ပြောသည်။
လိမ်လည်သူမှာ မြန်မာနိုင်ငံသားဖြစ်နေသည့်အတွက် နိုင်ငံခြားသားစီမံခန့်ခွဲမှုဥပဒေအရ ဘတ် ၁သိန်းခန့် နှင့် ထောင်ဒဏ် ၂နှစ် ချမှတ်ခံရနိုင်ကြောင်း သိရပြီး မည်သည့်ဥပဒေဖြင့် အရေးယူမည်ကို မသိရသေးကြောင်း မဲဆောက်မြို့ရှိ အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါ ပွဲစားထံတွင် တောင်ပေါ်သားကတ်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသားလူဦးရေမှာ တရက်လျှင် ၃၀၀ မှ ၄၀၀ ဝန်းကျင်ရှိပြီး ဖမ်းဆီးခံရသည့် ယမန်နေ့ မတ်လ ၂၇ ရက်နေ့က သွားရောက်ပြုလုပ်သူများမှာ ပေးခဲ့ရသည့် ငွေကြေးကို ပြန်လည် ရရှိသော်လည်း စတင်ပြုလုပ်ပေးသည့် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တွင် သွားရောက် ပြုလုပ်ထားသူများမှာ ငွေကြေး ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။
မသူဇာက “နောက်ထပ်လည်း ထပ်မဖြစ်ဘူးလို့ ပြောမရဘူး။ အချိန်ကိုက် တဖက်ရဲ့လိုအပ်ချက်ကို စောင့်ကြည့်ပြီးတော့ လုပ်နေတာတွေလည်း ရှိနေတယ်။ ထပ်ပြီးတော့ ဖြစ်လာနိုင်တယ်။ ထိန်းချုပ်ဖို့လည်း ခက်တယ်။ ဘယ်ကိစ္စမဆို သတိဝီရိယနဲ့ လုပ်စေချင်တယ်။ အချက်အလက်တွေကို လက်လှမ်းမီသလောက် လိုက်ကြည့်စေချင်တယ်။ လုပ်မယ် လုပ်မယ်နဲ့ ချက်ချင်းကြီး သွားမလုပ်စေချင်ဘူး” ဟု ပြောသည်။
တောင်ပေါ်သားကတ်ဆိုသည်မှာ ထိုင်းနိုင်ငံ နယ်စပ် အထူးသဖြင့် မြောက်ပိုင်း နယ်စပ်တလျှောက်တွင် အထောက်အထားမဲ့ နှစ်ရှည်လာရောက် အခြေချနေထိုင်ပြီး နေရပ်ပြန်ရန် နိုင်ငံတိတိပပ မရှိသူများကို ထုတ်ပေးသော ကတ်အမျိုးအစားဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံအတွင်း နှစ်ရှည်နေနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်ခွင့်၊ ကလေးများကို အစိုးရ ကျောင်းတွင်ထားခွင့်စသည့် အခြေခံအခွင့်အရေးများ ရရှိမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို နေထိုင် အလုပ်လုပ်ခွင့်များနှင့် ပတ်သက်၍ လိမ်လည်ရာတွင် ပန်းရောင်ကတ်နှင့် CI စာအုပ်ပြုလုပ်ခြင်းများကိုသာ အများဆုံး လိမ်လည်လေ့ရှိပြီး ယခုကဲ့သို့ တောင်ပေါ်သားကတ်နှင့် ပတ်သက်၍ လိမ်လည်ခြင်းမှာ ယခင်က မရှိခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပန်းရောင်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၁၀၀ နီးပါးထံမှ ငွေကြေးလိမ်လည် ယူဆောင်ကာ ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
You may also like these stories:
ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ
အလိမ်ခံရသည့် မြန်မာလုပ်သား ၅ ထောင်ကျော်အရေး ထိုင်းအစိုးရ ဝင်ဖြေရှင်း
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ
ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ