စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အရှေ့ခြမ်းသို့ ယမန်နေ့မှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ကြောင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အရာတော်မြို့ရှိ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးတပ် (အရှေ့ တပ်) မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး အရာတော်အရှေ့ခြမ်းရှိ နဘဲလှ၊ ကြွေပုဂံ၊ ကံသာကျေးရွာများအား ဝင်ရောက်စီးနင်းကာ နေအိမ်များအား မီးရှို့ဖျက်ဆီးနေခြင်းဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
“မနေ့က ညနေပိုင်းမှာ အရာတော် စခတ ၁၀ အရှေ့တပ်ထဲက ထွက်လာတဲ့ စစ်ကြောင်းက အရပ်သား ၆ ယောက်ကို လမ်းပြဓားစာခံအဖြစ် ဖမ်းဆီးလာပြီး နဘဲလှကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်စီးတယ်၊ နောက်ထပ် ကြွေပုဂံ ရွာကိုလည်း လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်မီးရှို့တာတွေ လုပ်ခဲ့ကြတာ။ သူတို့ ဝင်လာကတည်းက ရွာသားတွေလည်း အကုန် ဘေးလွတ်ရာကို ရှောင်ခဲ့ကြရတာပေါ့” ဟု အရာတော်မြို့ ဒေသခံတဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းခြင်းများကြောင့် ဒုံတစ်၊ ကြွေပုဂံ၊ ဇရစ်၊ တော်လှ၊ ဇီးပင်ဝိုင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“နဘဲလှက စစ်တပ်နဲ့ နီးတော့ ကျနော်တို့အဖွဲ့တွေ စိုးမိုးမှု မရှိပါဘူး၊ ကြွေပုဂံကတော့ စိုးမိုးမှု ရှိပါတယ်၊ နဘဲလှရွာကို ဒီအတိုင်း ဝင်စီးပြီး ဘာမှတော့ လုပ်သွားတာမျိုး မရှိဘူး၊ ကြွေပုဂံနဲ့ ကံသစ်ကတော့ မီးရှို့ခံရတယ်၊ အခုဝင်စီးခံရတဲ့ ရွာတွေက စစ်တပ်နဲ့နီးတော့ ဘာမှလှုပ်ရှားမှု မရှိတဲ့ သာမန်အရပ်သားတွေပဲ နေတဲ့ရွာတွေပါ၊ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲ အကြောင်းမဲ့ ဝင်စီးကြတာမျိုးပေါ့” ဟု အရာတော်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့ ဖြစ်သည့် Danger Force မှ တာဝန်ရှိသူတဦးက ပြောသည်။
မတ်လ၂၉ ရက် ညနေ ၆ နာရီခန့်က ကြွေပုဂံကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ခြင်းများ အပြင် ညပိုင်း၌ ကြွေပုဂံကျေးရွာနှင့် အနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
ကြွေပုဂံဒေသခံတဦးက “မနေ့က လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်ပြီးမှ ရွာကို ဝင်စီးတာတွေ လုပ်ခဲ့ကြတာ၊ အိမ် ၁၄ လုံး မီးရှို့ခံလိုက်ရတယ်၊ ရွာသားတွေကတော့ သူတို့ဝင်လာကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြလို့ တော်တော်များများ လွတ်သွားကြပါတယ်၊ ရွာသားတွေ ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ပြောသည်။
ကြွေပုဂံကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီနင်းချိန်တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့ များနှင့် ပကဖအဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးကြောင်း တော်လှန်ရေးအင်အားစုများ က ပြောသည်။
“ကြွေပုဂံကို ဝင်စီးတဲ့အချိန်မှာ မဟာမိတ်အဖွဲ့တွေရော ပကဖတွေရောက အဝေးပစ်တွေနဲ့ ပစ်တာမျိုးတွေတော့ လုပ်ခဲ့ ကြတယ်၊ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး။ ဒီနေ့တော့ ရွာတွေထဲမှာ စစ်ကြောင်းက မရှိတော့ဘူးဆိုတော့ ရွာထဲ ပြန်ဝင်နေကြပါပြီ၊ ဓားစာခံအဖြစ် ဖမ်းဆီးခံလိုက်တာမျိုးတွေလည်း ရှိတယ်လို့တော့ သိရတယ် အသေးစိတ်တော့ မသိရသေးဘူးဗျ” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုမှ ဗိုလ်ရောင်နီက ပြော သည်။
အရာတော်နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်စီးနင်းမှု မရှိခဲ့သည်မှာ တနှစ်ကျော်ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကျနော်တို့ရွာတွေဘက်ကို စစ်ကြောင်း အခုမှ ပြန်ဝင်တာ၊ စစ်ကြောင်းတွေ၊ စစ်ကားတွေကတော့ ဖြတ်သွား ဖြတ်လာ အမြဲတမ်းတော့ ရှိတယ်၊ ပြီးခဲ့တဲ့လက ကျနော်တို့ရွာနဲ့ ၃ မိုင်ကျော်လောက်ပဲဝေးတဲ့ တောဘက်မှာ PDF စခန်း ရှိတယ်ဆိုပြီး ဝင်စီးကြတုန်းက စစ်တပ်ဘက်က တော်တော်များများ ထိခဲ့တာဆိုတော့ အဲဒါကြောင့်ပဲ အခုလို တကျော့ ပြန် ဝင်စီးတာလို့ ထင်တာပဲ” ဟု ကြွေပုဂံ ဒေသခံတဦးက ပြောသည်။
ကြွေပုဂံကျေးရွာကို စီးနင်း မီးရှို့ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့တွင် ကံသာကျေးရွာအား လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းလျက်ရှိကြောင်း သိရသည်။
ယခုအခါ စစ်ကိုင်းတိုင်းအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင်တိုက်ပွဲများတွင် ထိခိုက်ဆုံးရှုံးမှုများလာသဖြင့် အင်အားတိုးမြှင့်ကာ တိုက်ခိုက်နေပြီး ကျေးရွာများကို ဝင်ရောက်မွှေနှောက်၍ ဒေသခံများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများအပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်များ၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရမှုကြောင့် စစ်ဘေးရှောင်/မီးဘေးရှောင် ပြည်သူများလည်း များပြားလာလျက်ရှိကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက ကျေးရွာများအား မီးရှို့နေမှုကြောင့် နေအိမ်ဆုံးရှုံးရမှုများကို မှတ်တမ်းပြုစု ထုတ်ပြန်ပေးနေသည့် Data for Myanmar အဖွဲ့၏ စာရင်းများအရ ဖေဖော်ဝါရီ ၂၈ ရက်အထိ နေအိမ်ပေါင်း နေအိမ် ၆၀၄၅၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းအတွင်း၌ နေအိမ်ပေါင်း ၄၇၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတဝှမ်းလုံး၌ အိုး အိမ်စွန့်ခွာ ထွက်ပြေးရသူ ၉၈၉၄၀၀ အပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းသည် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် နေရပ်စွန့်ခွာထွက်ပြေးရမှုတွင် လူဦးရေ ၅ သိန်း ကျော် ရှိကာ ကျန်ဒေသများထက် ပိုများကြောင်း UN OCHA Myanmar ၏ ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို မြောင်မှာ PDF တွေ ဝိုင်းတိုက်
ပုဂံ-ညောင်ဦးတဖက်ကမ်းရှိ ၁၅ ရွာခန့်မှဒေသခံများ ထွက်ပြေးနေရ