ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယနေ့နံနက်ပိုင်းထိ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်း တပ်တို့ ကြား တိုက်ပွဲဖြစ်နေသော်လည်း မြဝတီမှ ကော့ကရိတ်ထိ သွားနိုင်သည့် အာရှလမ်းမ ပြန်ပွင့်နေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ခံအချို့က ဆိုသည်။
လက်ရှိတွင် ကော့ကရိတ်- မြဝတီ ကားလမ်းပြန်ပွင့်နေသလို ကော့ကရိတ်အနောက်ဘက် ကျုံဒိုးမြို့သို့လည်း ကားသွား လာမှုများရှိကြောင်း မြို့ခံတဦးကဆိုသည်။ “လမ်းတွေကတော့ ဖွင့်ပါပြီ။ ပစ်တာက ပစ်တာပဲ။ သွားတဲ့ကားတွေလည်း သွားနေကြပါပြီ။ ကျုံဒိုးနဲ့ ကော့ကရိတ် လည်း သွားလို့ရပါပြီ” ဟု သူကပြောသည်။
ကော့ကရိတ်မြို့တိုက်ပွဲ နောက်ဆက်တွဲနှင့် စစ်ရေးအခြေအနေကို ပိုမိုသိရှိနိုင်ရန် ကော့ကရိတ်မြို့ဝန်းကျင်တွင် စစ်ကောင်စီနှင့် တိုက်နေသည့် ကျားဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်စောကျော်သက်ကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
ကော့ကရိတ်မြို့ခံတဦးကမူ “တိုက်ပွဲက ဒီနေ့လယ်ပဲ ငြိမ်သွားပါတယ်။ ကျနော်တို့ရှေ့တင်ပဲ ဖြစ်တာ ပစ်တာကတော့ လက်နက်ကြီး၊ လက်နက်ငယ် အကုန်ပစ်တယ်။ ကျနော်တို့လည်း ပုန်းနေရတာပေါ့၊ မနက်က တိုက်ပွဲကတော့ အရပ်သား ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ လက်နက်ကိုင်တွေနဲ့ ပတ်သက်တာတော့ မသိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မတ် ၂၅ ရက်မှ စ၍ ကျုံဒိုးမြို့ရဲစခန်း၊ မြဝတီမြို့အဝင်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၆ ရက် နံနက် ၅ နာရီကျော်တွင် ကော့ကရိတ်မြို့ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်စခန်း (BGF) အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်။
ထိုသို့သော စစ်ရေးအခြေအနေကြောင့် ကျုံဒိုး- မြဝတီ ကားလမ်းကို ယာယီအသုံးမပြုရန် မတ် ၂၅ရက်က ကရင်ပူး ပေါင်းတပ်များက ထုတ်ပြန်သော်လည်း ယင်းကြေညာချက်မှာ ရုပ်သိမ်းကြောင်း မတွေရသေးပေ။
မြဝတီတွင်လည်း ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် မတ်လ ၂၆ ရက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်စင်းကို စစ်ကောင်စီဘက်က ပြန်ဖွင့်ခဲ့သည်။
မတ်လ ၂၅ ရက်တွင် ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းအဖွဲ့ စသည့် ကရင်ပူး ပေါင်းတပ်များက မြဝတီကုန်သွယ်ရေးဇုန်ရှိ ခလရ-၂၇၅၊ သင်္ဃန်းညီနောင်ရဲစခန်းနှင့် သင်္ဃန်းညီနောင်ဗျူဟာ ၃၃၅ တပ်ရင်းတို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ကုန်သွယ်ရေးရုံးလည်း ကရင်ပူး ပေါင်းတပ်များ၏ စီးနင်းခံရကာ မီးရှို့ခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က ကြေညာထားပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်ကြီး၊ တပ်ကြပ်နှင့် ဒုရဲမှူး အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း၊ ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကြောင်း ဒူးပလာယာခရိုင် ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြဝတီနှင့် သင်္ဃန်းညီနောင်တိုက်ပွဲတွင် အရပ်သား ၃ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့သလို အိမ် ၆ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး မြဝတီမြို့နယ်ရှိ အတွင်းမဲကနယ်၊ အပြင်မဲကနယ်နှင့် အပြင်မဲကနယ်မြို့သစ် (ခေါ်) ရွှေမြစန္ဒီမြို့သစ်တို့မှ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း KNU ၏ ကြေညာချက်အရ သိရသည်။
မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က မတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၌ မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF များက မြဝတီကုန်သွယ်ရေး ဇုန်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာ များ ရရှိခဲ့ကြောင်း ပါရှိသော်လည်း အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ယင်းသို့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ကုန်သွယ် ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
ကော့ကရိတ်မြို့အနောက်ဘက် ကျုံဒိုးမြို့တွင်မူ မတ်လ ၂၉ ရက်ကတည်းက ပစ်ခတ်မှုများ ငြိမ်သက်သွားပြီး တိုက်ပွဲ ထပ်ဖြစ်မှုမရှိကြောင်း ကျုံဒိုးတွင် စစ်ကောင်စီတပ်ကိုတိုက်ခဲ့သည့် ကော်သူးလေတပ် (KTLA) လက်အောက်ခံ Lion Battalion Commando-ဗျူဟာစစ်ကြောင်းထံမှ သိရသည်။
Lion Battalion Commando – ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ တောင်ပိုင်းနဂါးက “အခုလောလောဆယ် တိုက်ပွဲက ငြိမ်သွားပြီလို့ ပြောလို့ရတယ်။ သူတို့ဘက်ကတော့ BGF တွေ၊ ပျူစောထီးတွေ မြို့ကိုလုံခြုံဖို့ သေချာလေး ပြန်လုပ်နေတာပေါ့။ ကျနော်တို့ နောက်ထပ်ဝင်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် သူတို့အတတ်နိုင်ဆုံး ပြင်ဆင်နေ ကြတယ်။ လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာမျိုးတော့ ရှိတာပေါ့။ ကျနော်တို့ကတော့ ထိုးစစ်ကို လောလောဆယ် ခဏ ရပ်ထားပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် အညာဒေသတို့တွင် ထိုးစစ်များဆင်နေသဖြင့် ကရင်ပူးပေါင်းတပ်များက ထိုကဲ့သို့ တိုက်စစ်ဆင်ရခြင်းဖြစ်ကြောင်းလည်း ဧရာဝတီကို ပြောသည်။
တောင်ပိုင်းနဂါးက “အဓိကကတော့ အခုချိန်က ကရင်လက်နက်ကိုင်တွေညီညွတ်ဖို့၊ PDF တပ်ရင်းတပ်ဖွဲ့တွေ ညီညွတ် ဖို့၊ NUG အောက်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံးစုစုစည်းစည်းနဲ့ တိုက်ခိုက်ခိုက်ရမယ့်အချိန် ဖြစ်တယ်။ ဒီအချိန်မှာမှ ကျနော်တို့က စုပေါင်းပြီးမတိုက်ခိုက်နိုင်ဘူးဆိုရင် အညာတို့၊ ကရင်နီတို့ အဲဒီဘက်အခြမ်းမှာ တိုက်ခိုက် နေတဲ့ ရဲဘော်တွေကို အရမ်းမျက်နှာပူစရာ၊ ရှက်စရာကောင်းတယ်။ အဲဒါကြောင့်မို့ အညာကိုထိရင် ကျနော်တို့လည်း မခံဘူး။ ကယားကိုထိရင်လည်း ကျနော်တို့မခံဘူး” ဟု ဆိုသည်။
တိုက်ပွဲများ ရပ်သွားသည့်နောက် ကျုံဒိုးမြို့ဝန်းကျင်မှစစ်ရှောင်များ မတ်လ ၃၀ ရက်ကတည်းက မိမိရပ်ရွာသို့ ပြန်လာ ကြပြီဖြစ်ကြောင်းလည်း ကျုံဒိုးမြို့နယ်ထဲရှိ ရွာတရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတဦးက ပြောသည်။
၎င်းက “မနေ့မနက်ကတည်းက ကျနော်တို့လည်း ရွာပြန်လာကြတာ။ တနေ့ကဆိုရင် နေ့လယ်ဘက် အလုံးကြီးတလုံး ပဲ အသံကြားတယ်။ အခုက ပုံမှန်တော့ဖြစ်နေပြီ။ တံတားလည်း ပေးဖြတ်နေပြီ။ မြို့ပေါ်မှာတော့ စကစဘက်က စစ်ကူတွေရောက်နေတယ်၊ စစ်ကား ၂၀ လောက် ကျုံဒိုးကိုရောက်နေတယ် ကြားပါတယ်။ အခြေအနေကတော့ သိပ်စိတ်မချရသေးဘူး” ဟု ဆိုသည်။
Lion Battalion Commando-ဗျူဟာစစ်ကြောင်း အပါအဝင် PDF ပူးပေါင်းစစ်ကြောင်းများသည် ကျုံဒိုးမြို့ပေါ်ရှိ အမှတ် (၅၄၅)၊ (၅၄၆) ခြေမြန်တပ်ရင်းနှင့် ကျုံဒိုးရဲစခန်း၊ ဂျိုင်းမြစ်ကူးတံတားအနီး တပ်စွဲနေသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ငါးတိုင်ရွာအလယ်တန်းကျောင်းတွင် တပ်စွဲနေသော တပ်ဖွဲ့ဝင်များအား မတ်လ ၂၅၊ ၂၆ ရက်များတွင် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး Lion Battalion Commando စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ယင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား
ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်၊ အာရှလမ်းတလျှောက် စစ်ရေး တင်းမာနေ
မယ်ခါးထာ့တပ်စခန်းကို KNLA တပ်တွေ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်နှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲဆက်ဖြစ်နေ