သတင်း

ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်

စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ နှစ်ဖက်နားလည်မှုဖြင့် ယာယီ အပစ်ရပ်ပြီးသည့် နောက်ပိုင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်သို့ မကြာခဏဆိုသလို လာရောက်လျက် ရှိနေသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်ကောင်စီအုပ်စုသည် ၂၀၂၃ ခုနှစ်၊ ဇန်န ဝါရီလ ၁၉ ရက်က ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ လာရောက်ခဲ့သလို၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင်လည်း စစ်တွေမြို့သို့ လာ ရောက်ခဲ့သေးသည်။ မတ်လ ၃၀ ရက်တွင်လည်း ၂၀၂၃ ခုနှစ်၏ သုံးကြိမ်မြောက်အဖြစ် စစ်တွေမြို့သို့ ထပ်မံ လာ ရောက်ခဲ့ပြန်သည်။

စစ်ခေါင်းဆောင်၏ ရခိုင်ပြည်နယ်ခြေလှမ်းများမှာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး လေ့လာစောင့်ကြည့်နေသူများကမူ စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်မှု တခုဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်အား သူ၏ အမာခံနယ်မြေတခု၊ သူ့အား ထောက်ခံသော တည်ငြိမ်မှုရှိသည့် နယ်မြေတခုဖြစ်လာစေရန် တည်ထောင်လိုသည့်သဘောမျိုးရှိကြောင်း ရခိုင် နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

၎င်းက “သူက စစ်တပ်ရဲ့ အကြီးအကဲတယောက်ဖြစ်တဲ့အတွက် ရခိုင်ပြည်ကို လာတိုင်း သူ့မှာ စစ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လုပ်ငန်းတွေ၊ သူ့စစ်တပ်မိသားစုတွေ အားပေး နှစ်သိမ့်တာတွေ ပါမယ်။ စစ်ခေါင်းဆောင်လာရင်တော့ ဒါ တွေက အလွဲမသေ ပါမယ်။ နောက်တချက်ကတော့ ရခိုင်ပြည်ကို စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ဘာသာရေးအရ စည်း ရုံးပြီးတော့ သူ့ကိုထောက်ခံတဲ့ နယ်မြေတခု၊ သူ့အမာခံ နယ်မြေတခု ဖြစ်အောင် တည်ဆောက်ချင်တဲ့ သဘောမျိုး တွေ့ရတယ်” ဟု ဆိုသည်။

သို့သော်လည်း ပြီးခဲ့သော ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီတပ်သားများသည် ရခိုင်ကျေးရွာများအား မီးရှို့ခဲသလို ဒေသခံ လူထုအမြောက်မြားကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခဲ့သည့် ဆိုးဝါးသည့် လုပ် ရပ်များ ရှိခဲ့သည့်အတွက် စစ်ကောင်စီအပေါ် အကောင်းမြင်လာစေရန် လုပ်ဆောင်နေမှုများမှာ အရာထင်မည် မဟုတ်ကြောင်းလည်း ရခိုင်နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း၌ လက်ရှိအနေအထားအရ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ အုပ်ချုပ်ရေးယန္တရားမှာ စင်ပြိုင်အနေအထားကဲ့သို့ ဖြစ်နေသည့်အတွက် အာဏာပါဝါအားပြိုင်မှုတွင် နိုင်ငံရေးအရ အသားစီးရရှိရန် စစ်ကောင်စီဥက္ကဋ္ဌက ရခိုင်ပြည်နယ်ကို မကြာခဏ ခြေဆန့်နေခြင်း ဖြစ်ကြောင်း ကျောက်ဖြူ အခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံံ့ဖြိုးရေးစင်တာမှ ကိုထွန်းကြည်က သုံးသပ် ပြောဆိုသည်။

၎င်းက “ပကတိအခြေအနေကို ပြန်ကြည့်ရင် စစ်ကောင်စီဥက္ကဋ္ဌရဲ့ သွားရေးလာရေး အကောင်းဆုံးနေရာသည် ရခိုင်ပြည်ကလွဲပြီးတော့ ကျန်တဲ့နေရာတွေက သူ့အတွက် လုံခြုံမှု မရှိဘူး။ ပထမတချက်အနေနဲ့တော့ သူရခိုင်ကိုလာ ဖို့ ရွေးချယ်တာက စစ်ကောင်စီရဲ့ အုပ်ချုပ်မှု သြဇာဟာ ရခိုင်ပြည်နယ်မှာ သက်ရောက်နေတုန်းဆိုတာ နိုင်ငံတကာကို ပြချင်တာရယ်။ ဒုတိယက ULA/AA နဲ့ အုပ်ချုပ်ရေး အာဏာပါဝါပြိုင်ပွဲမှာ သူတို့ အသာစီးရဖို့အတွက် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ မြင်တယ်” ဟုဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်မျက်နှာဖွင့်ပြီး မြေပြင်တိုက်ခိုက်မှုတွင် အရေးနိမ့်နေသော စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်တွင်လည်း AA နှင့်အပစ်ရပ်ကာ မြို့ပြဒေသများအား တည်ငြိမ် မှုရှိစေရေး ဆက်လက် ထိန်းထားနိုင်ရန် ကြိုးပမ်းနေသလို တရုတ်နှင့်လုပ်မည့် စီမံကိန်းများနှင့် ပတ်သက်၍လည်း စီးပွားရေး အကျိုးအမြတ်ကဏ္ဍများလည်း ပါဝင်နေကြောင်း နိုင်ငံရေး သုတေသီတဦးက သုံးသပ်သည်။

မတ်လ ၃၁ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်

၎င်းက “သူရခိုင်ကို လာတဲ့ ခရီးစဉ်တွေကတော့ စီးပွားရေးအကျိုးစီးပွားနဲ့ ဒေသတည်ငြိမ်မှုကို ထိန်းထားချင်တဲ့ သဘောမျိုးတွေ့ရတယ်။ သံတွဲ၊ ဂွ၊ အမ်းမြို့နယ်တို့မှာ တရုတ်နဲ့လေအားလျှပ်စစ် စီမံကိန်းတွေ လုပ်မယ်ဆိုတော့ အဲဒါကို မြန်မြန် အကောင်ထည်ဖော်ဆောင်တဲ့ သဘောမျိုးတွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်အား အရှိန်အအဟုန်မြှင့်၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဟုဆိုကာ မတ်လ ၁ ရက်က နေပြည်တော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၌ သံတွဲ၊ ဂွ၊ အမ်းမြို့နယ်တို့တွင် လေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်း ၃ ခု တည်ဆောက်ရန် တရုတ်နှင့် ဟောင်ကောင် ကုမ္ပဏီတို့ဖြင့် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အမ်းမြို့နယ်အတွင်း တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းတွင် ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်အတွင်း တည်ဆောက် မည့် လေအားလျှပ်စစ်စီမံကိန်းတွင် ၁၀၀ မဂ္ဂါဝပ်၊ သံတွဲမြို့နယ်အတွင်း တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း တွင် ၁၁၀ မဂ္ဂါဝပ် စသည်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နောက်တကြိမ်ခရီးစဉ်တွင်မူ စစ်ကောင်စီခေါင်းဆောင်နှင့်အဖွဲ့နှင့် ထိုင်းကာကွယ်ရေးဦးစီးချုပ် Chalermpol Srisawat တို့ သံတွဲမြို့၊ ငပလီကမ်းခြေ၌ တွေ့ဆုံကာ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ တိုးမြှင့်ရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာများက ထုတ်ပြန်သည်။

ယင်းပြင် ဖေဖော်ဝါရီလအတွင်း ရောက်ရှိခဲ့သည့် ခရီးစဉ်တွင်လည်း စစ်တွေမြို့ ၊ ဦးဥတ္တမခန်းမ၌ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အား စီးပွား ဖွံ့ဖြိုးအောင် ချေးငွေများ ထုတ်ချေးမည် ဖြစ်သလို နယ်စပ်ကုန်သွယ်မှု များကိုလည်း အဆင်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အလားတူ ယမန်နေ့ မတ်လ ၃၀ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော ခရီးစဉ်တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လိုက်လံတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးနေသည့်ကိစ္စရပ်များကို ထပ်မံပြောကြားခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင်း လုံခြုံရေးပိုင်းဆိုင်ရာများနှင့် ဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာများကို ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်းလည်း ပြောဆိုခဲ့သည်။

ထို့ပြင် နိုင်ငံံ့ဝန်ထမ်းများအနေဖြင့် မိမိဌာနနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရ မည် ဖြစ်ကြောင်း၊ မိမိတို့ အစိုးရသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့်အစိုးရ ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ဖွဲ့စည်းပုံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်းလည်း စည်းရုံးပြောဆိုသွားသည်။

ယင်းပြင် စစ်ခေါင်းဆောင်သည် မတ်လ ၃၁ ရက်နေ့ကလည်း စစ်တွေမြို့လယ်ရှိ လောကနန္ဒာ စေတီတော် ထီးတော် တင် အခမ်းအနားကိုလည်း ပြုလုပ်ခဲ့သေးသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၂၇ ရက်ကပြုလုပ်သော တပ်မတော်နေ့ အခမ်း အနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF အဖွဲ့နှင့် ၎င်းတို့ကို အကူအညီပေးနေသော တိုင်းရင်းသား လက်နက်ကိုင် တချို့အားလည်း ပြတ်ပြတ်သားသား ချေမှုန်းအရေးယူသွားမည်ဟုလည်း ကြွေးကြော်ခဲ့သေးသည်။

သို့အတွက် AA နှင့် အပစ်ရပ်စဲထားမှုကို ဆက်လက် ထိန်းထားကာ ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိနေသည့် တပ်မ ၇၇၊ တပ်မ ၅၅၊ တပ်မ ၁၁ စသည့် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တချို့မှာ ဗျူဟာအလိုက် ထုတ်နုတ်ပြီး တခြားသော တိုင်းရင်းသား နယ်မြေထဲသို့ ပို့ဆောင်ကာ စစ်ရေး ခင်းကျင်းနိုင်ကြောင်းလည်း နိုင်ငံရေးသုတေသီများက သုံးသပ် သည်။

You may also like these stories:

နိုင်ငံသား ၃ ဦး အသတ်ခံရပြီးနောက် နယ်စပ်ဂိတ်ပေါက်ငယ်များ အိန္ဒိယပိတ်ထား

ကျောက်တော်မှ စစ်ရှောင်စခန်း ၃ခု မတ်လကုန် ပိတ်သိမ်းမည်

AA နှင့် ဆက်နွယ်သည့် ဗဟိုကော်မတီဝင်များ နုတ်ထွက်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆုံးဖြတ်

ရခိုင်၌ စီးပွားရေးများ တိုးချဲ့ပေးမည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ယုံကြည်ရန်ခက်

အာဏာသိမ်း ၂ နှစ်တာ ကာလ ရခိုင့်နိုင်ငံရေး

Loading