အိန္ဒိယနိုင်ငံသား ၃ ဦး နယ်စပ်တွင် သတ်ဖြတ်ခံရပြီးနောက် မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်ရှိ နယ်စပ်ဝင်ပေါက် ၃ ခုကို မတ်လ ၂၉ ရက်မှစပြီး အိန္ဒိယဒေသခံတို့က ယာယီပိတ်ထားလိုက်သည်။
ယင်း နယ်စပ်ဝင်ပေါက် ၃ ခုမှာ နှစ်နိုင်ငံ အစိုးရက ဖွင့်လှစ်သည့် ဂိတ်များမဟုတ်ဘဲ နှစ်ဘက် နယ်စပ်လူထု အချင်းချင်း ကူးလူးဆက်ဆံရန် နားလည်မှုဖြင့် ဖွင့်ထားသည့် အဝင်အထွက်ပေါက်များ ဖြစ်ကြောင်း၊ အာဏာသိမ်းမှုနောက်ပိုင်း ချင်း တိုင်းရင်းသားများ အဓိက ဝင်ထွက်သွားလာနေသည့် အလွန်အရေးပါသည့်ဂိတ်များ ဖြစ်နေကြောင်း ချင်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း များက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်က အိန္ဒိယနိုင်ငံသား လာလ်ထာဖန်ကိမ်ဟာ၊ ဘာဘလိုနှင့် ချင်းတိုင်းရင်းသူ ဒေါ်ဗျက်ရွှေတို့ ၃ ဦး၏ အလောင်းများ မြန်မာဘက်ခြမ်းတွင် တွေ့ခဲ့ပြီးနောက် ပြဿနာများ မရှုပ်ထွေးစေရန် မီဇိုရမ်ပြည်နယ်နေ ချင်းတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများက ထိုဝင်ထွက်ပေါက်ဂိတ်များကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလ်ိုင်းထက်နီက ဧရာဝတီကို ပြောသည်။
၎င်းက “အမှုဖြစ်ပွားမှုနဲ့ ပတ်သက်ပြီးတော့ ဟိုဘက်မှာနေတဲ့ ချင်းလူမျိုးလူငယ်အဖွဲ့အစည်းတွေက လုံခြုံရေးနဲ့ ပြဿနာ တွေ မရှုပ်ထွေးအောင် ထန်တလန်မြို့ကနေ မီဇိုရမ်ပြည်နယ် စိုင်ဟားမြို့ကိုသွားတဲ့ ဂိတ် ၃ ခုကို ယာယီသဘော ပိတ်ထား တာ။ ကျနော်တို့ကိုလည်း အဲဒီဘက်မှာနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးဖို့ တောင်းဆို ထားတာ ရှိပါတယ်” ဟု ဆိုသည်။
အသတ်ခံရသူ ၃ ဦးသည် မတ်လ ၁၉ ရက် နံနက်ပိုင်းက မီဇိုရမ်ပြည်နယ် စိုင်ဟားမြို့မှ ကားတစီးဖြင့် နယ်စပ်သို့ ထွက်ခွာ ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ၄ ရက်အကြာ အနီးဝန်း ကျင်ရှိ ရွာသားများက တွေ့ခဲ့ခြင်းသည်။
သေဆုံးသူ အသက် ၄၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဒေါ်ဗျက်ရွှေသည် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသူတဦးဖြစ်ကြောင်း၊ ၎င်းတို့ စီးလာသည့်ကားမှာလည်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေကြောင်း သိရသည်။
အိန္ဒိယရဲတပ်ဖွဲ့နှင့် သေဆုံးသူများ၏ မိသားစုဝင်များကမူ လူသတ်မှုကျုးလွန်သူများသည် ချင်းတော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း စွပ်စွဲထားသလို မသင်္ကာသူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း ချင်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
ဆလိုင်းထက်နီက “သူတို့ကို နယ်စပ်ခေါ်သွားတဲ့လူတွေက CDF တပ်ဖွဲ့နဲ့ ပတ်သက်နေတဲ့လူတွေဆိုတော့ သူတို့ စွပ်စွဲ တာလည်း မမှားပါဘူး။ အမှုမှန်ပေါ်မှာပါ။ ကျနော်တို့ကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုအသတ်ခံရသည့် အိန္ဒိယနိုင်ငံသား ၂ ဦးသည် ဖေဖော်ဝါရီလက နယ်စပ် ရွာတရွာသို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင် (CDF) ဟု ယူဆရသည့် အမျိုးသား ၂ ဦးနှင့်အတူ ရောက်လာခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများ ရေးသားသည်။
လူသတ်မှုဖြစ်စဉ်တွင် CDF မင်းတပ်နှင့် ပတ်သက်မှုရှိသည်ဆိုသော ဖေဝန်မှုများလည်း ထွက်ပေါ်လာခဲ့ရာ CDF မင်းတပ် အနေဖြင့် စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း၊ စုံစမ်းချက်များအရ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် ငွေးကြေးကိစ္စနှင့် ပတ်သက်နေသည်ဟု ကြားရသဖြင့် များစွာစိတ်မကောင်း ဖြစ်ရကြောင်း မတ်လ ၂၉ ရက်စွဲဖြင့် CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။
CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “အဝင်အထွက် မလုပ်ရဘူး ဆိုပြီး ပိတ်ထားတာတော့ ဟုတ်တယ်။ ဘယ်လို ပိတ်ထားတယ်ဆိုတာတော့ မတွေ့ဘူး။ အဓိကတာ့ လူသတ်မှုကြောင့် ဖြစ်မယ်။ ဒီလို ပိတ်တယ်ဆိုကလည်းက ဟိုဘက်မှာရှိတဲ့ ချင်းလူအဖွဲ့အစည်းက ပြဿနာတွေ မရှုပ်ထွေးအောင်ဆိုပြီး ဒေသအာဏာပိုင်တွေနဲ့ တိုင်ပင်ပြီး ပိတ်တာ ဖြစ်လိမ့်မယ်” ဟု ပြောသည်။
မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ရှောင်များအတွက် လိုသောပစ္စည်းဝယ်ရန် စစ်ရှောင်အရေးဆောင်ရွက်သူ မြိုင်နယ်ခံ ကိုဂျက် ဆိုသူနှင့် မင်းတပ်မြို့နယ်နေ ဆလိုင်းအောင်လိန်းတို့မှ မီဇိုရမ်ပြည်နယ်တွင် နေထိုင်သူတဦးကို ယုံကြည်စွာဖြင့် ငွေများပေး အပ်လိုက်ကြောင်း၊ ယင်းငွေကို ပြန်လည်တောင်းသည့်အခါ လူသတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဆလိုင်းအောင်လိန်းမှာ CDF မင်းတပ် တပ်ဖွဲ့ဝင်မဟုတ်သည့်အတွက် လူသတ်မှုမှာ CDF မင်းတပ်အနေဖြင့် မည်သို့မျှ ပတ်သက်မှုမရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး ချင်းတိုင်းရင်းသားများ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံနေရမှုတွင် ဒေသ အာဏာပိုင်များ၊ မီဇိုရမ်ရှိ ချင်တိုင်းရင်းသား၊ NGO အဖွဲ့ အစည်းများက ထောက်ပံ့ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေး သည့် အတွက်လည်း ကျေးဇူးတင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တခုလုံးနီးပါးအား စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လက်ရှိ ထိုးစစ်များဆင်နေရာ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီခန့်ကလည်း ထန်တလန်မြို့နယ်၊ ခွါဖိုကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် အပါအဝင် ၁၀ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ ဦးထိ ရှိခဲ့သည်။
ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက “ဗုံးလာကြဲတာက ဘာတိုက်ပွဲမှလည်းမရှိဘဲ ပြည်သူကို ဦးတည်ပြီး တိုက်ခိုက်နေတာ။ တိုက်ပွဲ ပြင်းထန်လာရင်တော့ နယ်စပ်ကို ထွက်ပြေးတဲ့ပြည်သူတွေက များလာမယ်။ အဲဒီအချိန်ကျရင်တော့ အခုပိတ်ထားတဲ့ဂိတ်တွေကို ပြန်လည် ဖွင့်ပေးမယ်လို့ ယူဆတယ်။ ဟိုဘက်ကလည်း ဒုက္ခသည် အရေး စာနာနားလည်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
You may also like these stories :
စစ်ကောင်စီက “အသွင်ကူးပြောင်းရေး” လုပ်ခဲ့ရင်
မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်
စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး
အိန္ဒိယနိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်